နှစ်နှစ်မှသည် နှစ်များစွာသို့

by The Call
“နှစ်နှစ်မှသည် နှစ်များစွာသို့”
■ အယ်ဒီတာ့စကား
The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းကို စတင် တည်ထောင်ခဲ့သည်မှာ မကြာခင် ရက်ပိုင်းအတွင်း နှစ်နှစ်တင်းတင်း ပြည့်မြောက်တော့မည်ဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှစ်တာကာလကို ပြန်လည် ငဲ့စောင်းကြည့်သည့်အခါ ကျေနပ် အားရမိသည်ဟု မဆိုနိုင်သော်ငြား The Call ၏ မူလရည်ရွယ်ချက်ကို ပြည့်မီခဲ့သည်ဟု ဆိုချင်သည်။
The Call ၏ ရပ်တည်ချက်ကို မဂ္ဂဇင်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် အောက်ပါအတိုင်း အတိအလင်း ကြေညာထားသည်။
“The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည် ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည်ဖြစ်သည်။”
တော်လှန်ရေးကာလတွင် ယခုကဲ့သို့သော အွန်လိုင်းမဂ္ဂဇင်းတခု အခြေခိုင်ခိုင်ဖြင့် ရပ်တည်နိုင်ရန်မှာ ခက်သည်ဟု မဆိုနိုင်သလို လွယ်ကူသည်ဟူ၍လည်း ပြောနိုင်မည်မထင်။ အထူးသဖြင့် လူအများအတွက် အနည်းနှင့်အများဆိုသလို အကျိုးရှိစေမည့် စာပေများကို လူအများဆီမရောက်နိုင်အောင် ဆိုရှယ်မီဒီယာများက အမျိုးမျိုး ပိတ်ဆို့ ကာဆီးနေသည့် ယနေ့လိုကာလမျိုးတွင် ပို၍ပင် အားစိုက် ကျော်ဖြတ်ခဲ့ကြရသည်။
သို့သော် စူးနစ်ခဲ့ကြသည်၊ ကြိုးကုတ်ခဲ့ကြသည်၊ အားထုတ်ခဲ့ကြသည်၊ အတားအဆီးများကို ရိုက်ချိုးခဲ့ကြသည်။ စမ်းတဝါးဝါးဖြင့် စတင်ခဲ့ကြသည်မှ ယခုတွင်မူ ရှေ့အနာဂတ်ကို ပြက်ပြက်ထင်ထင် မြင်နိုင်သည့်အဆင့်သို့ ရောက်ခဲ့ပြီဖြစ်သည်။
The Call ၏ ရပ်တည်ချက်ကို အထူးတလည် ဂုဏ်ဖွဲ့ရန် လိုမည်ဟုမထင်၊ The Call က ဖော်ပြခဲ့ပြီးသမျှ စာမူတခုချင်းစီက ခိုင်မာသည့် သက်သေပင်ဖြစ်သည်။ The Call သည် နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာ ရပ်တည်ခဲ့သည်၊ အခိုင်အမာ ရပ်တည်နေသည်၊ ဆက်လက်၍ အခိုင်အမာ ရပ်တည်သွားမည်ဖြစ်သည်။
နှစ်နှစ်ပြည့်မြောက်သည်အထိ The Call ရပ်တည်နိုင်သည်မှာ ပရိသတ်ကြောင့်ဆိုသည်ကို စိုးစေ့မျှ သံသယပွားဖွယ်ရာ မရှိပေ။ အထူးသဖြင့် နွေဦးတော်လှန်ရေးတွင် မိမိတတ်နိုင်သည့်နေရာမှ ပါဝင် ထောက်ကူ အားဖြည့်ပေးနေကြသည့် တော်လှန်လူထုကြောင့်ဖြစ်သည်။ ထိုထိုသော ပရိသတ်အားလုံးကို ဤနေရာမှနေ၍ ကျေးဇူး အထူးတင်ရှိပါကြောင်း မှတ်မှတ်ရရ ပြောကြားလိုသည်။
နောက်ထပ် ကျေးဇူးတင်ရမည်မှာ The Call သို့ စာမူပေးပို့ ချီးမြှင့်ကြသည့် နေရာဒေသအသီးသီးတွင် ရှိနေကြသော၊ တော်လှန်ရေး၏ ကဏ္ဍအသီးသီးတွင် ပါဝင်နေကြသော စာရေးသူများဖြစ်သည်။ စာမူရှင်များ၏ အားပေး ချီးမြှောက်မှုကြောင့်သာ The Call နှစ်နှစ်သား ပြည့်မြောက်လာနိုင်ခြင်းဖြစ်သည်။ စာမူရှင်များအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရင်း ဂုဏ်ပြု မှတ်တမ်းတင်ပါသည်။
ကျေးဇူးတင်ရန် ကျန်ရှိ၍ မရသူများသည်ကား The Call ဝိုင်းတော်သားများပင်။ အခြားသော တော်လှန်ရေး လုပ်ငန်းတာဝန်များ အသီးသီး ထမ်းဆောင်နေကြသည့်ကြားမှ နေ့ညမဟူ မညည်းမငြူ ထောက်ကူ ဖေးမ ကူကြ ဝိုင်းကြသည့် ဖန်တီးထုတ်လုပ်သူများ၊ ပြင်ပမှ ဝန်းရံပံ့ပိုးကြသူများ စသူစသူတို့ကြောင့်သာ မဟုတ်ခဲ့လျှင် The Call လမ်းပင် လျှောက်တတ်ခဲ့မည် မဟုတ်​​ခြေ။
နှစ်နှစ်သား The Call အနေဖြင့် ခိုင်မာစွာ ကတိပေးနိုင်သည်မှာကား နွေဦးတော်လှန်ရေးပေါ် ခိုင်မြဲစွာ သစ္စာထားလျက် ဆက်လက် လျှောက်လှမ်းသွားပါမည်၊ နွေဦးတော်လှန်ရေး အောင်မြင်မှုရပြီးသည့် ဟိုမှာဘက် အနာဂတ် ကာလတွင်လည်း တထောင့်တနေရာမှ ဖြည့်ဆည်းနိုင်ရေး ဆက်လက် ကြိုးကုတ် အားထုတ်သွားပါမည်ဟုသာ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment