2
ညီလင်းအိမ်
“နျူရင်ဘာ့ဂ်က စီရင်မှု”
နျူရင်ဘာ့ဂ်တွင် စီရင်ခြင်းဆိုလို့ ဒီရုပ်ရှင်က နာဇီခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုရခြင်းအမှုကို အလေးပေး ဖော်ပြတာမျိုးတော့ မဟုတ်ဘူး။ စီရင်ခံရသူ ခေါင်းဆောင်ဟောင်း ဂိုရင်းနဲ့ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်ကလပ် ကယ်လီတို့အကြားက အခြေအနေကို ပိုပြီး မြင်ရတဲ့ ဇာတ်ကြောင်း ဖြစ်တယ်။ ကြည့်ရှုရသူ ကျနော်တို့အနေနဲ့ တရားစီရင်ကြသူတွေရဲ့ ခံစားမှုနဲ့အတူ ထပ်တူရှိကြမလား၊ ဒေါက်ကလပ်နဲ့အတူပဲ ရပ်တည်ကြမလား ဆိုတာကို ရုပ်ရှင်ကနေတဆင့် မေးခွန်းထုတ်စေပါတယ်။ ပြီးတော့လည်း ဖြစ်ရပ်မှန်ကို အခြေခံတာ ဖြစ်တဲ့အတွက် ယင်းခေတ်ကနေတဆင့် လက်ရှိမျက်မှောက်ကာလကိုလည်း သုံးသပ်စေမိတာမျိုးတွေကို ဖြစ်လာစေပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးသွားတော့ နာဇီဂျာမန်တို့ စစ်ရှုံးပါတယ်။ စစ်ရှုံးတာနဲ့အတူ စစ်အတွင်းက ကျူးလွန်ခဲ့ကြတဲ့ ရာဇဝတ်မှုတွေ အတွက်လည်း အရေးယူခံရပါတယ်။ သူတို့တွေဟာ လက်ရှိအချိန်အထိ လူ့သမိုင်းမှာ မကျူးလွန်ဖူးတဲ့ အဆ်ိုးဝါးဆုံး ရာဇဝတ်မှုတွေကို ဖန်တီးခဲ့ကြတယ်။ လူသန်းပေါင်းများစွာကို နှိပ်စက်သတ်ဖြတ်ခဲ့ကြတယ်။ ဒါတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ခံစားခဲ့ကြရတဲ့ ကျန်ရစ်သူတွေက ဘယ်လိုလုပ်ပြီး ခွင့်လွှတ်နိုင်ကြမလဲ။ သူတို့တွေကို တွေ့တဲ့နေရာတင် လက်နက်နဲ့ ဖြစ်ဖြစ် စီရင်ကြဖို့ အားထုတ်ကြတယ်။ သို့ပေမဲ့ လက်နက်ကို လက်နက်နဲ့ပဲ ပြန်လည်တုံ့ပြန်ခြင်းဆိုတာ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်။ သူတို့တွေ ဘာကြောင့် ဒီလိုတွေ လုပ်ခဲ့ကြသလဲ၊ ဒီလိုလုပ်ခြင်းအားဖြင့် လူ့အဖွဲ့အစည်း အတွင်းမှာ မှန်ကန်တဲ့ ပြောင်းလဲမှု ရှိခဲ့သလား၊ နောင်အနာဂါတ်ကာလတွေမှာ အခုလို ဖြစ်ရပ်မျိုးတွေ ထပ်မံ မဖြစ်ပေါ်လာစေဖို့အတွက် ဓမ္မဓိဌာန် ကျကျနဲ့ တရားစီရင်ခြင်းကသာလျှင် အသင့်တော်ဆုံး လုပ်ဆောင်မှုလို့ မှတ်ယူကြတဲ့အတွက် နျူရင်ဘာ့တ်မြို့မှာပဲ လက်ရဖမ်းဆီးမိတဲ့ နာဇီတွေကို တရားစွဲဆိုလိုက်ကြတယ်။ နျူရင်ဘာ့ဂ် တရားခွင်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ပထမဆုံးစွဲဆိုတဲ့ တရားခွင် ဖြစ်တယ်။
ဒီကာလမှာပဲ ဆရာဝန်လေး ဒေါက်ကလပ်နဲ့ ဂိုရင်းတို့ ဆုံတွေ့ကြရတယ်။ ဖမ်းဆီးရမိသူ နာဇီစစ်ဗိုလ်ချုပ်ကြီး ဟာမန် ဂိုရင်းဆိုတာက ဟစ်တလာရဲ့ အရေးပါဆုံး လက်ရုံးစစ်ဗိုလ်ချုပ်တွေထဲက တယောက်ဖြစ်ပြီး ဟစ်တလာပြီးလျှင် ဆက်ခံမည့် သူတဦီးအဖြစ်နဲ့လည်း ကျော်ဇောပါတယ်။ ဟစ်တလာကို ဘုန်းမီးနေလတောက်ပလာစေအောင် ကြိုးပမ်းခဲ့ကြသူတွေထဲမှာ သူကလည်း စွမ်းစွမ်းတမံပါဝင်ခဲ့သူဖြစ်ပြီး လေတပ်ကို ဦးစီးရတဲ့ စစ်ဗိုလ်ချုပ်ဖြစ်တယ်။ သူလိုလူပုဂ္ဂိုလ်တယောက်ကို ဒေါက်တာ ဒေါက်ကလပ်မှာ ဆုံရ တော့ သူ့အနေနဲ့ စူးစမ်းလေ့လာချင်တဲ့ အကြောင်းအရာတွေ များပြားနေတာကို တွေ့မြင်ရပါတယ်။
စိတ်ကျန်းမာရေး ဆရာဝန်ပီပီ ဒီလူတွေမှာ ဘာလို့ အခုလို ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြသလဲ။ ဖက်ဆစ်ဝါဒ၊ နာဇီဝါဒကို ထောက်ခံသူ တယောက်ဖြစ်လာစေအောင် ဘယ်အရာတွေက တွန်းပို့လိုက်သလဲ အစရှိလို့ သိလိုစိတ်တွေ ပြင်းပြနေခဲ့တယ်။ နျူရင်ဘာ့ဂ်က တာဝန်ရှိသူတွေကတော့ အဲဒါတွေကိုလည်း စိတ်ပါဝင်စားပုံ မပေါ်ပါ။ သူတို့အနေနဲ့က ဒီရာဇဝတ်ကောင်တွေကို လူရာသွင်း စကားပြောဖို့ကို အကြောင်းမရှိ။ စီရင်မှု မပြီးသေးခင် စပ်ကြားမှာ ဆူဆိုက်လုပ်သွားမှာ စိုးရိမ်တဲ့ အတွက်သာ ဒေါက်တာဒေါက်ကလပ်တို့လို လူတွေကို အနားမှာ ရှိထားစေတာမျိုး။
နျူရင်ဘာ့ဂ်တရားခွင်ဟာ ဂိုရင်းဘက်က ကြည့်ရင်တော့ နိုင်သူတွေစီရင်တဲ့ တရားရုံးပဲ။ သူ့အနေနဲ့ အခုလို ဖြစ်ပျက်ခဲ့သမျှတွေဟာ အမှားရယ်လို့လည်း မဟုတ်။ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့မှုလို့ပဲ ထွက်ဆိုကာကွယ်တယ်။ ဒေါက်ကလပ်မှာတော့ တရားခွင်မှာ ပြသတဲ့ စစ်အတွင်းက နာဇီတွေရဲ့ ကျူးလွန်မှုတွေကို မြင်လိုက်ရတဲ့အခါမှာ သွေးပျက်သွားတယ်။ သူအနေနဲ့က ကနဦး မှတ်ယူခဲ့မှုမျိုးက နာဇီစစ်ဗိုလ် ဂိုရင်းဟာ ပထမကမ္ဘာစစ်ကတည်းက စစ်ရှုံးခဲ့တဲ့ ကိစ္စတွေကနေ တည်လာခဲ့ရတဲ့ အမုန်းတွေ၊ နာကျင်မှုတွေကနေပဲ ဒီလိုဖြစ်ရပ်တွေအကြားကို ရောက်ရှိသွားတဲ့သူလို့ပဲ ထင်မြင်ထားမျိုး ဖြစ်တယ်။ စစ်ပညာထူးချွန်သူ၊ အနုပညာကို ခံစားသက်ဝင်နိုင်စွမ်း ရှိသူ၊ ပင်ဂိုဉာဏ် ထက်မြက်တဲ့ လူတယောက်အနေနဲ့ အခုလို ကိစ္စမျိုးတွေမှာ ပါဝင်ထောက်ခံမယ့်သူ မဟုတ်လို့ပဲ မှတ်ယူထားမိပုံမျိုး။ သူနဲ့ စကားပြော၊ ဆွေးနွေးခဲ့ကြတဲ့ ကာလတွေမှာလည်း ဂျူးတွေကို ကျူးလွန်ခဲ့တဲ့အမှုတွေမှာ သူနဲ့ မသက်ဆိုင်ခဲ့ကြောင်းပဲ ပြောခဲ့တယ်။ သူလိုပဲ သီးခြားတာဝန်ယူခဲ့တဲ့ ဗိုလ်မှုးဟင်းမလားရဲ့ တာဝန်တွေ ဖြစ်ကြောင်းသာ ပြောဆိုတယ်။ ဒေါက်ကလပ်တို့ မှတ်တမ်းရုပ်ရှင်ကို ကြည့်ရတဲ့ အချိန်မှာ ဒီအရာတွေကို ဂိုရင်းတို့ မသိရှိဘူးဆိုတာကို လုံးဝလက်သင့်ခံ မရတော့။ အကျဥ်းစခန်းဝမှာ ထပ်ပုံထားတဲ့ အလောင်းတွေ၊ အစာရေစာ မစားရတော့တာဖြစ်လို့ သေငယ်ဇောနဲ့ မျောနေတဲ့ အလောင်းပုံတွေ အကြားကလူတွေ။ ဒီမြင်ကွင်းတွေက မြင်ရတဲ့ ဘယ်သူကိုမဆို ဒေါသထွက် ဝမ်းနည်းရ စေမှာပဲ။ ဘာကြောင့်လဲ။ ဘာလို့လဲ၊ ဘာအတွက်နဲ့ ဒီလိုတွေ လုပ်ရက်ခဲ့ကြသလဲဆိုတဲ့ မေးခွန်းတွေကို ထပ်တလဲလဲ မေးမိသွားတော့မှာ။
ဒါဆိုရင် ဆရာဝန်လေး ဒေါက်ကလပ်မှာ ဂိုရင်းကို ရှာတွေ့ခဲ့ရဲ့လား။ လူမဆန်တဲ့ သတ်ဖြတ်ညှင်းပန်းမှုတွေ၊ မကောင်းမှုတွေကို ကျူးလွန်သူတွေဟာ ငယ်ဘဝက ဘယ်လို ထရော်မာတွေရှိခဲ့လို့။ ဒါတွေကြောင့် ဖြစ်ရတာ စလို့ ဒီအရာတွေက ဂိုရင်းတို့လို လူတွေမှာ ကိုက်ညီနေတာ ဟုတ်ရဲ့လား။ တကယ်တော့ ဒီလူကြီးက သူတို့လက်ချက်နဲ့ သေကြေသွားကြတဲ့ သန်းပေါင်းများစွာသော ဂျူးတွေ၊ အခြားသော အရပ်သားတွေအတွက် ဘာတခုရယ်မှ နောင်တရနေတာမျိုးမှ ရှိမနေတာ။ တရားခွင်မှာ သူတို့ထောက်ခံကျင့်သုံးခဲ့တဲ့ နာဇီဝါဒကိုပဲ မှန်ကန်မှုအဖြစ်၊ သူရဲကောင်းများအဖြစ် ရှုမြင်ခံစေချင်တဲ့ သဘောသက်ရောက်အောင်သာ လုပ်ဆောင်နေခဲ့တာလေ။ စစ်အတွင်းမှာ တန်ဖိုးကြီးမားတဲ့ အနုပညာလက်ရာတွေ၊ ပစ္စည်းဥစ္စာတွေကို အတင်းအဓမ္မ ခိုးယူ စုဆောင်းခဲ့တဲ့ ရာဇဝတ်မှုတွေရော ကျူးလွန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးက တရားခွင်မှာလည်း နိုင်ငံတော်က ပေးအပ်တဲ့တာဝန်ကို လွှဲရှောင်လို့ မရလို့ ထမ်းရွက်ခဲ့ရသလိုမျိုး အပြစ်ကင်းတဲ့ ဟန်ပန်နဲ့ ထွက်ဆိုနေခဲ့တယ်။ ဂျူးတွေကို သတ်ဖြတ်ညှင်းပန်းတဲ့ အမှုတွေကိုလည်း စစ်အတွင်းက ဖြစ်ပျက်ရတဲ့ ကိစ္စများအဖြစ်သာ ပြောဆိုနေခဲ့တယ်။
တရားစီရင်မှု အပြီးမှာတော့ ဂိုရင်းနဲ့ ဖမ်းဆီးရမိသူ နာဇီအပေါင်းအပါတွေကို ကြိုးမိန့်ချခဲ့တယ်။ ဂိုရင်းက စီရင်မယ့်ညမှာပဲ ဆိုက်ယာနိုက် အဆိပ်သောက်ပြီး အဆုံးစီရင်သွားတယ်။ ဒါဆိုရင်ဖြင့် နျူရင်ဘာ့ဂ်က တာဝန်ရှိသူတွေ ပြောခဲ့သလိုမျိုး နျူရင်ဘာ့ဂ် တရားခွင်ဟာ အနာဂတ်မျက်မှောက်မှာ နာဇီလို လူတန်းစားရာဇဝတ်ကောင်တွေ၊ အလားသဏ္ဌာန်တူတဲ့ ရာဇဝတ်မှုတွေ ပေါ်မလာနိုင်ခဲ့တာ သေချာပါရဲ့လား။ ဂိုရင်းနဲ့ နီးကပ်စွာ ဆက်ဆံရေးရှိခဲ့တဲ့ ဒေါက်တာ ဒေါက်ကလပ် ကယ်လီကတော့ ဒီအချက်တွေကို ပြတ်သားစွာ ငြင်းဆန်ခဲ့ပါတယ်။
ဘယ်သူရယ်မဆို လုပ်ပိုင်ခွင့်တွေ လက်ထဲရလာတာနဲ့ နာဇီလို လူတွေအဖြစ် ပြောင်းလဲသွားမယ့်သူတွေ။ နိုင်ငံတဝက်စာလောက် အလောင်းတွေ ထပ်နေခဲ့တာတောင် ဒါကို နင်းစရာအဖြစ်ပဲ သဘောထားပြီး အသုံးချပြုမူမယ့်သူတွေဟာ ကမ္ဘာထဲက တိုင်းပြည်တိုင်းမှာ ရှိနေပါတယ်လို့ ထုတ်ဖော်ပါတယ်။ တကယ်လည်း သူပြောခဲ့သလိုပါပဲ နာဇီတွေကို သုတ်သင်နိုင်ခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ လူဖြူ၊လူမည်း ဖိနှိပ်မှုတွေက ပိုလို့ အားကောင်းလာနေခဲ့တာ။ သူတို့သက်ရှိထင်ရှားရှိနေစဥ် ကာလမှာပဲ တတိယကမ္ဘာစစ်ကို ဖြစ်လာနိုင်စေတဲ့ ပြုမူမှုတွေ ထပ်ဖြစ်လာခဲ့တာ။ ကုလသမဂ္ဂလို စစ်ပွဲတွေ၊ ရာဇဝတ်မှုတွေ မဖြစ်အောင် တားဆီးဖို့ အဖွဲ့အစည်းတွေ ဖွဲ့ခဲ့ပါတယ်ပြောပြော အင်အားကြီး တိုင်းပြည်တွေဟာ လက်ရှိကာလအထိ သူတို့လုပ်ချင်ရာကိုပဲ လုပ်နေကြတာ မဟုတ်ပါလား။ လက်ရှိကာလမှာ နာဇီဗားရှင်းလို့ပဲ အမည်သညာ ပေးစရာရှိတဲ့ အမျိုးသားရေးဝါဒကိုပဲ အလွန်အမင်းထောက်ခံကြတဲ့ လူပုဂ္ဂိုလ်တွေပဲ လူထုရဲ့ ရှေ့မှောက်ကို ပြန်လည်ရောက်လာပြီး ထင်သလို ပြုမူနေကြတာကို အားလုံးအသိပဲ ဖြစ်မှာပါ။ ဒါတွေကို ထုတ်ဖော်ပြောခဲ့တဲ့ ဒေါက်တာ ဒေါက်ကလပ် ကယ်လီမှာတော့ လူ့ယဥ်ကျေးဆိုသူများရဲ့ မျက်မှောက်ကနေ စွန့်ခွာရတယ်။ သူရေးတဲ့ ဂိုရင်းအကြောင်း စာအုပ်ဟာ နာဇီများအပေါ် အကောင်းမြင်ခြင်းနဲ့ ကျင့်ဝတ်မညီညွတ်ဘဲ ရေးသားထားတဲ့ စာအုပ်သာ ဖြစ်တယ် စလို့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ နျူရင်ဘာ့ဂ် စီရင်မှုအပြီး ၁၂ နှစ် အကြာမှာပဲ ဂိုရင်းကဲ့သို့ ဆိုက်ယာနိုက် အဆိပ်သောက်ပြီး အဆုံးစီရင်ခဲ့ပါတယ်။
နိဂုံးအနေနဲ့ ပြောစရာရှိလာတာကတော့ နျူရင်ဘာ့ဂ် တရားစီရင်မှုက မျက်မှောက်ခေတ် လူသားများအတွက် သင်ခန်းစာယူဖို့ အခြင်းအရာ ဖြစ်စေခဲ့တာဟာ သေချာရဲ့လား ဆိုတာပါ။ ပြီးတော့ လူအများစုတိုင်း ထင်မှတ်ယူဆကြတဲ့ ဂိုရင်းဟာမန်တို့လို ဟစ်တလာ၊ ဟင်းမလား တို့လို လူတွေဟာ စိတ်ကျန်းမာရေးချို့ယွင်းနေကြတဲ့ လူတွေသာ ဖြစ်တယ်။ ဒါကြောင့် အခုလို ကိစ္စတွေကို ကျူးလွန်ကြတာဖြစ်တယ် ဆိုတဲ့ အချက်ကရော မှန်ကန်ပါသလားပေါ့။ Evil ဆိုတဲ့ မကောင်းဆိုးဝါးစိတ်က ကျနော်တို့ စိတ်သဏ္ဌာန်ရဲ့ အတွင်းသားထဲမှာ နက်နက်ရှိုင်းရှိုင်း ရှိနေတာပဲလေ။
ထုတ်ဖော်မိဖို့ ပြုမူမိဖို့၊ မပြုမူမိဖို့ ဆိုတာကတော့ မိမိတို့လုပ်ရပ်တွေကသာ အကဲဖြတ်သွားတာပဲ မဟုတ်ဘူးလား။ ရလဒ်အနေနဲ့က နျူရင်ဘာ့ဂ်မှာလား၊ နော်ဝေကပေးတဲ့ နိုဘယ်လ်ဆု ချီးမြှင့်မှု စင်မြင့်ထက်မှာလား ဆိုတာတော့ မိမိတို့ဘာသာ ချင့်တွေးကြရုံပေါ့။
ရုပ်ရှင်ရည်ညွှန်း- Nuremberg Movie (2025)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
