နွမ်းနွမ်းလျလျ ​ဒီဇင်ဘာ

by The Call
‘ နွမ်းနွမ်းလျလျ ​ဒီဇင်ဘာ ”
◼️ဆိုမာလီ
အမှောင်ထဲကဗျာတွေရေးတော့
စကားလုံးတွေကတွန့်လိမ်ကောက်ကွေးနေတယ်
ဒီဇင်ဘာလမှာအအေးဓာတ်တွေက
တစ်ယောက်ထဲပိုလွန်ကဲနေလို့
မင်းကိုယ်ငွေ့လေးအနဲငယ်လိုတယ်…..။
ဒီလိုပဲဖြတ်ကျော်လာခဲ့ရင်း
မကြာခင်ဒီဇင်ဘာပြန်ရောက်တော့မယ်
ရေခဲရိုက်ပြီးသားနှလုံးသားလေး
အခုထိရောင်းတန်းမဝင်သေး
ဒီနှစ်ဒူးရင်းသီးတွေပိုချိုမယ်ထင်လို့
စျေးမေးထားသေးတယ်…။
ပျိုမြစ်တဲ့တနင်္ဂနွေညတွေမှာ
ခရီးတွေပတ်သွားချင်တယ်
ညစျေးတန်းထက်လှတဲ့
ရှုမျော်ခင်းလှလှတွေဝယ်ပေးထားပြီး
ချက်အရက်ပြင်းပြင်းကို
တစ်ချိုက်ထဲအတူတူမော့မယ်
ငှက်ကလေးတွေကို
အိပ်တန်းမတက်စေပဲတေးသီခိုင်းမယ်
ညနေရဲ့နေအဝင်မှာ
ခိုကပ်လိုက်ပါခဲ့တာဒီဇင်ဘာသုံးခု
အခုထိပီပီပြင်ပြင်ကိုင်ဖျားကိုင်းနားလေးတောင်အစရှာမတွေ့သေး
ဓာတ်ကြိုးပေါ်ကငှက်တွေကတော့
အဆင်ပြေလားမေးရှာတယ်
ရူးသွပ်မူတွေဟာကဗျာဆန်ကြောင်း
ကျွန်တော်ပြန်ဖြေခဲ့တယ်…..။
အိပ်မောကျနေတဲ့လူတစ်ယောက်အတွက်
အိပ်မက်တွေစျေးကြီးတယ်ဆိုတာအလကားပါ
ဘယ်အရပ်ဒေသရောက်ရောက်
မေ့မရပုံက ခရုသင်းဆွဲသလို
ဟိုနားတစ်ကွက် ဒီနားတစ်ကွက်
ဖုံးမရ ဖိမရ ပေါ်လွင်နေတော့တာပဲ…။
အခုထိမျက်နှာမသစ်ရသေးလို့ထင်ပါရဲ့
မြူမှုန်တွေကရစ်ဆိုင်းနေတုန်း…..
ဒေါနတောင်မှာတစ်ခါလွမ်းပြီးတစ်ခါငိုတယ်
ခါရာတောင်မှာတစ်ခါလွမ်းပြီးတစ်ခါငိုတယ်
အချစ်လဲ လိုလိုလားလား
စစ်လဲလိုလိုလားလား
အကုသိုလ်တွေပဲ စျေးကောင်းပေးဝယ်နေမိ။
ထားပါလေ… ညစောင့်တဲလေးထဲပဲ
ခွေခွေလေးပြန်အိပ်တော့မယ်
နတ်ဆိုးတွေရဲ့ ထွေးပွေ့မူနဲ့အတူ
နွမ်းနွမ်းလျလျ အိပ်မက်တွေဆက်မက်မယ်
နွေကန္တာဦးထဲက
နုနုငယ် ချွဲပုံကလေးတွေပြန်စဥ်းစားရင်း
မနက်ခင်း ရေအိုင်ထဲကမင်းကိုပြန်မလွှတ်တော့ဘူး
နောက်တစ်နှစ်
နောက်တစ်ရာသီထပ်လွမ်းဖို့……။ ။
(8.8.2023)

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment