
“ပင့်သက်များ”

အပိုင်း (၅)
အထက်လူကြီးတယောက် ရောက်လာမှ ရန်ပွဲကပြီးတယ်။ သူတို့ရန်ပွဲကို အထက်လူကြီး ဖြေရှင်းပုံကလည်း တမျိုး။ ဘယ်ကနေ စတာလဲ … ဘယ်သူမှားတာလဲလို့ တခွန်းမမေး။ ဘယ်သူမှလည်း သက်သေခံပေးစရာမလို။ ရန်ဖြစ်တဲ့နှစ်ယောက်လုံးကို ဦးတည်ငေါက်ငမ်းပြီး အကုန်လုံးကို ပက်ပက်စက်စက်ဆဲတယ်။ အချင်းချင်း ဆဲနေချိန်က နာစရာလို့ ထင်ခဲ့ကြသူတွေဟာ အထက်လူကြီး ဆဲတာကိုကျ ဆုံးမတာလို့ ခံယူပြီး ဘာသံမှ မထွက်။ တကယ့် အထူးအဆန်းတွေ။
ရန်ပွဲပြီးလို့ အချိန်တော်တော်ကြာတဲ့အထိ ကျမ ကြောက်ရွံ့နေဆဲ။ ဟိုးအမြင့်ကနေ ပြုတ်ကျသလိုမျိုး ရင်ဘတ်ထဲက ကတုန်ကယင်။ ရေသန့်ဘူးထဲကရေတွေ ကုန်စင်သွားတဲ့အထိ ကျမစိတ်ထဲ အေးငြိမ်းမသွားနိုင်သေး။ နောက်နေ့ အာဆွတ်စရာရေတောင် မကျန်တော့ပါဘူး။ ဖြစ်နိုင်ရင် ဒီအခန်းထဲကနေသာ အမြန် ပြေးထွက်သွားလိုက်ချင်ပြီ။
အခြေအနေ တော်တော်ပြန်အေးဆေးမှ ကျမ Tablet ကို ပြန်သုံးတယ်။ အချိန်က ည ၁၂ နာရီကျော်။ မမရွှေရည် မအိပ်သေးဘူး။ ကျမ ရုတ်တရက် ပျောက်သွားတဲ့အပေါ် သူလည်း စိတ်ချနိုင်ပုံမရ။ အကျိုးနဲ့ အကြောင်းကို ပြောပြချင်လို့ ကျမ မမရွှေရည်ကို စာပို့လိုက်တယ်။ အမက ချက်ချင်း Seen ဖြစ်တယ်။ ဒါပေမယ့် ဘာမှ ပြန်မပြော။ Typing လုပ်နေတယ်လို့ပါ ပေါ်မလာဘဲ စက္ကန့်ပိုင်းလောက် အမဘက်က ပကတိ တိတ်ဆိတ်နေတယ်။ ပြီးမှ …
“မိုရ်တို့ဒေါ်လေးရဲ့ အိမ်နားက ဘွားမေက မို့ရ်ကို ဘယ်မင်းသမီးနဲ့တူတယ်လို့ ပြောတာလဲ” တဲ့။
ရုတ်တရက် မမရွှေရည်ရဲ့မေးခွန်းကို ကျမ နားမလည်ဘူး။ ကျမဖာသာ စိတ်အေးချမ်းမှု မရနိုင်သေးတဲ့ကြားထဲ အမက ဘာတွေ လာမေးနေတာပါလိမ့်။ ဘွားမေအကြောင်းက ဘယ်ကနေ ဘယ်လို ပေါ်လာရပါလိမ့်။
ဘွားမေဆိုတာက ကျမဒေါ်လေးအိမ်နားက အမေကြီးတယောက်ပါ။ အသက် ၇၀ နီးပါးလောက်ရှိမယ်။ အခုအချိန်ထိ သွက်သွက်လက်လက်နဲ့ ချက်နိုင်၊ ပြုတ်နိုင်၊ အလုပ်လုပ်နိုင်သေးတယ်။ ဒေါ်လေးနဲ့ သူ့အိမ်ကိုသွားလည်ရင်း ကျမနဲ့ တော်တော်လေးခင်သွားတယ်။
ပထမဆုံးအကြိမ် တွေ့တုန်းကဆို ကျမကိုဘွားမေ တချိန်လုံး ကွက်ကြည့် ကွက်ကြည့်။ ကျမစိတ်ထဲ တမျိုးပဲ။ ပြန်မယ်လို့ နှုတ်ဆက်ချိန်မှာ ကျမတို့ကို အိမ်ရှေ့အထိ လိုက်ပို့တယ်။ အိမ်ရှေ့ရောက်ချိန်မှာ ကျမလက်ကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ပြီး “သမီးက အနီမဟုတ်လား” တဲ့။ တကယ့်ကို အားကိုးတကြီး မျက်ဝန်းတွေနဲ့ မော့ကြည့်ပြီး ဘွားမေ မေးတယ်။ ဒါပေမယ့် သူ့မှာ အထိတ်တလန့် ဖြစ်နေသလိုလို၊ ချောင်းနားထောင်နေတဲ့လူ ရှိနေသလိုလို အသံက တိုးတိုးလေး။
ကျမ ဘာပြန်ဖြေရမှန်းမသိသေး။ ဘွားမေမျက်နှာကို ပြန်ပြီးသာ စိုက်ကြည့်နေမိတယ်။ ဘွားမေက …
“ဘွားမေတို့ နိုင်တော့မှာလားဟင်၊ ဘယ်အခြေအနေ ရောက်ပြီလဲ။ အမေစုရော ကျန်းကျန်းမာမာရှိရဲ့လား။ ဘွားမေက သမီးတို့အိမ်က အနီမှန်းသိလို့ စိတ်ထဲကနေ ကြိတ်ခင်နေတာ။ သားမက်က စစ်သားဆိုတော့ အိမ်မှာ သတင်းမှန် မသိရဘူး။ ပြောလည်း မပြောရဲဘူး။ မွေးထားတဲ့သမီးကလည်း ပုတ်သင်ညိုမ။ အစက နီပြီး လင်ရမှ အရောင်ပြောင်းပြီး စိမ်းသွားတာ” လို့ ဆက်ပြောတယ်။
ဘွားမေအပြောကို ရယ်လည်းရယ်ချင်၊ သနားလည်း သနား။ လက်တလော နိုင်ငံရေးအခြေအနေကို ကျမ ခပ်သွက် သွက် ရှင်းပြလိုက်တယ်။ ရှင်းပြလို့ပြီးချိန်မှာ ဘွားမေက ကျမကို ကျေးဇူးတင်သလိုကြည့်တယ်။ ကျမပါးကို ကလေးမြှူသလို လက်ချောင်းတွေနဲ့ စုကိုင်ရင်း “သမီးက စိုးမြတ်သူဇာနဲ့ တူတယ်” တဲ့။
ကျမက မျက်နှာပြည့်ပြည့်၊ အသားလတ်လတ်၊ ခန္ဓာကိုယ် ခပ်တောင့်တောင့်ဆိုတော့ ဘွားမေက ချီးကျူးလိုစိတ်နဲ့ ပြောလိုက်တာပါပဲ။ တခြားအချိန်ဆိုရင် မင်းသမီးနဲ့နှိုင်းတာကို ကျမ သိပ်ပျော်မိမှာ။ အခုကျ စိုးမြတ်သူဇာက သေချာပေါက် Boycott ရမှာဆိုတော့ ကျေးဇူးတင်စကား ဆိုလိုက်ပေမယ့် ကျမစိတ်ထဲက မအီမလည်။ သက်မွန်မြင့်ဆို တော်သေး။ နောက်ပိုင်း ဘယ်နေရာမှာပဲတွေ့တွေ့ ကျမကို ဘွားမေ လာနှုတ်ဆက်တတ်တယ်။ စိုးမြတ်သူဇာနဲ့ တူတယ်လို့လည်း ပြောမြဲပြောတယ်။
အဲဒီအကြောင်း မမရွှေရည်ကို ပြောပြဖူးတယ်။ အခု သူက ကျမကို အဲဒီအကြောင်း ဘာကြောင့် ပြန်မေးနေရတာပါလိမ့်။
“ဘွားမေက စိုးမြတ်သူဇာနဲ့တူတယ်လို့ ပြောတာလေ မမရွှေရည်။ ဘာလို့လဲ”
မမရွှေရည်က အားပါးတရပြုံးနေတဲ့ emoji ကို ပြန်ပို့တယ်။ ပြီးမှ …
“မဟုတ်ပါဘူး မိုရ်ရယ်။ အမ စိတ်ပူလို့ပါ။ မိုရ်က အကြာကြီးပျောက်သွားတော့ ဟိုကောင်တွေများ မိုရ် Tablet သုံးနေတာကို မိသွားတာလားဆိုတာ သံသယဖြစ်လာလို့။ အခုလည်း ဟိုကောင်တွေကပဲ မို့ရ်ယောင်ဆောင်ပြီး အမတို့ကို ပြန်ထောက်လှမ်းတာလား စိုးရိမ်လို့ အမတို့ပဲ သိတဲ့အကြောင်းအရာကို မေးကြည့်တာ” တဲ့။
မမရွှေရည်ကို ကျမ သဘောကျသွားတယ်။ အမက ဉာဏ်ကောင်းသားပဲ။ ကျမကသာ ရုတ်တရက် ထူပူပြီး ဘာမှ မတွေးမိတာ။ အမနဲ့ စကားပြောမှ စိတ်က အေးချမ်းမှုပြန်ရတယ်။
နောက်ပိုင်းလည်း ကျမတို့ စကား စပြောတိုင်း မမရွှေရည်က ကျမကို မေးခွန်းတွေနဲ့ Confirm လုပ်တတ်တယ်။ ကျမ ကြိုက်တဲ့အရောင် … ကန်တင်းမှာ အမြဲ မှာစားတတ်တဲ့မုန့် … ကျမသောက်လေ့ရှိတဲ့ လက်ဘက်ရည် အမျိုးအစား … အဲဒါတွေအပြင် ကျမတောင် ကြောင်သွားတဲ့ မေးခွန်းမျိုးကိုလည်း မေးတတ်သေးတယ်။ ဥပမာ “မို့ရ်အမရဲ့နာမည်က ဘာလဲ” ဆိုတာမျိုး။ “မို့ရ်မှာ အမမရှိဘူးလေ” လို့ပြန်ဖြေရင် “ အဖြေမှန်ပါတယ်” တဲ့။ ကျမ ရယ်သာနေလိုက်ရတယ်။ တော်သေးပါတယ်။ စိတ်ညစ်ညူးနေရတဲ့ကြားက စိတ်အေးသက်သာစရာလေး ရှိနေလို့။
အစောင့်တွေရဲ့ ရန်ပွဲပြီးတဲ့နောက်ပိုင်း ကျမကို မမရွှေရည် တချိန်လုံးနီးပါး အဆက်အသွယ်လုပ်တယ်။ ကျမကို တယောက်ထဲရယ်ဆိုတဲ့ ခံစားချက် ပေါ်မလာအောင်လို့ ဖြစ်လိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာအရ ကျမကို လာရောက်ထိတွေ့ ကူညီလို့မရပေမယ့် စိတ်ပိုင်းဆိုင်ရာ အထိအရှမဖြစ်ရအောင် မမရွှေရည်ရော၊ ကျန်တဲ့သူတွေရော အစွမ်းကုန် ကြိုးစားပေးကြရှာတယ်။
အမနဲ့ ကျမ စကားဝှက်တွေပါ လုပ်ဖြစ်တယ်။ Tablet ကို စစ်သားတွေ မိသွားတဲ့အခါ သိမ်းဆည်းမပစ်ဘဲ ကျမကိုပဲ သုံးခိုင်းပြီး အမတို့ကို ပြန်ထောက်လှမ်းနေရင် ဘယ်လို စကားဝှက်မျိုး သုံးမလဲဆိုတာကိုပေါ့။ စာကို နောက်က ပုဒ်မတပ်ပြီးပို့ရင် ဘယ်လိုအခြေအနေ၊ ပုဒ်မ မတပ်ဘဲ အစက်တွေပဲချရင် ဘယ်လိုအနေအထား။ စသည်ဖြင့်ပေါ့။
ရက်ကြာလာတာနဲ့အမျှ ကျမ Tablet က Battery အားနည်းလာပြီ။ အားအပြည့်ကနေ တဖြည်းဖြည်း ၅၀ ကျော် လောက်သာ ကျန်တယ်။ မီးသီးတောင်မရှိတဲ့ အခန်းထဲ အားသွင်းလို့က ဘယ်ရပါ့မလဲ။ တစစ လျော့နည်းလာတဲ့ Battery Percentage က ကျမရဲ့ စိတ်အားကိုပဲ ကိုယ်စားပြုနေသလိုလို။ ကျမ စိတ်ဓာတ်တွေကျလာပြီ။
စိတ်တင်မဟုတ်ဘဲ ကျမခန္ဓာကိုယ်ကလည်း အချိန်ပြည့် နွမ်းလျနေတတ်တယ်။ ညဘက် ကောင်းကောင်းအိပ်မပျော်တာ၊ ရေဓာတ်ခမ်းခြောက်တာတွေက ကျမ ကျန်းမာရေးကို အဆိုးဘက်ဆီ အတင်း တွန်းပို့နေတယ်။ ဒီကြားထဲ သွားမတိုက်ဘဲ၊ ရေမချိုးဘဲ နေရတာကြောင့် ကျမခန္ဓာကိုယ်က ဆိုးဆိုးဝါးဝါး နံစော်နေသလိုပဲ။ ကြာတော့ ကိုယ့်ကိုယ်ကိုတောင် မသတီချင်။
ကျမရဲ့အခြေအနေနဲ့ အစောင့်တွေရဲ့ ရန်ပွဲက ကျမတို့အားလုံးကို တပ်လှန့်လိုက်သလို ဖြစ်သွားတယ်။ “မိုရ် မြန်မြန် လွတ်မှ ဖြစ်မှာပါ” လို့ ထွန်းမင်းကပြောတယ်။ ကျမကို ဒီအခန်းထဲ တစက္ကန့်တောင် စိတ်မချနိုင်တော့ဘူး တဲ့။ “အဲဒါ မမိုရ် နေရသင့်တဲ့ ပတ်ဝန်းကျင်မဟုတ်ဘူး” လို့ ညီညီကလည်း ပြောတယ်။
ကျမကို လာပြောသလို သူတို့အချင်းချင်းလည်း အမြဲတစေ ကျမလွတ်မြောက်ရေးကိုပဲ ဆွေးနွေးနေတတ်တယ်။ သူတို့ဆွေးနွေးပွဲကတော့ UN လိုမျိုး နှုတ်ကတင် စိတ်ပူပန်နေရုံ မဟုတ်လောက်ဘူး။ ကျမအတွက် သေချာပေါက် လွတ်မြောက်လမ်း တွေ့အောင်ရှာကြမှာ။ ဒါကို ကျမ အကြွင်းမဲ့ ယုံကြည်ပါတယ်။
ပိုက်ဆံပေးရင် ရတယ်လို့ ပါးစပ်ပြောသတင်းတွေလည်း ရှိတယ်။ ငွေပေးရင် လွတ်တတ်တယ်ပေါ့လေ။ ဒီလိုဖမ်းဆီးတာကိုက ငွေညှစ်ချင်ရုံသက်သက်လို့ ပြောကြတာပဲ။ ထွန်းမင်းနဲ့ ညီညီက သူတို့ကိုယ်တိုင်လာပြီး ဟိုကောင်တွေနဲ့ ညှိမယ်တဲ့။ မမို့က လိုတဲ့ငွေအကုန် သူ စိုက်ထုတ်ပေးထားမယ်လို့ တာဝန်ယူတယ်။ ကျမက မလုပ်စေချင်။ အန္တရာယ် များသလားလို့ပဲ။ အကုန်လုံးက CDM တွေလေ။ ကျမအတွက်နဲ့ သူတို့ပါ အဖမ်းဆီးခံရတာမျိုး မဖြစ်စေချင်။ ကျမ အတင်းတားတယ်။
“ညှိနှိုင်းတာမလုပ်ဘဲ ရုံးကို ကိုဗစ်ချေးငွေ အရင်ဆပ်ဖို့ လုပ်ရမယ်ထင်တယ်”
ကျမပြောတာကို သူတို့လက်ခံတယ်။ ခက်တာက ကိုဗစ်ချေးငွေကို ဒီနေရာမှာ ဆပ်လို့မရဘူးတဲ့။ ရုံးမှာပဲ ဆပ်ရမယ် တဲ့။ ကျမဆီ လာနေကျ အရပ်ဝတ်နဲ့လူက ခပ်တင်းတင်းပြောတယ်။ ကျမက အထဲရောက်နေလို့ ချေးငွေဆပ်ဖို့ကိစ္စကို ထွန်းမင်းကပဲ ဦးဆောင်လုပ်သွားတယ်။ ကျမတို့အပေါ် မကြည်လင်နေကြတဲ့ ရုံးက Non CDM တွေကို ဖုန်းဆက် ပြီး ကျမအတွက် ချေးငွေဆပ်ပေးတယ်။ မမို့က ဒိုင်ခံ ငွေထုတ်တယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် စည်းကမ်းရှိပြီး အားနာတတ်တဲ့ ကျမကို မမို့က ပြန်ချော့တယ်။
“မိုရ်ရေ။ ဘာမှ အားနာစရာမလိုဘူးနော်။ အခုက လွတ်ဖို့ပဲ တွေး။ လူက အရေးကြီးတယ်။ လူသာလွတ်လပ်ရင် ငွေက ဘယ်အချိန် ပြန်ရှာရှာ ရတယ်” လို့ ချော့မော့ပြီးကို ကျမအတွက် ပိုက်ဆံ စိုက်ပေးတယ်။
တခြားလမ်းကြောင်းနဲ့ တခုခုလုပ်လား၊ မလုပ်ဘူးလားက ကျမကို သူတို့ မပြောပြကြ။ ကျမလည်း သေချာမသိ။ ကျမ က အချိန်ပြည့်နီးပါး မူးဝေနေပြီး နွမ်းလျနေတာကြောင့် တချို့ကိစ္စတွေကို အာရုံမထားနိုင်ဘူး။ ကျမ စိတ်အာရုံက ဘယ်အရာပေါ်ကိုမှ စူးစိုက်ထားလို့မရ။ တခါတလေ မမရွှေရည်နဲ့ စကားပြောရင်းကနေ ကျမတို့ ဘာအကြောင်းပြောနေတာလဲတောင် မေ့လျော့သွားတတ်တယ်။
ကျမရဲ့ သောက်ရေအခက်အခဲကို သိနေတဲ့ ညီညီက “မမိုရ်ကို ရေဘူးနဲ့ မုန့် လာပေးမယ်” လို့ ပြောတာကိုကျ ကျမ အာရုံမထားလို့မရ။ သူ့စာဝင်လာချိန်က ကျမ တကယ်ကို ပြာပြာသလဲ ဖြစ်သွားတယ်။ ကျမဆီကိုလာရင် သေချာပေါက် လေဆိပ်ကနေတဆင့်ပဲ လာလို့ရမှာ။ လေဆိပ်က ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် တင်းကြပ်နေတာမှ တကယ့် ခံတပ်ကြီးလိုမျိုး။ ဝင်လာဖို့ မလွယ်ဘူး။ ညီညီ ဒုက္ခရောက်သွားလိမ့်မယ်။
ညီညီ့ကို ကျမ တားတယ်။ “မလာပါနဲ့ မောင်လေးရယ်။ အမ အဆင်ပြေတယ်။ သူတို့ဆီက ရေကိုပဲ သောက်လိုက်ပါ့မယ်။ မောင်လေးလည်း C ပဲ။ ဒုက္ခများပါတယ်”
ကျမ အတင်းတားတယ်။ မမရွှေရည်တို့ကိုလည်း ညီညီ့ကို မလာခိုင်းဖို့ ပြောတယ်။
“မမရွှေရည်ရေ … ညီညီ့ကို မလာစေနဲ့နော်။ ရအောင်တားဦး။ သူတခုခုဖြစ်မှာ ညီမကြောက်တယ်”
ဒါပေမယ့် ညီညီက လူလေးကြည့်တော့ ဖြူဖျောဖျော့နဲ့ အားပျော့သလို ထင်ရပေမယ့် စိတ်မာတယ်။ စိတ်ထက် ခေါင်းမာတာလို့ ပြောရမယ်ထင်တယ်။ အကြိမ်ကြိမ်၊ အဖန်ဖန် တားနေတဲ့ကြားကနေ ရေဘူးနဲ့ မုန့်ထုပ်ကိုင်ပြီး ကျမဆီကိုသူ မရောက်ရောက်အောင် အတင်းလာပါတော့တယ်။
Be the first to comment