
“ပင့်သက်များ”

အပိုင်း (၁)
လေယာဉ်က မနက် ၆ နာရီ။ ၄ နာရီလောက်မှာ လေဆိပ်ဆင်းဖို့ ခေါ်ထားတဲ့ Taxi ရောက်လာတယ်။ တညလုံး အိပ်လို့မပျော်တာကြောင့် ကျမ မျက်လုံးတွေက ကျိန်းစပ်နေတယ်။ ခေါင်းကလည်း နောက်တောက်တောက်နဲ့။ အိပ်ချင်လိုက်တာ ဆိုတဲ့စိတ်က တစိုးတစိမှ ပေါ်မလာ။ အိပ်ပစ်လိုက်ဖို့ထက် အစစအရာရာ အဆင်ပြေသွားဖို့ကိုပဲ ပိုပြီးတော့ စိတ်အားထက်သန်နေတယ်။
အဆင်ရောပြေပါ့မလား။ ရင်ထဲက တလှပ်လှပ်နဲ့။ ခေါင်းထဲကလည်း ရီဝေနေဆဲ။ ဘာမှမဖြစ်လောက်ပါဘူး ဆိုတဲ့ ကိုယ့်ကိုယ်ကို ဖြေသိမ့်စကားက လေဆိပ်နဲ့နီးလာလေ၊ အလုပ်မဖြစ်တော့လေ။ ခြေဖျား၊ လက်ဖျားတွေ အေးစက်လာတဲ့အထိ ကျမ စိုးထိတ်လာတယ်။ လက်ထဲကအိတ်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားရင်း ရသမျှ ဘုရားစာတွေကိုပဲ တတွတ်တွတ် ထိုင်ရွတ်နေမိတယ်။
Taxi သမားက နောက်ကြည့်မှန်ကနေ ကျမကို ကွက်ကြည့်၊ ကွက်ကြည့်။ စကားပြောချင်နေတာ ထင်ပါရဲ့။ သူနဲ့စကားပြောရမှာစိုးလို့ ကားပြူတင်းကနေ အပြင်ကိုပဲ ငေးနေလိုက်တယ်။ ကျမ စကားမပြောချင်သေးဘူး။ ရင်ထဲ ပင်ပန်းနေရတာကြောင့် သူနဲ့ စကားလက်ဆုံကျမနေချင်ဘူး။ ရောက်တတ်ရာရာ စကားတွေပြောရအောင်အထိလည်း စိတ်က အေးချမ်းမနေဘူး။ အခုက အပျော်ခရီးထွက်ရမှာမှ မဟုတ်ဘဲ။ စကားမပြောချင်လွန်းလို့ အပြင်ကို ကြည့်သာကြည့်နေရတယ်၊ အရာအားလုံးက အမှောင်။ ဘာကိုမှ မမြင်ရ။
Mask ကို နှစ်ထပ်အုပ်ထားရတာကြောင့် အသက်ရှုကြပ်နေတယ်။ Mask ကြောင့်ဆိုတာထက် စိတ်ပင်ပန်းနေရတာကြောင့်က ပိုပြီးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Mask ကိုပဲ ယိုးမယ်ဖွဲ့ရင်း မပြီးဆုံးနိုင်တဲ့ ကိုဗစ်အိုမီခရွန်ကိုပဲ အကြိမ်ကြိမ် အပြစ်မြင်နေမိတယ်။
အဖေကတော့ လိုက်ပို့မယ်ပြောသား။ ကျမကိုက အတင်း ငြင်းပစ်ခဲ့တာ။ ကိုဗစ်က တအားသောင်းကျန်းနေတော့ ဆီးချိုရောဂါအခံရှိတဲ့ အဖေ့ကို ကျမ စိတ်ပူတယ်။ အဲဒါကြောင့် မခေါ်ခဲ့ဘူး။ နယ်ကနေ ရန်ကုန်၊ ရန်ကုန်ကနေ လေဆိပ်ထိ ကျမတယောက်ထဲ။
အဖေကလည်း ကျမကို ပူတယ်။ “လေဆိပ်မှာ CDM ဝန်ထမ်းတွေ အဖမ်းခံရတယ်လို့ ကြားနေတာနော် သမီးရယ်” လို့ ကျမကို အဖေ မသွားစေချင်သလိုပြောတယ်။ “ပုဒ်မ ၅၀၅ အတပ်ခံထားရတဲ့လူတွေနဲ့ နာမည်ကြီးတွေကိုပဲ ဖမ်းတာထင်တယ်” လို့ ကျမထင်တာ ပြန်ပြောရတယ်။ “စစ်တာဆေးတာမျိုး ရှိနိုင်ပါတယ်” လို့လည်း မယုတ်မလွန် ထပ်ပြောရသေးတယ်။ အမေကတော့ ဘာမှနားမလည်သလိုမျိုး ကျမတို့သားအဖကို မျက်နှာငယ်လေးနဲ့ ငေးလို့။ လာခါနီး ကန်တော့ချိန်မှာ မျက်ရည်လည်ရွဲနဲ့ ဆုတောင်းပေးတာတခုသာ အမေလည်း တတ်နိုင်ရှာတယ်။
ကျမက အခြေအနေတွေကို မသိတာ၊ မိုက်ရူးရဲဆန်တာတော့လည်း မဟုတ်ပါဘူး။ စစ်တပ်က ဘာကိုမဆို လုပ်ရဲလောက်အောင်အထိ စိတ်ဓာတ်ရေးရာ နုံချာယုတ်ညံ့တာကို ကျမ သိထားပြီးသားပါ။ သိလို့လည်း ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ စိတ်လိုလက်ရ ပါဝင်ခဲ့တာပဲ။ ဒါပေမယ့် ကျမစိတ်ထဲမှာ ကျမလို နာမည်မကြီးတဲ့ CDM သမားတယောက်ကို သူတို့ သတိမပြုမိနိုင်လောက်ပါဘူးလေလို့ အတင်း ယုံကြည်နေမိတာကြောင့်လည်း ပါမယ်။ ကျမ စွန့်စားကြည့်လိုက်ချင်တယ်။
ထိုင်းရောက်ရင် စာမေးပွဲဖြေရမယ်။ အောင်ရင် ဂျပန်ကို ဆက်သွားမယ်။ ဟိုရောက်ရင် အိမ်ရဲ့စားဝတ်နေရေးက သေချာပေါက် ပိုအဆင်ပြေသွားလိမ့်မယ်။ အခုက သိပ်ကြပ်တည်းနေတာ မဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကျမ စုမိဆောင်းမိထားတာလေးတွေက လျော့ရဲလာပြီ။ ဒီနိုင်ငံမှာပဲ အလုပ်တခုခု လုပ်ဖို့ကကျ ကျမကို CDM သမားမှန်း သိတာနဲ့ အလုပ်မခန့်ရဲကြတာများတယ်။ CDM တွေသာ Boycott ခံ လူတန်းစားတွေ ဖြစ်မှန်းမသိ ဖြစ်လာတယ်။
အဖေတို့လည်း ကျမအတွက် စိတ်ပူပန်ရတာနဲ့ လပိုင်းအတွင်း သိသိသာသာ အိုကျသွားတယ်။ ကျန်းမာရေးတွေလည်း ထိကုန်ကြတယ်။ အမေဆိုရင် ညဘက် မအိပ်သလောက်။ ကျမ CDM စလုပ်ကတည်းက ကျမကိုစိတ်ပူပြီး အသံကြားတိုင်း ထ ထကြည့်နေတာ။ ပြေရာပြေကြောင်းတွေ ပြောလည်း မရ။ သူ့မယ် ကျမကို ဘယ်လိုမှ စိတ်မချနိုင်ရှာဘူး။ ဟိုမှာဆို အမေတို့ စိတ်ပူပန်ရလည်း သက်သာနိုင်တယ်။
နောက်တခုက ဟိုရောက်ရင် တော်လှန်ရေးမှာ ကျမ ပိုပြီးတော့ နက်နက်နဲနဲ ပါဝင်လို့ရနိုင်တယ်။ Fund Raising လည်း လုပ်နိုင်ပြီ။ ငွေကြေးလည်း ပိုထည့်ဝင်လို့ ရပြီ။ လတ်တလောက Twitter မှာ Tweet တာနဲ့ Click လောက်ပဲ လုပ်နိုင်တယ်။ စိတ်ထဲ အကောင်းကိုမျှော်ကိုးပြီး စွန့်စားဖို့ လုပ်ခဲ့ပေမယ့် ဘာတွေကြုံတွေ့ရနိုင်မလဲ ကျမ မသိ။ အခု လောလောဆယ်တော့ ထိတ်လန့်ကြောက်ရွံ့နေရတာကိုပဲ ကျမ သေချာသိတယ်။
လေဆိပ်ကိုရောက်ချိန်မှာ ကျမနဲ့အတူသွားမယ့် ကလေးမလေးက ကြိုရောက်နေပြီ။ သူက ငယ်တယ်။ CDM ကျောင်းသူ။ ပြည်ပအတွေ့အကြုံ မရှိဘူး။ ကျမက အတွေ့အကြုံရှိပေမယ့် Removal ထိထားတဲ့ CDM သမား ဖြစ်နေတယ်။ နှစ်ယောက်လုံးမှာ ကိုယ်စီ စိတ်ပူပန်မှုတွေနဲ့။ အကြည့်ချင်းဆုံရင် ခပ်နွမ်းနွမ်း ပြုံးပြမိတာကလွဲပြီး ကျမတို့နှစ်ယောက်လုံး ဘာစကားမှ မပြောဖြစ်ကြ။ လုပ်စရာရှိတာကိုပဲ ဆက်တိုက်ဆိုသလို လုပ်မိနေတယ်။
Immigration ကိုဖြတ်ဖို့ အပေါ်ထပ်ထက်တဲ့အထိ အရာရာက အဆင်ပြေနေသလိုပဲ။ စိတ်အား နည်းနည်း ပြန်တက် ချင်လာတယ်။ အလုံးစုံ စိတ်ချသွားတာမျိုးတော့ မဟုတ်။ လေယာဉ်ပေါ်ရောက်ပြီး လေယာဉ်မထွက်မချင်း၊ တဘက်နိုင်ငံထဲကို ရောက်မသွားမချင်း စိတ်ရဲ့ငြိမ်းအေးမှုကို ကျမ မခံစားရမှာက တကယ်သေချာတယ်။ ထိုင်းရောက်ရင်တောင် Quarantine က ဝင်ရဦးမယ်။ စိတ်မသက်သာဖွယ်ရာတွေချည်းပါပဲလား။
လှေကားထိပ်မှာ Immigration ယူနီဖောင်းဝတ်တွေ စောင့်နေကြတယ်။ ၄၊ ၅ ယောက်လောက်ရှိမယ်။ သူတို့ကို မြင်ချိန်မှာ ကျမခေါင်းထဲ အချက်ပေးခေါင်းလောင်းသံတွေ ရုတ်ချည်း ညံစီသွားတယ်။ အေးဆေးသက်သာသလို ဖြစ်ခဲ့ရတဲ့စိတ်က အစကထက် ၂ ဆလောက် ပိုပြီး ပူလောင်သွားတယ်။ ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြားရလောက်တဲ့အထိ ရင်ဘတ်ထဲက တဒိန်းဒိန်းနဲ့။ ခြေလှမ်းတွေပဲ မှားချင်သလိုလို၊ ရေပဲ ငတ်သလိုလို။
သူတို့က ကျမ Passport ကို တောင်းကြည့်တယ်။ ပြီးတော့ အစွန်ဆုံးကောင်တာကို ခေါ်သွားပြီး မှတ်ပုံတင် ထပ်တောင်းကြည့်တယ်။ ကောင်တာမှာ မှတ်ပုံတင် တောင်းကြည့်တာကတော့ အရပ်ဝတ်တွေနဲ့ ဖြစ်ကုန်ပြီ။
“ဝန်ထမ်းမလား … ကိုဗစ်တုန်းက ချေးထားတဲ့ ၂ လစာ ချေးငွေ ဆပ်ပြီးပြီလား”
သူတို့ပုံစံက ချေးငွေကိစ္စ မေးဖို့ပဲ ခေါ်သလိုမျိုး။ အကြွေးဆပ်ပြီးရင်ပဲ ကျမကို လေယာဉ်ပေါ်တက်ခွင့် ပေးတော့မလိုမျိုး။ ဒါပေမယ့် ချေးငွေကို အခုဒီနေရာမှာ တခါထဲဆပ်လို့လည်း မရပြန်ဘူးတဲ့။
အရပ်ဝတ်လူက ကျမကို မေးခွန်းတွေ ဆက်မေးတယ်။ ကျမဖြေတာတွေကိုလည်း သေချာလိုက်ပြီး ရေးမှတ်တယ်။ သူတို့ Report ပြန်ရေးဖို့တဲ့။ မေးခွန်းတွေက များပြားပွေလီတာကြောင့် ကျမ မနည်းသတိထားပြီး ဖြေရတယ်။ အလုပ်အကိုင် ရာထူးတွေအပြင် ကျမ မိဘတွေအကြောင်းပါ မေးတယ်။
မေးသမျှကို ဖြေနေတဲ့အချိန်အထိ ကျမစိတ်ထဲမှာ “ဖြေပြီးရင် ငါတော့ သွားရတော့မှာပဲ” လို့ ထင်မြဲ ထင်နေဆဲ။ ဒီလိုအထင်ကြောင့်လည်း သူတို့မေးတာကို ကျမ ကောင်းကောင်းမွန်မွန် ပြန်ဖြေတယ်။ သူတို့အပြောအရဆိုရင်တော့ ကျမက ကောင်းမွန်စွာပဲ ပူးပေါင်းပါဝင်တယ်ပေါ့လေ။ ဘယ်လောက်တောင် နုံအလိုက်တဲ့ ကျမလဲ။
မေးခွန်းတွေဖြေရင်း နာရီက ၆ ဂဏန်းနားကို ကပ်လာနေတာ ကျမ သတိထားမိတယ်။ နာရီလက်တံ တချပ်ချပ် အသံနဲ့အတူ ကျမနှလုံးသားက တဒိတ်ဒိတ်လိုက်ခုန်တယ်။ တဖြည်းဖြည်းနဲ့ နာရီလက်တံက ၆ ကို ကျော်သွားပြီ။ ကျော်ပြီး ငါးမိနစ်၊ ဆယ်မိနစ် … နာရီဝက်လောက်ရှိမှ ဒီလေယာဉ်နဲ့ ကျမ ဘယ်တော့မှ လိုက်ပါခွင့်မရှိတော့မှန်း နားလည်လိုက်တယ်။ လေယာဉ်နဲ့ မလိုက်ရရုံတင်မကဘဲ ကျမ အိမ်ကိုပါ ပြန်ခွင့်ရတော့ပါ့မလားလို့ပါ စိုးရိန်ရမှန်း သဘောပေါက်လာတယ်။ ရင်တွေက အဆမတန် တုန်လာပြန်တယ်။ မငိုရှိုက်ရဘဲနဲ့ မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်။
မျက်ရည်တွေနဲ့ ကတုန်ကယင်ဖြစ်နေတဲ့ ကျမကို Report ရေးနေတဲ့တယောက်က “ငိုမနေနဲ့လေ။ အစကတည်းက နင်တို့လိုဟာတွေ ဘယ်ကိုမှ သွားလို့မရမှန်း မသိဘူးလား။ ဘာလို့လာနေသေးတာလဲ။ နိုင်ငံတော်ကို ပုန်ကန်ပြီး လာငိုပြနေတယ်။ နင်တို့လာတာ ငါတို့တောင် အလုပ်ရှုပ်သေးတယ်။ နင်ပြီးရင် ၅၀၅ (က) နဲ့ နှစ်ယောက် ထပ်လာဦးမယ်။ ဖမ်းရဦးမယ်။ နားကို မနားရဘူး”
သူ့လေသံနဲ့ စကားလုံးတွေက မုန်းတီးဖွယ်ရာ။ ငြူစူစွာ အပြစ်တင်နေတဲ့ သူ့ရှေ့မှာ မာနစိတ်တင်းခံပြီး မငိုမိအောင် ကြိုးစားပေမယ့် မအောင်မြင်။ မျက်ရည်တွေကို ကျမ တားမရဘူး။ တုန်လှုပ်ကြောက်ရွံ့ခြင်းကိုလည်း မထိန်းသိမ်းနိုင်ဘူး။ အာရုံထဲ အဖေနဲ့ အမေရဲ့ မျက်နှာကို မြင်ယောင်မိချိန်မှာ ကျမ ရူးခါသွားတော့မတတ်ပဲ။
သမီးတော့ ဒုက္ခရောက်နေပါပြီ အဖေနဲ့အမေရယ် … သမီး ဘာဆက်လုပ်ရမလဲ။
နာကျင် စိုးထိတ်နေရတဲ့ကြားကနေ CDM တွေနဲ့ ၅၀၅ သမားတွေ နိုင်ငံခြားသွားမယ့်ကိစ္စကို ဒီအကောင်တွေ ကြိုသိနေတယ်လို့ပါ နားလည်လိုက်တယ်။ (လေယာဉ်လက်မှတ်ဝယ်ရုံနဲ့တင် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ Immigration အပါအဝင် ဌာန ၃ ခုစီကို စာရင်းရောက်သွားတယ်။ စာရင်းအရ ကျမတို့တွေဟာ ဘယ်နိုင်ငံကို ဘယ်အချိန်မှာ ဘာလေယာဉ်နဲ့ သွားမယ်ဆိုတာကို သူတို့သိပြီး သေချာစောင့်ဖမ်းမှန်း နောက်ကျမှ ကျမ သိရပါတယ်။)
“လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ဖို့ ခဏ လိုက်ခဲ့ပါဦး”
ကျမ ဟင်ခနဲ အသံထွက်သွားတယ်။ ဘယ်ကို ခေါ်သွားမလို့ပါလိမ့်။ စစ်ကြောရေးကိုများလား။ ကြောက်ရွံ့ခြင်းက အတောမသတ်နိုင်ဘူး။ သူတို့ပြောဆိုနေပုံအရ ကျမကို တရက်လောက်ပဲ ခေါ်ထားမလိုလိုပဲ။ ဒါပေမယ့် သူတို့က ယုံကြည်ရသူတွေမဟုတ်ဘူး။ ကျမကို ဖမ်းဆီး ပုဒ်မတပ်ရင် တပ်နေမှာ။
ကျမစိတ်က အကောင်းတိုင်း ရှိမနေ။ လေဆိပ်ကိုလာစဉ်က အကောင်းဘက်ကနေ မျှော်လင့်ခဲ့ဖူးတဲ့စိတ်က အခုတော့ အဆိုးဝါးဆုံး အခြေအနေတွေကိုသာ တရစပ် တွေးမိနေတယ်။ ကျမ ထောင်ကျမှာလား … ဒါမှမဟုတ် သူတို့ လုပ်နေကျလို နောက်နေ့မှ ကျမအလောင်းသာ အိမ်ပြန်ရောက်တော့မှာလား။ သေရမှာထက် အဖေနဲ့အမေရဲ့စိတ်ထဲ နာကျင်ထိခိုက်မှာကို ကျမ ပိုကြောက်တယ်။ တကယ်ကို မီးခဲမြိုချထားရသလိုပဲ။ ရင်ထဲက ပူလောင်လို့။
ရန်ကုန်လေဆိပ်ကနေ ကျမကို ကားနဲ့ နေရာတခုဆီ ခေါ်သွားတယ်။ သူတို့နေရာကို သွားတဲ့လမ်းမှာ ကျမကို လက်ထိပ်မခတ်ပါဘူး။ ဒါပေမယ့် ကျမ ဘယ်လိုမှ ထင်မှတ်မထားတဲ့အရာကို သူတို့လုပ်လိုက်တယ်။ အဲဒါကတော့ ကျမ မျက်လုံးတွေကို အဝတ်နက်တခုနဲ့ တင်းကြပ်စွာ စည်းနှောင်လိုက်တာပါပဲ။
Be the first to comment