နေ့တိုင်း ထိုးကိုက်နေတဲ့ ခေါင်းတွေ

by The Call
129 views
“နေ့တိုင်း ထိုးကိုက်နေတဲ့ ခေါင်းတွေ”
◼️မောင်မိုးအေး
ဘာကို ခံစားရမလဲမေးတော့ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်နေတဲ့ ပတ်ဝန်းကျင်ကိုသာ တွေ့။ ဘယ်လိုခံစားရမလဲမေးတော့ နှလုံးသားက ဘယ်ကျကျန်ခဲ့သည် မသိ။ ခေါင်းတွေသာ ထိုးကိုက်လာသည်။ လက်ညှိုးမကွေးခင် ချစ်တတ်ဖို့လိုကြောင်း တဖွဖွပြောကြသည့် ဒဿနတွေကို ဆင်ခြင်ရင်းသာ နှလုံးသားက လုံးပါးပါးခဲ့ရသလားလို့ တွေးမိလာသည်။
အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်နေတဲ့ ပတ်ဝန်းကျင်ကို နှာခေါင်းသွေးတိတ်ဖို့ အရင်ကြိုးစားရမည်။ သွေးတိတ်ဖို့ လိုနေသည်။ ဘာနေနေ နည်းမျိုးစုံသုံးမည်ဟု စဉ်းစားလိုက်ကတည်းက လူက ပေါ့ပါးသွားသည်။ တပြိုင်တည်းမှာလည်း လေးကန်သွားသည်။ သင်တန်းဆင်းပွဲမှာ လက်နက်ပေးအပ်ခြင်းခံရသည့် ရဲဘော်တယောက်ရဲ့ ခံစားမှုမျိုးပင်ဖြစ်သည်။ မောင်းပြန်သေနတ်တလက်က ပေးတဲ့ ခံစားချက်တွေက ရှုပ်ထွေးပွေလီ မွှေနှောက်နိုင်လွန်းသည်။
တကယ်တမ်း လက်ညှိုးကွေးတတ်ဖို့ သင်ယူရင်း တတ်မြောက်သွားရတာက လက်ညှိုး ပတ်မထိုးတတ်ဖို့။ ရင်ဘတ်ကြီးနဲ့ ခံယူတတ်ဖို့။ ဒါနဲ့လည်း ထပ်စဉ်းစားမိပြန်တော့ ရင်ဘတ်ကြီးနဲ့ ခံယူရင်းပဲ နှလုံးသားနေရာက အပေါက်ကြီး ဖြစ်သွားတာလား မသိ။
လာရာလမ်းကို ပြန် ကြည့်ကြည့်၊ သွားရမည့်လမ်းကို လှမ်း ကြည့်ကြည့် ခွဲခွါခဲ့ရတဲ့လူတွေ၊ ခွဲခွါရမည့်လူတွေက အများသား။ ရင်ဘတ်နဲ့ရင်းပြီး ခင်ခဲ့တဲ့လူတွေနဲ့ ဝေးသွားတဲ့အခါ နှလုံးသားကို ပေးဆပ်လိုက်ရသည်။ ဒီ နှလုံးသားလမ်းခွဲမှတ်တိုင်တွေက ရင်နဲ့ရင်းပြီး စိုက်ရတာပဲလို့ သိလာရသည်။ ဒါနဲ့ပဲ ပဲ့ကြွေသွားတဲ့ နှလုံးသားတွေ။
ဘာကို ခံစားရမလဲ မေးတော့ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်နေတဲ့ ပတ်ဝန်းကျင်ကိုသာ တွေ့။ ဘယ်လိုခံစားရမလဲမေးတော့ နှလုံးသားက ဘယ်ကျကျန်ခဲ့သည် မသိ။ ခေါင်းတွေသာ ထိုးကိုက်လာသည်။ ရှေ့လျှောက်ပေးဆပ်စရာက နေ့တိုင်းထိုးကိုက်နေတဲ့ ခေါင်းသာကျန်သည်။ မြန်မြန်သွေးမတိတ်ရင် ရူးသွားနိုင်သည်။ ဒီသွေးတိတ်ဖို့ အရေးသာ …
14th September 2023
2:09 pm

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment