ညီလင်းအိမ်
ရို့စ်လို့ခေါ်တဲ့ အမျိုးသမီးကို မြင်ရတော့ အဲဒီခေတ်ရဲ့အနာတွေကို စုပြုံ ဖော်ပြထားသလိုမျိုးပဲ သတ်မှတ်ရမယ်။ ဒုတိယကမ္ဘာစစ် နှောင်းပိုင်းကာလမှာ စစ်ကြီးရဲ့မီးလျှံတွေက ငြိမ်းစပြုနေပြီ ဖြစ်ပေမဲ့ မီးငွေ့တွေက တလူလူထွက်နေဆဲ။ တိုက်စားလောင်ကျွမ်းသမျှ နေရာတွေမှာ ညှော်နံ့တွေ၊ လောင်မီးနံ့တွေ မကင်းစင်သေးဘူး။ နာဇီများရဲ့ ထွက်ခတ်ခတ်တဲ့ ထိုးသွင်းဒဏ်ရာများက ပိုလန်ပြည်တလျှောက်မှာ သွေးစက်များအဖြစ် ယိုစိမ့်ကျနေတုန်း။
တပြည်လုံးဟာ အမှောင်တွေ ဖုံးနေဆဲ။ နေရာအနှံ့အပြားတခုလုံးက ပြိုကျပိဆင်းနေတဲ့ အဆောက်အအုံတွေ၊ ပေါက်ကွဲ အသက်မဲ့လတ္တံ့ပြီးသော စက်ယန္တရား အပြိုအပျက်တွေနဲ့အတူ အူထွက်နေသော မီးခိုးငွေ့တွေကြားမှာ စစ်ရဲ့အဆိပ်သင့်နေမှုကို တလုံးတဝ ရှုမြင်နိုင်တယ်။ ဒီထဲမှာတော့ လက်ကျန် နာဇီသုံးယောက်က ကြက်ခြေနီတံဆိပ်ပတ်ထားတဲ့ ပိုလန်ဘက်က အမျိုးသမီးတယောက်ကို မုဒိန်းကျင့်နေတယ်။ သူ့ဘေးမှာရှိတဲ့ စစ်သားနှစ်ယောက်ကတော့ အထက်အရာရှိဖြစ်တဲ့ ဆရာဖြစ်သူ အားပါးတရ မုဒိန်းကျင့်နေတာကို သဘောတကျကြည့်ရင်း သေနတ်မောင်းကိုဆွဲပြီး အသင့်အနေအထား ချိန်လို့နေတယ်။ ရှေ့မှာတော့ သွေးအိုင်ထဲမှာ လဲကျနေတဲ့ သူမရဲ့ အရာရှိခင်ပွန်းသည်။ သွေးသံရဲရဲတွေကြားကနေ ဇနီးသည်ဖြစ်အင်ကို ငေးကြည့်နေရုံမှတပါး ဘာမှ မတတ်နိုင်။ အရာရှိဖြစ်သူ အလိုပြီးမြောက်ချိန်မှာတော့ သေနတ်မောင်းအသင့်ဆွဲထားတဲ့ တပည့်ဖြစ်သူဟာ သူမရဲ့ခေါင်းကို ချိန်ပြီး ပစ်ချလိုက်တော့တယ်။
အခုတော့ စစ်ပွဲကာလလည်း လွန်မြောက်ခဲ့ပြီ။ မသေဘဲ ကျန်ရစ်ခဲ့တဲ့ အရာရှိဖြစ်သူဟာ ဂျာမန်ပြည်ရဲ့ ဩဇာခံဒေသဖြစ်ခဲ့တဲ့ အရှေ့ပရပ်ရှားဒေသကို ခရီးနှင်ခဲ့တယ်။ အဲဒီက မတ်စ်ရီယားအရပ်မှာပဲ Rose လို့အမည်ရတဲ့ အမျိုးသမီးဆီမှာ ခေတ္တတည်းခိုခွင့် တောင်းခဲ့တယ်။ ဂျာမန်တို့မွှေးခဲ့တဲ့ စစ်မီးက အရာအားလုံးပြီးမြောက်ပြီ ဆိုဦးတောင် ကျန်ရစ်သူတွေမှာ အဲဒီက ရိုက်ခတ်မှုဒဏ်တွေကို ဘယ်လို ပယ်သတ်နိုင်မှာတဲ့လဲ။
ပရပ်ရှားဒေသက ခုဆိုရင် ပိုလန်တို့ဩဇာအတွင်း ပြန်လည်ရောက်ရှိသွားပြီဆိုတော့ ဂျာမန်နွယ်ဖွားဖြစ်တဲ့ Rose တို့လို အမျိုးသမီးတွေက ကျိန်စာသင့်ရပြန်ပါတယ်။ စစ်အတွင်းတုန်းက ဆိုဗီယက်စစ်သားတွေရဲ့ မုဒိန်းကျင့်တာကို ခံကြရတဲ့ ဂျာမန်အရပ်သူတွေဟာ စစ်ပြီးခေတ်ရောက်ပြန်တော့လည်း ပိုလန်ပြည်သူတွေ၊ ပြည်သူ့စစ်လိုအဖွဲ့တွေက အမှုန့်ခြေပစ်ချင်နေကြပြန်တယ်။ စစ်ပွဲရဲ့ တောက်လောင်မှုက ဘယ်လိုပဲဖြစ်ပါစေ ။ အရပ်သူ အရပ်သားတွေဆီကိုပဲ မြားဦးလှည့်တာ မဟုတ်လား။
ဂျာမန်တွေရဲ့ ရက်စက်စွာနှိပ်စက်မှု ခံရသလို ဇနီးသည်ဖြစ်သူလည်း သူ့ရှေ့မှာတင် အဓမ္မကျင့် သတ်ဖြတ်ခံခဲ့ရတာ မှန်ပေမဲ့လည်း စစ်ပွဲအတွင်းက အတိတ် တွေကို အတိတ်မှာပဲ ထားပစ်ခဲ့ပြီးပြီ။ သို့ပေမဲ့လည်း ဒါတွေက ရိုက်ခတ်လို့နေဆဲပါပဲ။ သူက ရို့စ်ရဲ့ ဖိတ်ခေါ်မှုအောက်မှာ ဘယ်မှမသွားဘဲ မုဆိုးမသားအမိ နှစ်ယောက်နဲ့အတူ နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ Rose ရဲ့ အိမ်ဘေးမှာ အာလူးတွေ လှိုင်လှိုင်ထွက်တဲ့ ယာမြေကလေးရှိပေမဲ့ စစ်အတွင်းက ကျန်ရစ်ခဲ့တဲ့ မိုင်းတွေကြောင့် ဘာမှလုပ်လို့မရဘူး။ ဒါတွေကို သူကပဲ ရှင်းလင်းပစ်ရမှာ။ သူဖြစ်လိုတဲ့ စိတ်ဆန္ဒက ဒီမှာပဲ အလုပ်တခုရှာမယ်။ အေးဆေးစွာနေမယ်ပေါ့။
ဒါပေမဲ့လည်း ဖြစ်ထွန်းလာတဲ့ ယူနီဖောင်းဝတ် လူ့အဖွဲ့အစည်းက ဂျာမန်နွယ်ဖွားတွေကို မနှစ်လိုကြ။ ဒီမြေကနေ နှင်ထုတ်ပစ်ချင်နေကြတယ်။ သူ့ရဲ့ ရှိသမျှခွန်အားကို အသုံးပြုကာကွယ်ဖို့က ရို့စ်တို့ သားအမိအတွက် တသက်စာ လုံလောက်နိုင်မလား ယုံကြည်ရခက်လို့နေတယ်။ ရို့စ်မှာ စစ်ကာလတလျှောက်လုံး တော်လှန်ရေးတပ်တွေ၊ အခြားစစ်တပ်တွေရဲ့ လိင်ကျွန်သဖွယ်၊ ဓားစာခံသဖွယ်၊ အောင်သေအောင်သားများသဖွယ် ကြိမ်ပေါင်းများစွာနဲ့ မုဒိန်းပြုကျင့်မှု ခံရတာကနေ သားအိမ်ခေါင်းကင်ဆာ စွဲကပ်လို့နေပြီ။
စစ်ပွဲ ဆုတ်ကပ်ရဲ့ ပြီးပျက်သမျှ ရလဒ်က ပြုံးပျော်ရွှင်စရာ အနာဂတ်တွေ ဖြစ်လာစေခဲ့သလား။ ကောင်းမွန်သော အကျိုးရလဒ်တွေ ဖြစ်လာခဲ့သလား။ သူမထင်ပါဘူး။ ဒါကိုတောင် တော်လှန်ရေးတပ်ဖွဲ့ဝင် ဆိုသူများက သွားစရာမြေမရှိတဲ့ သူတို့ဆီကို လာလာပြီး မုဒိန်းကျင့် သတ်ဖြတ်ဖို့ပဲ ကြိုးပမ်းနေကြပြန်တယ်။
စစ်ပွဲအတွင်းကနေ လူ့ဘဝရဲ့ အဆုံးစွန်သော ဒဏ်ရာတွေကို ပိုက်ထွေးခဲ့ပြီး ယဉ်ပါးခဲ့ပြီးပြီလို့ သူကိုယ့်သူ ထင်မှတ်ထားခဲ့ပုံပေါ်ပေမဲ့ ကြမ္မာတရားရဲ့ ရက်စက်မှုက ဆက်လက်ပြီး ငြိုးမာန်ဖွဲ့လွန်းလှတာကို မခံရပ်နိုင်တော့လို့လား မသိပါဘူး။ ချစ်မိ သံယောဇဉ်တွယ်မိသွားတဲ့ ရို့စ်မှာ သားအိမ်ကင်ဆာက ကျွမ်းမြနေပြီဆိုတာ သိလိုက်ချိန်မှာတော့ ယောကျာ်းရင့်မာကြီးတန်မဲ့နဲ့ မျက်ရည်ကျ ငိုကြွေးရပြန်တယ်။ မချိတင်ကဲ ဖြစ်ရင်းနဲ့ နှင်းမြူဆိုင်းနေတဲ့ ယာတောမြေကို ရီဝေစွာနဲ့ ငေးမောလို့ နေပါတယ်။
ဒီအရာတွေကို ထပ်တူငေးမောရင်း ဆို့နင့်တဲ့ ခံစားမှုတွေပါ လိုက်ပါကူးစက်သွားတဲ့ ကျနော်ဟာ ဘယ်အရာက မှန်ကန်သလဲဆိုတာကို အဖြေရှာလို့ မတွေ့အောင် ဖြစ်လို့နေပါတယ်။ အာဏာမက်သူရဲ့ ရူးမိုက်စွာ ပြုလုပ်လိုက်တဲ့ ဂယက်ကြီးရဲ့ နောက်ကွယ်မှာ ခါးသည်းတဲ့ ဆင့်ကဲအဖြစ်အပျက်တွေ များပြားစွာ ပေါ်ပေါက်လာခဲ့ရတယ်။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံရသူအကြားမှာ ဘယ်ဘုရားမှ တရားချဖို့ မဖြစ်တော့တဲ့ အမုန်းတရားတွေ၊ ဒေါသ အာဃာတတွေက ထူထပ်တဲ့ ကျောက်စိုင်ခဲများသဖွယ် ပြောင်းလဲသွားကြပြန်ပါတယ်။
နာဇီတွေ အားကောင်းဆဲကာလမှာ ဂျူးတွေ၊ ရုရှားပြည်သူပြည်သားတွေ၊ အထူးသဖြင့် ပိုလန်ဘက်က ပြည်သူပြည်သားတွေစလို့ သူတို့ရဲ့ လူမဆန်ဆုံး ရက်စက်မှုတွေကို ကျောကော့နေအောင် ခံခဲ့ကြရတယ်။ ဒီလိုဖြစ်ပုံမျိုးတွေနဲ့ အသက်ရှင် ကျန်ရစ်ခဲ့သူတွေဟာ သူတို့တွေအလှည့်ကို ပြန်ရလိုက်တဲ့အခါမှာ ရို့စ်တို့လို အမျိုးသမီးတွေကို ပြန်လည် မုဒိန်းကျင့်တာ၊ ပစ္စည်းဥစ္စာတွေကို ပြန်လည် လုယက်တာဟာ အမှန်တရားလို့ ကျနော်တို့တွေ ထောက်ခံဖို့ လိပ်ပြာသန့်နိုင်ပါ့မလား တွေးဆရခက်ပါတယ်။
အရပ်ဘက်က တော်လှန်ရေးတပ်သားတွေဟာ လူကို တော်လှန်ခြင်းမဟုတ်၊ စနစ်ကိုသာ တော်လှန်ခြင်း ဆိုတဲ့မူနဲ့ တော်လှန်နေကြချိန်မှာ စစ်တပ်က အာဏာရှင်နဲ့ နောက်လိုက်တွေကတော့ သူတို့မနှစ်မြို့သူဆိုရင် ကလေးရော ခွေးပါမကျန် လူသတ်လက်နက်များကို သုံးရင်း နှိမ်နင်းဖိနှိပ်လို့နေပါတယ်။ ဒါကိုလည်း သိသိကြီးနဲ့ ဒီလိုလူတွေနဲ့ အလိုက်သင့်ပေါင်းဖက်ရင်း အရိပ်မှာ မှေးလျက်သားနဲ့ လိုက်ပါရင်း ကိုယ်လုပ်တာ ကိုယ်ခံပေါ့ဆိုတဲ့ အပြုံးအပျော်မပျက်တဲ့ လူတန်းစားတွေလည်း လက်ရှိအချိန်မှာ အပုံလိုက်အပင်လိုက် ရှိနေတာပဲမဟုတ်လား။ စစ်ပွဲက သူတို့ဆီ တိုက်ရိုက်လာရောက်ခါကြမှ မျက်စိမျက်နှာပျက်နဲ့ ကယ်ပါ သနားပါ ဗိုလ်ကြီးတို့ရေ လို့ အော်ဟစ်တောင်းပန်တဲ့ သူတို့တွေကို မြင်ရချိန်မှာ ရယ်ချင်စိတ်ပဲ ဖြစ်ရပြန်ပါတယ်။
လူကိုမတိုက် စနစ်ကိုသာတိုက်တဲ့ တော်လှန်သူ အဖွဲ့အစည်းက နွေးထွေးစွာ ကယ်တင်နေတဲ့ ရုပ်ပုံတွေကို မြင်ရချိန်မှာ အောက်ကပို့စ်တစ်ခုကတော့ တိုက်ဆိုင်စွာပဲ အာဏာရှင်ရဲ့ နောက်လိုက်စစ်သားတွေဟာ လက်ဘက်ရည်ဆိုင်ထဲ ထိုင်နေကြတဲ့ အရပ်သား အယောက်နှစ်ဆယ် နီးပါးကို ဝင်ရောက်ပစ်ခတ် သတ်ဖြတ်သွားတယ် ဆိုတဲ့ သတင်းဓာတ်ပုံ။
အာဏာမသိမ်းခင် နှစ်ဦးပိုင်းက တရုတ်ပြည်တွင်းစစ် ဂယက်ကို အခြေပြုရိုက်ပြတဲ့ Farewell My Concubine နဲ့ ဗီယက်နမ်ဘက်က အင်ဒီဆရာတွေ ရိုက် ပြတဲ့ ပြည်တွင်းစစ်အလွန် လှေစီးဒုက္ခသည်အကြောင်း ရုပ်ရှင်တွေ၊ နောက် တောင်ကိုရီးယားက လီဗြောင်ဟွန်းတို့ ရိုက်ပြတဲ့ တောင်မြောက်စစ်ပွဲ ဂယက် ကြောင့် ရှင်လျက်နဲ့ ဝေးကွာရတဲ့ ရုပ်ရှင်မျိုးတွေ။ လီချန်ဒေါင် လက်ရာ ပက်ပါးမန့်သကြားလုံးကလေးလို ရုပ်ရှင်တွေ ကြည့်ရချိန်မှာတော့ ခွင့်လွှတ်ခြင်းနဲ့ ပြစ်ဒဏ်ပြန်ပေးခြင်း ဆိုတာကို ရေရာစွာ မတွေးမိခဲ့ပါဘူး။
တရုတ်ရုပ်ရှင်ဟာ ကိုယ့်ပြည်က အာဏာရှင်ရဲ့ ဖိနှိပ်တာကို တပြည်လုံး ခါးစည်းခံနေကြရတဲ့ အချိန်မှာ အာဏာရှင်လူတန်းစားနဲ့ပဲ ပုလဲနံပဖြစ်အောင် အလိုက်သင့်ပေါင်းဖက်ရင်း အသာစီးမျောကြတဲ့ Non CDM လို လူတန်းစားတွေ၊ ရုပ်ရှင်ရိုက်မပျက်ကြတဲ့ ရုပ်ရှင်အနုပညာသည်ဆိုသူတွေ၊ သဘင်သည်ဆိုသူတွေအကြောင်းကို ပြတဲ့ရုပ်ရှင်။ သူဟာ ဂျပန်ခေတ်မှာ ဂျပန်တွေ ရေပေါ်ဆီတွေနဲ့ အလိုက်သင့် နေထိုင် ဖျော်ဖြေခဲ့သလို ခေတ်ပြောင်းချိန်မှာလည်း အဲဒါတွေ နားမလည် သာရာဘက်မှာပဲ အလိုက်သင့်နေနေခဲ့တယ်။ မော်ရဲ့ခေတ် သွေးကြွေးဆပ်ချိန် တဖြစ်လဲမှာတော့ သူဟာ အဲဒီမျက်ကွယ်ပြုမှု အရာတွေနဲ့ ပတ်သက်ပြီး ပြန်လည် ဒဏ်ခတ်ခံရသူ။
ဗီယက်နမ် ရုပ်ရှင်တွေကလည်း ဗီယက်ကောင်းတွေ မလာခင်မှာ တောင်ဗီယက်နမ် အစိုးရရဲ့သစ္စာကို ခံယူခဲ့ကြသူတွေဟာ ကျရှုံးချိန်မှာတော့ ဗီယက်ကောင်းများရဲ့ ဖိနှိပ် ဂလဲ့စားချေမှုကို ခံကြရတဲ့အကြောင်းကို ပြတာဖြစ်တယ်။ ကျန်ရစ်သူ သားသမီးတွေ မိသားစုတွေဟာ ရပ်တည်ဖို့ မဖြစ်နိုင်တဲ့အခါမှာ လှေပေါ်လိုက်ပြီး ဘယ်ကမ်းရောက်ရောက် ပြေးကြရပုံတွေကို ရင်နင့်စွာ ပြဆိုတာဖြစ်တယ်။
လီဗြောင်ဟွန်း ရိုက်ပြတဲ့ Once In Summer ရုပ်ရှင်ကလည်း စစ်အတွင်းက ဖခင်ဖြစ်သူဟာ ကွန်မြူနစ်ဖြစ်ခဲ့တာနဲ့ပဲ သမီးကလေးဟာ နောက်ဆက်တွဲ ဂယက်များအောက်မှာ အဖမ်းဆီးခံရရင်း ဘေးပတ်ဝန်းကျင်ရဲ့ Social Punishment လုပ်တာကိုပါ ခံခဲ့ရပြီး ချစ်ရတဲ့ လီဗြောင်ဟွန်းနဲ့အတူ ရှင်ကွဲကွဲခဲ့ရတာကို ရိုက်ပြတာဖြစ်သလို ပက်ပါးမန့်သကြားလုံးထဲက အာဏာရှင်နောက်လိုက် ဖြစ်သွားရတဲ့ လူတယောက်အကြောင်း ရုပ်ရှင်ဟာလည်း အဲဒီ စနစ်ဆိုးကြီးပဲ သူ့ကို ဒဏ်ခတ်ပစ်လိုက်တာ၊ ဘယ်သူမပြု မိမိမှု ဆိုပေတဲ့ မိမိမပြုလိုတဲ့အမှုကို မပြုဘဲမဖြစ်တော့အောင် ခေတ်ရဲ့ဆိုးမွေကြီးက မျိုးဆက်အသစ် တွေအပေါ်ကို သွန်ချ လောင်မြိုက်ပစ်လိုက်တာမျိုးတွေ။
ဂျိုလီရဲ့ခင်ပွန်းသည်ကို ဂျီဟတ်အစွန်းရောက်တွေက ပြန်ပေးဆွဲ သတ်ဖြတ်တဲ့ ရုပ်ရှင် A Mighty Heart ရုပ်ရှင်ကို ကြည့်နေချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် စစ်တပ်နောက်လိုက် ပျူစောထီးတွေက ကျနော့်အမဝမ်းကွဲရဲ့ ခင်ပွန်းကို ဘာမှ ပါဝင်ပတ်သက်တာမျိုး မရှိပါဘဲ ဖမ်းဆီးပြီး သတ်ဖြတ်ပစ်ခဲ့ပါတယ်။ ကိုယ့်ပြည်တွင်းမှာ အဲဒီလို ဘာမှမဆိုင်ဘဲ သေဆုံးသွားခဲ့ရသူတွေ ဘယ်လောက်တောင် ရှိနေမလဲ မမှန်းဆနိုင်ပါ။ ဂျူလီ့ခင်ပွန်းသည်ကတော့ အမေရိကန် သား ဖြစ်နေတဲ့အတွက် ပါကစ္စတန်က အာဏာပိုင်တွေမှာ ကျူးလွန်သူကို မမိမိအောင် ဖမ်းပေးခဲ့ရပါတယ်။ ကျနော့်အမဖြစ်သူရဲ့ ခင်ပွန်းသည်ရဲ့ သက်မဲ့ခန္ဓာကိုယ်ကိုတော့ အိမ်သူအိမ်သားတွေကပဲ သွားရောက်ရှာဖွေရင်း ပြန်သယ်ခဲ့ရပါတယ်။ အလောင်းလိုချင် ပိုက်ဆံပေးပြီးမှ ထုတ်ဆိုတဲ့အဖြစ် ကြုံရသေးသလားတော့ မမေးရက်လို့ ထပ်မမေးဖြစ်ခဲ့ပါ။ အမမှာ ခုတော့ လူမမယ်သားသမီး သုံးယောက်နဲ့ ကျန်ရစ်ခဲ့ပါတယ်။
ဒီလိုတွေ တောင်တောင်အီအီ တွေးနေရင်း လက်ရှိ ပိုလန်ရုပ်ရှင် Rose (2011) ကို ဆက်ကြည့်မိတော့ ငြှိုးချက်တွေနဲ့ လူစိတ်ပျောက်နေကြပြီဖြစ်တဲ့ ရုရှားတပ်သားတွေ၊ ယူနီဖောင်းနောက်လိုက်တွေဟာ ရို့စ်တို့ရဲ့ အိမ်နီးချင်းဖြစ်သူရဲ့အိမ်ကို မီးနဲ့ ရှို့ပစ်နေကြတယ်။ သူ့ရဲ့မိန်းမကို မုဒိန်းပြုကျင့်ဖို့ ကြိုးစားနေကြပါတယ်။
ကျနော့်မှာ ဇာတ်ဆောင်ဖြစ်သူနဲ့အတူ အဲဒီမြင်ကွင်းကို လိုက်ငေးရင်း ဒီအခြင်းအရာကို လက်ခံပေးရမလား၊ မုန်းတီးပေးရမလား ခွဲခြားရ ခက်လို့နေပါတယ်။
Be the first to comment