“နောက်တခါ သားနဲ့ ဖုန်းပြောဖြစ်ရင်”
ရွယ်မိုး
ကျမ ဘုရားဝတ်ပြုပြီး ကြေးစည်လေးကို ကောက်ကိုင်လိုက်တယ်။ နှုတ်ကနေလည်း မတိုးမကျယ် မေတ္တာပို့နေတယ်။
“လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဘေးရန်ခပ်သိမ်း ကင်းစင်ဝေး ငြိမ်းအေးကြပါစေ “
မေတ္တာပို့ပြီးနောက်မှာတော့ ကြေးစည်ကို သစ်သားတူလေးနဲ့ နှက်လိုက်တယ်။
“နှောင် … နှောင် …”
“အရှင်ဘုရား ဘုရားတပည့်တော်မ ရင်နှစ်သည်းချာ သားလေးလည်း ဘေးမသီ ရန်မခဘဲ ကိုယ်စိတ်ကျန်းမာပါစေ ဘုရား”
လေမတိုက်ပါဘဲ သစ်သားတံခါးတချပ်ဟာ ကျွီကနဲမြည်ရင်း ခပ်ဖြည်းဖြည်း ပိတ်လာတယ်။ ပတ္တာ ချောင်လွန်းလို့ နေမှာပါလေလို့ ကျမ တချက်စောင်းငဲ့ကြည့်ပြီး အမှုမဲ့ အမှတ်မဲ့ပါပဲ။
ဒီနေ့ကျမှ ကုန်စုံဆိုင်ကလေးကလည်း အရောင်း ပါးလိုက်တာ။ ကျမစိတ်က အတွေးတွေ များနေတယ်။ သား အကြောင်းက ခေါင်းထဲဝင်လာတယ်။ သား အဆင်မှ ပြေရဲ့လားပဲ။ နောက်ဆုံးတခေါက် ဖုန်းပြောဖြစ်ကြတာက လွန်ခဲ့တဲ့အပတ် စနေနေ့ကပဲ။ သား ရှေ့တန်းသွားရမယ်လို့ သိထားရတယ်။ သားကို ဘာမှတော့ သိပ်များများစားစား မပြောဖြစ်ပါဘူး။ ငွေလိုသေးလားလို့ပဲ မေးနေကျအတိုင်း မေးမိတယ်။ သား တခုခု ပြောချင်နေပုံရတယ်။ ဒါပေမယ့် သားက ဘာမှဆက်မပြောဘဲ နှုတ်ဆက်ပြီး ဖုန်းချသွားတာပါပဲ။
ကျမအတွေးတွေက ဟိုးဆယ်စုနှစ်များစွာဆီ အာရုံလွင့်သွားတယ်။ မိဘ သဘောမတူတာကို ကလန်ကဆန်လုပ် ပြီး ခိုးရာလိုက်ခဲ့၊ မိဘက အမွေဖြတ်လည်း ယုံကြည်ရာ အချစ်တခုအတွက် တရပ်တကျေးမှာ ခပ်ပျော်ပျော်ပါပဲ။ အိမ်ထောင်ကျစ လေးငါးနှစ်အထိ သားသမီး မထွန်းကားခဲ့ဘူး။ သားကို ဝမ်းနဲ့လွယ်နေရမှန်းတောင် ကိုယ်တိုင် မသိသေးခင်မှာပဲ သားအဖေဟာ အိမ်ထောင်ရေးဖောက်ပြန် မယားငယ် ထားခဲ့တယ်။
မာနကြီးပြီး ကိုယ်ကျင့်တရားကို တန်ဖိုးထားသူပီပီ သားအဖေနဲ့ ကွာရှင်းပြတ်စဲခဲ့တယ်။ မကြာခင်မှာပဲ သားကို ကိုယ်ဝန်လွယ်ထားရကြောင်း သိလိုက်ရချိန်မှာ ဒီသွေးကို မလိုချင်ဘူးလို့ တူးတူးခါးခါး မုန်းခဲ့ပေမယ့် ဖျက်မချပစ်ရက် ခဲ့ပါ။
ကျမ ကိုယ်ဝန်နုစဥ်မှာပဲ နောက်တမြို့ကို ပြောင်းခဲ့တယ်။ ပတ်ဝန်းကျင်ကိုလည်း လင်ယောကျ်ားသေတဲ့ မုဆိုးမလေးအဖြစ်ပဲ သိထားစေခဲ့တယ်။ အိမ်ထောင်သက်အတွင်း စီးတဲ့ရေ ဆည်တဲ့ကန်သင်း အစုအဆောင်း ကောင်းသူပီပီ ရှိသမျှ ငွေကြေးကလေးနဲ့ အိမ်ဆိုင်ကလေး ဖွင့်တယ်။ သည့်နောက်မှာ သားကို မွေးဖွားခဲ့တယ်။ သားကို မျက်နှာမငယ်ရအောင် ပြုစုပျိုးထောင်ခဲ့ပေမယ့် သားမျက်နှာဟာ ဖအေမျက်နှာနဲ့ သိပ်တူတာမို့ သားမျက်နှာ မြင်ရတိုင်း သစ္စာပျက်ယွင်းနေသူကို စိတ်အနာကြီးနာ သားကိုလည်း ထူးပြီး ချစ်မပြတတ်ခဲ့ပြန်ပါဘူး။
သားက သိပ်အနေအေးတာပဲ။ ဘုရားတရား လုပ်တယ်။ စိတ်ရင်းကောင်းပြီး သူတပါးအပေါ် ကူညီတတ်တာတွေရောပဲ။ ပညာရေးလည်း မလစ်ဟင်းပဲ တနှစ်တတန်း ပုံမှန်အောင်တယ်။ ငယ်တုန်းက သားမှာ အဖေမရှိဘူးလားလို့ မေးတော့ နင့်အဖေ သေတာကြာပြီ ထပ်မမေးနဲ့လို့ စိတ်ဆိုးမာန်ဆိုး ဆူငေါက်ခဲ့တဲ့နောက်ပိုင်း သားဟာ လုံးဝ ထပ်မမေးတော့ဘူး။
သားဘဝတလျှောက်လုံးမှာ ကျမအနေနဲ့ သားကို ချစ်တယ်လို့ ပွေ့ဖက်ခဲ့ဖူး ၊ နမ်းရှုံ့ခဲ့ဖူးတာ ဘယ်နှကြိမ် ရှိခဲ့သလဲ ပြန်စဥ်းစားရင် မရှိခဲ့ဘူး ထင်ပါရဲ့လေ။ ဝမ်းနဲ့လွယ်မွေးတဲ့ သားအပေါ် မိခင်မေတ္တာ မရှိလိုက်တာလို့ အပြစ်တင် လာရင်လည်း ကျမက ခပ်အေးအေး တုံ့ပြန်မိမှာပဲ။ မွေးတုန်းက မိခင်စိတ်ကလေး ဝင်ခဲ့ပေမယ့်လည်း မွေးကင်းစ မှာတင် ဖအေတူလွန်းတဲ့ သားကိုကြည့်ပြီး နို့တိုက်နေရင်းက မျက်နှာလွှဲခဲ့မိတာလည်း အကြိမ်ကြိမ်ပါပဲ။
ဒါပေမယ့် မိခင်စိတ်နဲ့ မာနတရားဟာ လွန်ဆွဲခဲ့တယ်။ သားကို ချစ်လာနိုင်ခဲ့ပေမယ့် သိသိသာသာ ချစ်မပြမိအောင် နေခဲ့ပါတယ်။ ချစ်တာကို ထုတ်မပြတတ်ခဲ့ဘဲ သား လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတာနဲ့ပဲ ချစ်ပြတတ်ခဲ့တယ်။
ဒီလိုနဲ့ သားဟာ တတိယနှစ် တက္ကသိုလ်ကျောင်းသားကြီး ဖြစ်လာပြီ။
နိုင်ငံကို စစ်တပ်က အာဏာသိမ်းတာနဲ့ ကြုံရတယ်။ သားက အာဏာသိမ်းစစ်တပ်ကို ရရာလက်နက် စွဲကိုင် တိုက် ခိုက်ဖို့ အိမ်က ထွက်သွားမယ်လို့ အသိပေးတုန်းက ကျမ အိပ်မပျော်ခဲ့ဘူး။ မနက်ဖြန်ဆို သား ထွက်သွားတော့မှာပဲ။
လင်းကြက်တွန်လို့ မိုးတောင် လင်းနေမှပဲ။ သားကြိုက်တတ်တဲ့ နက်စ်ကော်ဖီ ခါးခါးဖျော်ဖို့ ရေနွေး ထတည်ဦးမှပါလေ။
သား နိုးလာပြီ။ သား မနက်စာ စားနေတုန်းမှာပဲ ကျမ ကုတင်အောက်က သံသေတ္တာကလေးကို ဖွင့်လိုက်တယ်။ ကြွပ်ကြွပ်အိတ် အထုတ်ကလေးတထုတ် ဆွဲထုတ်လိုက်တယ်။ သုံးသိန်းလောက်တော့ ရှိမှာပါလေ သားကို ထည့်ပေးလိုက်ရမယ်။
သား ကန်တော့တာကို ခံယူပြီး ကျမ မျက်ရည်ဝိုင်းလာပေမယ့် မျက်မှန်အောက်က မျက်ဝန်းတွေကို ပုတ်ခတ်ပုတ် ခတ်လုပ်ရင်း ဘာဆုမှ မပေးဖြစ်ဘူး။ ကျမ အသံထွက် ဆုပေးမိရင် သေချာပေါက် ငိုမိလိမ့်မယ်ထင်ရဲ့။
ကျောခိုင်းထွက်ခွာသွားတဲ့ သားကို ပြူတင်းဝကနေ လှမ်းမျှော်ကြည့်ရင်း ပြေးဖက်ချင်မိလာတယ်။ ဒါပေမယ့် သားက ကျမနဲ့ အတော်လေး ဝေးသွားခဲ့ပြီ။
သား နောက်တန်းမှာ ရှိချိန်တိုင်း မကြာမကြာ အဆက်အသွယ်ရရဲ့။ သားဘက်က ဖုန်းပြောနေရင်း စကားမဆက်မိဘဲ အကြာကြီး တိတ်ဆိတ် သက်ပြင်းခိုးချတာလည်း ကျမ သိလိုက်ပါရဲ့။ ကျမကလည်း အပိုအလို သိပ်မပြောဘဲ သားဖုန်းဆက်တိုင်း ငွေလိုလို့လားပဲ မေးဖြစ်တယ်။ တကယ်တော့ ကျမအနေနဲ့ သားကို ဘယ်လောက်လွမ်းကြောင်း၊ နေ့တိုင်း သတိရကြောင်းတွေ စီကာပတ်ကုံး ပြောပြချင်နေမိတာပါ။
ပြီးခဲ့တဲ့ စနေနေ့တုန်းက သားနဲ့ ဖုန်းပြောဖြစ်ရဲ့။ သား ရှေ့တန်း သွားရမယ်လို့ သိရတယ်။ ယခင်အတိုင်းပါပဲ။ သားက မြုံစိစိနဲ့ တခန တိတ်ဆိတ်သွားပြန်တယ်။ ပြီးတော့ သား ဖုန်းချသွားခဲ့တယ်။
သား နောက်တန်းပြန်ရောက်လို့ ဖုန်းခေါ်လာရင်တော့ ကျမ ဟန်မဆောင်တော့ဘူးရယ်။ သားကို အမေ ချစ်ပါတယ်၊ အမေ့သားကို အမေ ချစ်တာပေါ့၊ အမေ့ကို ခွင့်လွှတ်ပေးဖို့နဲ့ သားနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းသွားကြမယ့်အကြောင်း ကတိပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ အို သားသိရင် သိပ်ဝမ်းသာသွားမယ် ထင်တာပဲ။ ကျမဆီ သား ဖုန်းထပ်ဆက်လာမယ့်နေ့ကို မြန်မြန် ရောက်ချင်လှပြီ။
ဟော ကျမ စိတ်ဆန္ဒ ပြင်းပြလွန်းလို့ ထင်ပါရဲ့။ အလွတ်ရနေကျ သားရဲ့ ဖုန်းနံပါတ်ကလေးနဲ့အတူ ဖုန်းခေါ်သံ မြည်လာရဲ့။ ကျမ ဖုန်းကို ကောက်ကိုင်လိုက်တယ်။ ကျမ ဘာမှ မပြောရသေးခင်မှာဘဲ တဘက်က စကားပြောလာတယ်။ ဒါ သားအသံ မဟုတ်ဘူး။ သားတို့ဆီက ရဲဘော်တယောက်ပဲ။
“ဟယ်လို အန်တီလား ကို (…) ရဲ့ မေမေလားခင်ဗျ၊ နေကောင်းရဲ့လား အန်တီ …”
“ဟုတ်ကဲ့ အန်တီက သား ရဲ့ မေမေပါ …”
“ဟုတ်ကဲ့ ပြောရမှာတော့ ဝမ်းနည်းပါတယ် အန်တီ စိတ်ခိုင်ခိုင်ထားပါခင်ဗျ ကို (…) လက်နက်ကြီးအစ မှန် …”
အို ကျမ နှလုံးသွေးတွေ ရပ်တန့်သွားပြီ ထင်တာပဲ။
ကျမ ဘာသံမှ မကြားရတော့ဘူး။ ကျမ စိတ်နဲ့လူ သတိပြန်ကပ်တဲ့အချိန်မှာ မျက်ရည်တွေက ပါးပြင်ပေါ် အဆီးအတားမရှိ။ ကျမသားကို ရအောင် ပြန်ခေါ်ပေးကြပါလို့ တတွတ်တွတ် ရွတ်ရင်း သားကို ဘယ်လောက်မြတ်နိုးရကြောင်း အသေအချာပြောပြချင်တဲ့ ဆန္ဒဟာ ဝေဝါးသွားခဲ့ …
(စာရေးသူ မှတ်ချက်။ ။ ဒီဝတ္ထုတိုဟာ အမေဖြစ်သူရဲ့ ခံစားချက်အနေနဲ့ ရေးဖွဲ့ခဲ့တာဖြစ်ပြီး သားဖြစ်သူရဲ့ခံစားချက် “နောက်တခါ ဖုန်းခေါ်ဖြစ်ရင်” ဝတ္ထုတိုရဲ့ အဆက်လို့ ဆိုနိုင်ပါတယ်။ ရှေ့ဝတ္ထုတိုမှာ သားဖြစ်သူ ကျဆုံးသွားကြောင်းကို ရေးခဲ့ပေမယ့် တကယ် ကျဆုံးသလားဆိုတာတော့ စာဖတ်သူတွေ အပ်ကျမတ်ကျ မသိပါဘူး။ ဒါ့အပြင် ကနဦး နဂိုရည်ရွယ်ချက်မှာ သားဖြစ်သူ ကျဆုံး၊ အမေဖြစ်သူ ဝမ်းနည်းကြေကွဲ ကျန်ခဲ့လို့ ဇာတ်သိမ်းရန် စဥ်းစားခဲ့ပေမယ့် ဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ပြည်သူလူထုအတွက် စိတ်ချမ်းမြေ့စရာ ဇာတ်သိမ်းကလေး ဖြစ်စေဖို့ရာ စိတ်ကူးပြောင်းခဲ့၊ ဇာတ်လမ်းကို စာရေးသူ လိုအပ်သလို ပြင်ဆင်ပြီး စိတ်ချမ်းသာဖွယ် ပြောင်းလဲရေးဖွဲ့နိုင်ခဲ့ပေမယ့် ထိုစိတ်ကူးကို အကောင်အထည် မဖော်ဖြစ်ဘဲ နဂိုရည်ရွယ်ရင်းအတိုင်းပဲ ရေးခဲ့လိုက်ပါတယ်။)
Be the first to comment