နှုတ်ဆက်အနမ်းကိုတောင် မရလိုက်တော့တဲ့ရဲဘော်တယောက်ဟာ တော်လှန်ရေးကနေ ဝေးသွားမှာမဟုတ်ဘူးအနီ

by The Call
61 views
‘နှုတ်ဆက်အနမ်းကိုတောင် မရလိုက်တော့တဲ့ရဲဘော်တယောက်ဟာ တော်လှန်ရေးကနေ ဝေးသွားမှာမဟုတ်ဘူးအနီ’
◼️လွန်းညီ
သွားတွေ ညီတယ်
အသွား အပြန် မတူတော့ဘူး။
အတူလာခဲ့ကြတဲ့လူတွေ
ညနေ နေမညိုခင်
အိမ်ပြန်နှင့်ကြပြီ။
တချို့က အိမ်ပြန်လို့မရတော့တာ
တချို့က အိမ်က ပြန်မလာကြတော့တာ။
တချို့က အိမ်ပြန်သွားကြတာ။
မီးလောင်ပြီးစ သွပ်ပြားစတွေ ဆွေးမြေ့နေချိန်ရောက်တော့
မနေ့က ညနေခင်းဟာ
ဒီကနေ့ ညနေခင်းနဲ့ မတူတော့ဘူး။
လမ်းတလျှောက်မှာ အလွမ်းခြေရာဟောင်းတွေ အလေ့ကျပေါက်နေခဲ့ပြီ။
ဖူးပွင့်ယစ်မူးခဲ့တဲ့ မျက်ရည်စတွေက
ပိုမိုရှင်သန်စေမယ့် ပန်းခင်းတခုပါ။
လေးနက်မှုနဲ့တန်ဖိုးထားမှုဆိုတာ အသေးအဖွဲလေးတွေကနေ စတင်သိရှိစေရဲ့
ပန်းပွင့်ပန်းစည်းလေးတွေကိုင်ဆောင်သွားရင်း အုတ်ဂူနီနီဆီ ချီတက်လမ်းလျှောက်ကြ။
မိုးရေလေး တပေါက်ချင်းကအစ
စဉ့်အိုးကို ပြည့်လျှံသွားစေပါတယ်။
မိုးရေလေးတပေါက်ချင်းကအစ
လမ်းတချို့ကို သွားမရအောင် ပျက်စီးစေတယ်။
တဖြည်းဖြည်းနဲ့ နီးကပ်လာပြီမို့
စိတ်နှစ်ခွနဲ့
အိပ်မရတဲ့ညတွေ များပြီ အနီ။
ဘာပဲဖြစ်ဖြစ် အနီရယ်
တော်လှန်ရေးဆိုတာ
ဝင်ပေါက်ထွက်ပေါက်ရှိတဲ့ တခါးတချပ်မှမဟုတ်ဘဲ။
နွေးထွေးတဲ့အနမ်းကိုရဖို့ ခါးသီး ခက်ခဲ ဝမ်းနည်းဖွယ်တွေ ကြုံရမယ်ဆိုတာကိုလည်း
ဇိမ်ခံကားပေါ်က တွေးမိတာမှ မဟုတ်ဘဲ။
ရောက်မလာသေးပေမယ့်
ရောက်အောင်သွားမယ်ဆိုတဲ့စိတ်နဲ့ သန်မာတဲ့ယုံကြည်ချက်၊ အာလုံးဟာ တဖျက်ဖျက် လူးလွန့်နေဆဲပါပဲအနီ။
တဖြည်းဖြည်းဝေးကွာသွားလို့မရတဲ့အရာတွေက
ရာသီဥတု၊ အစိုးရစိတ်၊ ပိုင်ဆိုင်ရခြင်း၊ တော်လှန်ရေးနဲ့ ချစ်ခြင်းမေတ္တာ။
အနီ သိလား
လူတယောက်ရဲ့ နှုတ်ဆက်အနမ်းကိုတောင် မရလိုက်တော့တဲ့ရဲဘော်တယောက်ဟာ တော်လှန်ရေးကနေ ဝေးသွားမှာမဟုတ်ဘူး။ ။
-စက်တင်ဘာ(၂၀ /၂၀၂၅)
-စနေနေ့

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment