
“ပင့်သက်များ”

အပိုင်း (၄)
မမရွှေရည်ကျေးဇူးနဲ့ မမို့၊ ထွန်းမင်းအပြင် ညီညီကပါ ကျမအကြောင်း သိသွားတယ်။ ကျမအဖြစ်က အားလုံးအတွက် သည်းထိတ်ရင်ဖို ဇာတ်လမ်းတပုဒ်လို။
သူတို့က ကျမပို့တဲ့စာတွေကို ဖတ်ပြီးတိုင်း “မိုရ် ရယ်” လို့ မချိတင်ကဲ ပြန်ပို့တတ်သလို နှာဗူးကောင်ကို သတိထားဖို့လည်း တွန်းတွန်းတိုက်တိုက် စကားဆိုတယ်။ အရေးဟယ်၊ အကြောင်းဟယ်ဆိုရင် ကျမဆီကို သူတို့ ချက်ချင်းပြေးမလာနိုင်ပေမယ့် သူတို့နဲ့ အဆက်အသွယ်ရတာကတင် ကျမစိတ်ကို တော်တော်လေး သက်သာရာ ရစေတယ်။ မပြောကောင်း၊ မဆိုကောင်း ကျမ တခုခုဖြစ်သွားရင်တောင် လူမသိ၊ သူမသိ မဟုတ်တော့ဘူးလေ။ ကျမတယောက်ထဲဆိုတဲ့ ခံစားချက်က ကျမရင်ထဲကနေ သေးမျှင်ပျောက်ကွယ်စ ပြုနေတာကိုလည်း သတိထားမိတယ်။
မမရွှေရည်က ကျမအိမ်ကို အကျိုးအကြောင်း ပြောပေးတယ်။ ထုံးစံမပျက် နည်းနည်းတော့ လျှော့ပေါ့ပြီး ဇာတ်လမ်းဆင်ရတာပေါ့။ အိမ်မှာနေတုန်းက အဝတ်အစားဝယ်ရင် ဈေးရင်းမပြောဘဲ ထက်ဝက်လောက် လျှော့ပြောသလိုမျိုး အခုလည်း သိပ်စိတ်ပူစရာမဟုတ်သလို ဟိုလိုလို၊ ဒီလိုလိုသာ ပြောတယ်။ အဲလို White Lie မသုံးရင် အမေက နေ့ချင်း ညချင်း အိပ်ယာထဲ လဲသွားလိမ့်မယ်။ အဖေက အခြေအနေကို သဘောပေါက်ပုံရတယ်။ “သမီးလေး အဆင်ပြေတာ တကယ်ရော ဟုတ်ရဲ့လား” တဲ့။ မမရွှေရည် ပြန်ပြောပြချိန်က ကျမ Tablet ကိုကြည့်ရင်း မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်။
ကျမ ကံကောင်းတာတခုက ကျမအကြောင်း သိသွားတဲ့အချိန်မှာ ဘယ်သူ့ဆီကမှ ပြစ်တင်စကား ပြန်မကြားရ။ “ဘာလို့ ဇွတ်တရွတ် ထွက်သွားရတာလဲ၊ မိုက်ရူးရဲလှချည်လား၊ ဦးနှောက်မရှိဘူးလား” ဆိုတာထက် “ဘာမှစိတ်မပူနဲ့၊ ငါတို့ ရတဲ့နည်းနဲ့ နင့်ကို အပြင်ပြန်ထုတ်ပေးမယ်” ဆိုတာပဲ ကြားရတယ်။ အဲဒီအတွက် သူတို့ကို ကျမ နှလုံးသည်းပွတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ဘယ်သူကတော့ ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် လုပ်ပါ့မလဲနော်။ ဒုက္ခဖြစ်လို့မှ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ရှိရတဲ့ကြားထဲ ပြစ်တင်ခံနေရဦးမှာဆိုရင် စိတ်ဓာတ်တွေပဲ အဝီစိထိ ကျဖို့ ရှိတော့တယ်။
သူတို့တွေလည်း ကျမကိုပြန်ထုတ်ပေးဖို့ စိတ်သာရှိတယ်။ အကုန်လုံးက CDM ဝန်ထမ်းတွေဖြစ်နေလို့ ဘယ်ကနေ ဘယ်လို စရမလဲ မရေမရာ။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းနဲ့ လမ်းကြောင်းကို သူတို့ အပူတပြင်း ရှာဖွေတယ်။ ကျမကို မကြောက်ရွံ့ဖို့ ပြောမြဲပြောတယ်။ ကျမ တကယ် စိတ်အားတက်ပါတယ်။
တကယ်တော့ ထွန်းမင်းနဲ့ ကျမက တက္ကသိုလ်တက်ကတည်းက သူငယ်ချင်း။ ပြောမနာ ဆိုမနာတွေ။ ကျန်သုံးယောက်နဲ့က အလုပ်ဝင်မှ ခင်တယ်။ ဌာနတခုထဲမှာ စာမေးပွဲဝင်ဖြေရင်း အလုပ်လည်းရ၊ အရမ်းလည်း ခင်သွားတာ။ မမရွှေရည်နဲ့ မမို့က ကျမထက်ကြီးတယ်။ ညီညီက ငယ်တယ်။ ကျမတို့က ရုံးမှာဆို အမြဲတတွဲတွဲ။ ဌာနခွဲမတူပေမယ့် Lunch Break မှာ ထမင်း အတူတူစားတယ်။ ပိတ်ရက်မှာ ခရီးတွေထွက်တယ်။ လစဉ် စုဖွဲ့ပြီး အလှူအတန်းတွေ လုပ်ကြတယ်။
ကျမတို့က ပြုပြင်ပြောင်းလဲရေးကာလတွေမှာ အလုပ်ဝင်ခဲ့တဲ့ ဌာနရဲ့ သွေးသစ်တွေလို့ ပြောရမယ်။ လတ်ဆတ်တယ်။ သန့်ရှင်းနေသေးတယ်။ အဲတော့ တချို့ သွေးပုတ်၊ သွေးညစ်တွေက ကျမတို့ကို မကြည်ကြ။ ဒီကာလမှာလည်း ကျမတို့က CDM လုပ်လိုက်လို့ လူကြီးတွေရဲ့ မျက်မုန်းကျိုးမှုကို ခံရပြန်တယ်။
မျက်မုန်းကျိုးခံရတဲ့အထဲ မမို့က အဆိုးဆုံးလို့ပြောရမယ်။ အမက နိုင်ငံခြားကို Scholarship နဲ့ ကျောင်းသွားတက် နေတာ။ မင်းအောင်လှိုင် အာဏာ ထ ရူးချိန်မှာ အမက ကျောင်းတက်ရင်း CDM တခါထဲလုပ်တယ်။ ကျမသိသလောက် ကျောင်းတက်ရင်း CDM လို့ အော်ကြသူ နှစ်မျိုးရှိတယ်။ တချို့က ဘွဲ့မရမချင်း CDM ဘွဲ့ရတာနဲ့ အွန်လိုင်းပေါ်မှာ လူကြားကောင်းအောင် အော်ထားတာတွေကို ဖျက်ပြီး ဟိုလိုလို၊ ဒီလိုလိုနဲ့ အလုပ်ပြန်ဝင်တယ်။ ခံဝန်တွေ ဘာတွေ ထိုးရသေးလား သေချာမသိ။
နောက်တမျိုးက မမို့လို။ အဆုံးထိ CDM ဆက်လုပ်တယ်။ အဲဒီအတွက် နိုင်ငံထဲ ပြန်ဝင်လာလို့မရ။ ရောက်တဲ့နိုင်ငံမှာတင် အဆင်ပြေသလို နေရတယ်။ မမို့ဆို မြန်မာပြည်က မိဘအိမ်အထိ စစ်သားတွေ ဝင်လာစစ်ဆေး ခံရသေးတယ်။ အမအိမ်က မမို့နဲ့ပတ်သက်ပြီး ဘာသတင်းမှမကြားဘူး၊ ဘာမှမသိဘူးလို့ လုပ်ထားရတယ်။
ဌာနကနေလည်း သတိပေးစာတွေ အလီလီထုတ်တယ်။ စာတွေထုတ်တဲ့အပြင် သူတို့က မမို့ကို “CDM လုပ်တာဟာ ဌာနအပေါ် ကျေးဇူးမသိတတ်တာ” လို့ ပြောချင်ကြသေးတာ။ မသိရင် မမို့ ကျောင်းတက်ဖို့ကို သူတို့ကပဲ ငွေစိုက်ထုတ်ပေးထားသလိုလို။ ဘာကျေးဇူးမှမပြုဘဲ ကျေးဇူးအတင်ခံချင်တာသာ ကင်ဆာလို ရောဂါမျိုးဆိုရင် သူတို့တွေဟာ တော်တော်လေး ရောဂါကျွမ်းနေလောက်ပြီ။
ကျမတို့တွေဟာ အိမ်က အဆင်ပြေလွန်းလို့ ဒီလမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့တာ မဟုတ်ဘူး။ သတ္တိလည်း သိပ်ကောင်းမနေဘူး။ လူငယ်ပီပီ မတရားတာကို မခံချင်တာရော၊ နောင် အသက်ကြီးလို့ ကိုယ်လျှောက်ခဲ့တဲ့လမ်းအကြောင်း ပြန်ဆန်းစစ်မိချိန်မှာ နောင်တမရချင်တာရော။ အဓိကက ကျမတို့ လိပ်ပြာလုံချင်တယ်။ သန့်ရှင်းတဲ့လေကို ရှူရှိုက်ပြီး ဘဝကို ရိုးရိုးစင်းစင်းသာ ဖြတ်သန်းချင်တယ်။
ကြောက်ရတဲ့ကြားကနေ မှန်တယ်ထင်တာကို လုပ်နေကြတဲ့ ကျမတို့ကို လူဖြစ်ရှုံးတယ်၊ ညံ့တယ်လို့ ထင်ရင်လည်း ထင်ကြလိမ့်မယ်။ အထူးသဖြင့် Non CDM တွေနဲ့ ရေပေါ်ဆီတွေကပေါ့။ ညီမလေးကြယ်စင်နဲ့ မောင်လေးဝေယံထွန်းတို့လို လူငယ်တွေရဲ့ အဖြစ်အပျက်တွေ မြင်နေလျက်နဲ့ မျက်စေ့စုံမှိတ်ပြီး ကိုယ့်တကိုယ်စာ အဆင်ပြေဖို့အရေး တွေးရအောင်အထိ ကျမတို့နှလုံးသားတွေက ညစ်ထေး မာကြောမနေ။ ကျမတို့သာ Non တွေလို နေရမယ်ဆိုရင် ဦးခေါင်းကို ချိန်တွယ်ပြီး စိတ်ရှိလက်ရှိ ပစ်သတ်ခံရတဲ့ လူတယောက်ချင်းစီတိုင်းကို ဘယ်ဘဝမှာမှ မျက်နှာချင်းဆိုင်ဝံ့မှာ မဟုတ်။ ကိုယ်ချင်းစာစိတ်နဲ့ အရှက်တရားကြောင့်ပဲ ဓမ္မအပေါ် မြတ်နိုးစိတ်ဝင်မိတယ်။ အဲဒီစိတ်နဲ့ပဲ CDM ကို ဆက်လုပ် မြဲ လုပ်တယ်။ တခါတလေ ဒီလမ်းကိုရွေးရတာ သိပ်ပင်ပန်းတယ်။ ခက်ခဲလိုက်တာလို့လည်း ထင်တယ်။ အခုတောင် ဒုက္ခရောက်နေရပြီမဟုတ်လား။ ဒါပေမယ့် ကျမ နောင်တတော့ မရပါ။
အစကတည်းက တတွဲတွဲရှိတဲ့ ကျမတို့အဖွဲ့ဟာ CDM ကိစ္စကြောင့် ပိုစည်းလုံးသွားခဲ့တာ သေချာတယ်။ လမ်းချင်းတူရင် ရင်ဘတ်ချင်းနီးတယ်ဆိုတာ လူကြားကောင်းအောင် လျှောက်ပြောတဲ့စကားမှ မဟုတ်ဘဲ။ ဒီလူတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရတာက ကျမဘဝရဲ့ အကောင်းဆုံးအရာတွေထဲက တခု။ အဲဒါ သေချာတာထက် ပိုတယ်။
လက်တလော ကျမဘဝရဲ့ အဆိုးဆုံးအရာကတော့ ဒီနေရာမှာ ပိတ်မိနေတာအပြင် ဟိုနှာဗူးကောင် ဖြစ်နေတယ်။
သူ့ရဲ့ ဖွန်ကြောင်နိုင်မှုစကေးက နေမြင့်လေ အရူးရင့်လေ ဆိုသလိုမျိုး။ ကျမမှာ အိမ်ထောင်ရှိတယ်လို့ လိမ်ညာ ပြောထားတာတောင်မှ သူ့ဘက်က နည်းနည်းလေးမှ အရှိန်တန့်မသွားဘူး။ သူ့ပုံစံက ကျမကိုတင်မဟုတ်ဘဲ မိန်းကလေးတိုင်းကို ကြောင်ချင်နေတဲ့ ပုံစံကြီး။ လူလွတ်၊ အိမ်ထောင်သည် မရှောင်ဘဲ မိန်းမမြင်တာနဲ့ ရရင် ရသလို၊ လစ်ရင် လစ်သလို စကားနဲ့ပဲဖြစ်ဖြစ်၊ အကြည့်နဲ့ပဲဖြစ်ဖြစ် ကြောင်လိုက်ရမှ ဆိုတာမျိုး။ အဲလိုကြောင်ရတာကိုလည်း သိက္ခာမဲ့မှန်း စဉ်းစားမိပုံမရဘဲ တဟဲဟဲ နဲ့။
ကျမကို သူ စကားရော၊ ဖောရောတွေ လုပ်တယ်။ အရည်မရ၊ အဖတ်မရတွေလည်း ပြောတယ်။ ကျမဖုန်းနံပါတ်ကိုပါ တောင်းသေးတယ်။ ကျမက အလွတ်မရဘူးလို့ ပြန်ဖြေတော့ မယုံသလိုနဲ့ ပြူးကြည့်တယ်။ ကျမလည်း ရှူတည်တည် ပြန်စိုက်ကြည့်လိုက်တယ်။
ကျမဆီလာနေကျ အရပ်ဝတ်လူက နှာဗူးကောင်နဲ့ပတ်သက်ပြီး ပြောတယ်။ “အဲ့ကောင်က နဂိုကတည်းက အဲဒီလို။ သူ့ကို သွားပြီး ဗွေယူလို့တော့မရဘူး” တဲ့။ ကျမမယ် ပြန်ပြောစရာစကားတောင် မရှိဘူး။ နှာဗူးကောင်က အကြည့်နဲ့ဖြစ်စေ၊ စကားလုံးတွေနဲ့ဖြစ်စေ အသားယူတာကို အဲဒါ သူ့စရိုက်မို့ ကျမက ငြိမ်ခံနေလိုက်ပါ ဆိုတဲ့သဘော။ ဒါဆို ကိုယ်ထိလက်ရောက် အသားယူလာရင်ရော … ဆက်ပြီး သည်းခံခိုင်းဦးမှာပဲလား။
ဒါကတင် သူတို့အဖွဲ့အစည်းဟာ အမျိုးသမီးတွေကို ဘယ်လိုသဘောထားသလဲဆိုတာ သေသေချာချာ မီးမောင်းထိုးပြနေတယ်လို့ပြောရမယ်။
ကျမ မနက်ဘက် မျက်နှာသစ်ရင်ပဲဖြစ်ဖြစ်၊ အိမ်သာဝင်ရင်ပဲဖြစ်ဖြစ် အဲဒီမျက်နှာရူးကို ဘယ်လိုမှ ရှောင်မရ။ သူက ကျမကို တာဝန်ယူထားရသလိုလို၊ ကာကွယ်ပေးတော့မလိုလိုတွေ လုပ်ပြတတ်သေးတယ်။
အမှန်အတိုင်းဝန်ခံရရင် ကျမ မျက်နှာတောင် ထွက်မသစ်ချင်ဘူး။ သူတို့တွေ တမျိုးထင်မှာစိုးလို့သာ ထွက်သစ်ဖြစ် တာ။ အဲဒါ နှာဗူးကောင်ကြောင့်တင် မဟုတ်။ ကျမ ရေတွေကို စိတ်မသန့်လို့။ ဒီရေတွေထဲ တခုခု ခပ်မထားပါဘူးလို့ ဘယ်သူ အာမခံနိုင်သလဲ။ စစ်တပ်က အဲလောက် မယုတ်ညံ့ပါဘူးလို့ ဘယ်သူ တာဝန်ယူ ပြောရဲသလဲ။ ကျမက အဆိုးမြင်တတ်လွန်းတာပါလို့ ထင်ရင် အဲဒါ စစ်တပ်ရဲ့လုပ်ရပ်တွေကြောင့် ကျမ ဒီလိုမြင်တတ်လာတာလို့ ပြန်ချေပရမှာပဲ။
ဒီကိုရောက်တာ သုံးရက်ပြည့်တဲ့အထိ ကျမ သွားမတိုက်ဘူး။ မျက်နှာသစ်ရင်တောင် ပါးစပ်ထဲ ရေဝင်မှာစိုးလို့ နှုတ်ခမ်းတွေကို ခပ်တင်းတင်း ဖိပိတ်ထားတယ်။ နှုတ်ခမ်းကို သွားနဲ့ ပြန်ကိုက်ထားတဲ့အခါလည်း ရှိတယ်။ မျက်နှာသစ်ပြီးတိုင်း နှုတ်ခမ်းတွေက နာလိုက်တာ။
သုံးရက်ရှိတဲ့အထိ ဒီအခြေအနေနဲ့ ကျမ နေသားမကျနိုင်သေး။ နေသားကျရအောင်လည်း အပျော်ခရီးထွက်တာမှ မဟုတ်ဘဲလေ။ ခပ်မှောင်မှောင်အခန်းထဲ ကျမ အသက်ရှူမဝဖြစ်မြဲ။ အစောင့်တွေရဲ့ ညဘက် အရက်ဝိုင်းက ကျမကို စိတ်မသက်သာ ဖြစ်စေမြဲပဲ။ ကျမ အခန်းရဲ့အပြင်ဘက်မှာ မူးရင် အသိစိတ် ပျောက်သွားနိုင်တဲ့လူတွေ၊ အဲလိုလူတွေဆီမှာက ကျမနေတဲ့ ဒီအခန်းရဲ့သော့။ ကျမ ဘယ်လိုများ စိတ်ကိုသက်သာအောင် ထားနိုင်မလဲ။
မမရွှေရည်က ပြောတယ်။ “အခန်းထဲ ဇွတ်တရွတ်ဝင်လာရင် ရိုက်စရာတခုခု ရှာထားနော် မိုရ်” တဲ့။ အချုပ်ကျနေတဲ့လူဆီမှာ ဘာလက်နက် ရှိနိုင်မလဲ။ ဟိုဟိုဒီဒီကြည့်တော့ စာအုပ်တွေသာ တွေ့တယ်။
“စာအုပ်တွေတော့ ရှိပါတယ်”
“စာအုပ်အနှောင့်နဲ့ ချိုစောင်းတွေကို မိအောင်သာခေါက်ပစ်။ ဘာမှ တွန့်ဆုတ်နေစရာမလိုဘူး။ အဲဒါမှမရရင် ပေါင် ကြားကို ဒူးနဲ့ အားကုန်ပစ်ဆောင့်ပစ်”
“ဟုတ် အမ”
မမရွှေရည်နဲ့ စကားကောင်းနေချိန်မှာ အရက်ဝိုင်းက ရုတ်ရုတ်သည်းသည်းအသံတွေ ကြားရတယ်။ ခါတိုင်းလည်း ဖြစ်နေကျ ကြားနေကျပဲ။ ဒါပေမယ့် ဒီတခေါက်က ရန်ဖြစ်တာထင်တယ်။ တခဏအတွင်းမှာတင် ဒေါသတကြီး အော်ဟစ်သံ၊ ဆဲဆိုသံ၊ ပုလင်းကျကွဲသံတွေနဲ့ ဆူညံသွားတာပဲ။ ဆဲတာမှ စုံနေအောင် ဆဲတာ။ အမေနဲ့ နှမတွေကို ရစရာမရှိလောက်အောင်အထိ ခရေစေ့တွင်းကျ ပက်ပက်စက်စက် ဆဲတာ။ ကြားရတဲ့ကျမတောင် အော်ဂလီဆန်လာတယ်။
သူတို့အသံတွေကို Recoding လုပ်ပြီး မမရွှေရည်ဆီ ပို့တယ်။ အမက “ဟယ် မိုရ်ရေ၊ သတိထားပါဦး”တဲ့။ မမရွှေရည် သတိထားပါဦးလို့ပြောမှ ကျမက ကြောက်သွားတယ်။ ကျမ စိတ်နှလုံးတခုလုံးဟာ အဝတ်မဲ့ ခန္ဓာကိုယ်လို မလုံမခြုံ ဖြစ်သွားတယ်။ ကျမ ဘာမှတော့ မဖြစ်လောက်ပါဘူးနော်။
အတွေးမှ မဆုံးသေး။ အခန်းတံခါးဆီက ဝုန်းခနဲ။ အစောင့်တွေ ရန်ဖြစ်ရင်း ကျမတံခါးကို ပစ်ဆောင့်မိတာလား။ ဒါမှမဟုတ် …
ကျမဝမ်းဗိုက်ထဲက အသည်းတွေ အူတွေ ပြောင်းပြန်ဖြစ်သွားသလိုပဲ။ ဘယ်ကနေ ဘယ်လို မတ်တပ်ဖြစ်သွားလိုက်မှန်းမသိ။ လက်သီးနှစ်ဘက်ကို တင်းတင်းဆုပ်ပြီး တံခါးမကြီးကို စူးစိုက်ကြည့်မိနေတယ်။ ကျမတကိုယ်လုံးက ကတုန်ကယင်။ ကြက်သီးတွေကလည်း ဖြန်းခနဲ … ဖြန်းခနဲ …
နေဦး … နေဦး … Tablet ကို ဖွက်ရဦးမယ်။ အမကို “ခဏနော်” လို့ ကျမ စာပို့တယ်။ Typing မှန် မမှန်လည်း ဂရုမစိုက်နိုင်။ ပြောပြီးတာနဲ့ conversation ကိုပါ ခပ်သွက်သွက် ဖျက်ပစ်တယ်။ Tablet ကို စာအုပ်တွေကြား ထိုးထည့်တယ်။ Tablet ကို Power ပါ Off လိုက်ရင် ကောင်းမလား။ အတွေးပေါင်းစုံနဲ့ ပြာယာခတ်ရင်း ကျမ ပိုကြောက်လာတယ်။ အခန်းတံခါးဆီက ဝုန်းခနဲအသံ ထပ်ကြားရပြန်ပါတယ်။ အထိတ်တလန့် ဟစ်အော်လိုက်တဲ့ ကျမအသံက လည်ချောင်းဝမှာတင် တိုးတိမ်သွားပြီး သဲ့သဲ့သာ ထွက်လာနိုင်တယ်။
“အမေရေ …”
Be the first to comment