
“ပထဝီနိုင်ငံရေး မိုင်းကွင်းများ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
မတ်လ ၁၃-၁၆ ကုလအတွင်းရေးမှူးချုပ် ဂူတာရက်ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဥ် နောက်ပိုင်းမှာ ရိုဟင်ဂျာအရေးဟာ အရင်အချိန်တွေကထက်စာရင် ပိုပြီးတိကျတဲ့ လုပ်ငန်းစဥ်တွေ ရှိလာတဲ့သဘော မြင်တွေ့လာရတယ်။
မတ်လ ၂၄-၂၅ မှာ အမေရိကန် ပစိဖိတ်စစ်တပ်ရဲ့ ဒုဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဂျိုရယ်ဗိုဝယ်နဲ့ အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတယ်။ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက်လို့ သတင်းထုတ်ပြန်တယ်။
‘စီခါလီ စင်္ကြန်လမ်းစီမံကိန်း (Silkhali Corridor Project)’
စီခါလီဟာ ကောက်ဘဇားခရိုင်အပိုင် တက်နခ်မြို့ရဲ့မြောက်ဘက် ကီလိုမီတာ ၃၀ အကွာက ရွာလေးတရွာဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်ကို ပိုင်းခြားထားတဲ့ နတ်မြစ်ကမ်းဘေးမှာရှိပြီး တဘက်မှာ မောင်းတောဖြစ်တဲ့အတွက် မြန်မာဘက်ခြမ်း ရိုဟင်ဂျာပဋိပက္ခဇုံနဲ့ အနီးကပ်ဆုံးမှာ ရှိနေတယ်လို့ ပြောရမှာဖြစ်တယ်။ စီခါလီစင်္ကြန်စီမံကိန်းဆိုတာက ဒီဒေသကနေဖြတ်ပြီး ရခိုင်ဒေသကို လူသားချင်း စာနာမှုအတွက် အကူအညီပေးအပ်ဖို့ စီစဥ်နေတာကို ဆိုလိုတယ်။
ဒီစီမံကိန်း ဘယ်တော့စပြီး ဘယ်လိုအစိတ်အပိုင်းတွေ ပါဝင်မယ်ဆိုတာကတော့ အကြမ်းမှန်းဆချက်တွေနဲ့ ဆွေးနွေးမှုတွေ ထွက်ပေါ်လာပေမယ့် တိကျတဲ့ သတ်မှတ်ချက်တွေ မရှိသေးတာ တွေ့ရတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့ (ဧပြီ ၂၇ ရက်နေ့) မှာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ယူအင်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီး ရခိုင်ဒေသကို အကူအညီပေးဖို့ဆိုတာကို လက်ခံခဲ့ပြီဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်ဟာ နယ်နိမိတ် ၂၇၀ ကီလိုမီတာ ပိုင်းခြားထားပြီး နယ်စပ်တခုလုံးလိုလိုဟာ အေအေရဲ့ သိမ်းပိုက်ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေတာဖြစ်လို့ မြန်မာဘက်ခြမ်းအတွက် အဓိက ဆက်သွယ်ရမယ့် အဖွဲ့အစည်းဟာ အေအေ ဖြစ်လာမှာဖြစ်တယ်။
‘အမေရိကန် ပတ်သက်မှု’
ယူအင်ရဲ့လူသားချင်းစာနာမှု အထောက်အကူစီမံကိန်းမှာ အမေရိကန်နိုင်ငံခြားရေးဘက်က အရာရှိ ၃ ဦးရဲ့ ဒါကာကိုလာတဲ့ လတ်တလောခရီးစဥ်တွေက နိုင်ငံတကာက လေ့လာသူတွေကို အမေရိကန်ရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတဲ့မေးခွန်းကို ဖြစ်စေတယ်။ ဒီအထဲမှာ စူစန်စတီဗင်ဆင် (နေပြည်တော်အခြေစိုက် အမေရိကန် အဆင့်မြင့်သံအရာရှိ – သံအမတ်မထားတဲ့ နိုင်ငံတွေမှာ အစားထိုးခန့်အပ်ထားသူ) နဲ့ တောင်အာရှနဲ့ အရှေ့ပစိဖိတ်က အရာရှိတွေပါတဲ့အတွက် ယူအင်အစီအစဥ်ဟာ အမေရိကန်ရဲ့ အင်ဒိုပစိဖိတ် ဒေသတခုလုံးနဲ့ဆိုင်တဲ့ နိုင်ငံခြားရေးပေါ်လစီနဲ့ ဆက်စပ်နေမယ်လို့ ယူဆလာကြတဲ့ သဘောကိုလည်း တွေ့ရတယ်။
ဒီလို ယူဆရတာကလည်း ထိပ်မှာပြောခဲ့တဲ့ အမေရိကန် ပစိဖိတ်စစ်တပ်ဆိုတာက ဟာဝိုင်အီ၊ အလာစကာ၊ ပစိဖိတ်သမုဒ္ဒရာ၊ တောင်ကိုရီးယားနဲ့ ဂျပန်က အမေရိကန် စစ်အခြေစိုက်စခန်းတွေ အားလုံးပါတဲ့အတွက်ဖြစ်တယ်။ အမေရိကန်ရဲ့ ဒီစစ်တပ် (အမိန့်ပေးစင်တာ) ဟာ ဟေတီ၊ ကျူးဘားနဲ့ အရှေ့အလယ်ပိုင်းက လူသားချင်းစာနာမှုမစ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးတဲ့ မှတ်တမ်းတွေရှိတယ်။ ဆိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကလာမယ့် လူသားချင်းစာနာမှု အထောက်အကူနဲ့အတူ အမေရိကန်ရဲ့ တရုတ် ပရောက်စီစစ်ပွဲ ပြင်ဆင်မှု ဖြစ်လာမလားလို့ ယူဆကြ စိုးရိမ်ကြတဲ့သုံးသပ်မှုတွေကိုလည်း တွေ့ရပြန်တယ်။
‘ထရမ့် ရက် ၁၀၀’
ဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်း ပထမ ရက် ၁၀၀ ဟာ ဧပြီ ၃၀ ရက်နေ့မှာ ပြီးဆုံးတယ်။ အမေရိကန်သမ္မတတွေထဲမှာ ပထမ ရက် ၁၀၀ အတွင်း လူထုစစ်တမ်းနဲ့ ထောက်ခံမှုမှာ အနိမ့်ဆုံး ကျဆင်းသွားတဲ့ သမ္မတအဖြစ် ထရမ့်ဟာ မှတ်တမ်းဝင်ခဲ့ပြီဖြစ်တယ်။ ထရမ့်ရဲ့ ပထမ ရက် ၅၀ မှာ အမေရိကန်စီးပွားရေး၊ အစိုးရစီမံခန့်ခွဲမှု ကောင်းမွန်မှုနဲ့ ယူကရိန်းစစ်ကြားမှာ အာရုံစိုက်ပြီး နောက်ထပ် ရက် ၅၀ မှာ တိုင်ဝမ်နဲ့ အာရှ၊ အာဖရိကဒေသတွေနဲ့ ပတ်သက်တဲ့ တရုတ်နဲ့ အမေရိကန်ကြား ပထဝီနိုင်ငံရေး သဘောထားတွေ တွေ့ကြရမယ် မျှော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် အမေရိကန် ကုန်သွယ်ခွန်ကောက်ခံမှု သဘောထား ထုတ်ပြန်ချက်တွေနဲ့ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ဟာ ဒုတိယ ရက် ၅၀ တခုလုံးရဲ့ အဓိက အားပြိုင်မှုအဖြစ် ဆက်လက် ထွက်ပေါ်လာခဲ့တယ်။
ကုန်သွယ်စစ်ကြောင့် အမေရိကန်ကိုပို့နေကျ တရုတ်ကုန်တွေရဲ့ စျေးကွက်အတွက် ရှီကျင်းပင်ဟာ အရှေ့တောင် အာရှ နိုင်ငံတချို့ကို ခရီးထွက်သလို ပြည်တွင်းစားသုံးမှု တိုးမြှင့်ဖို့လည်း ဆောင်ရွက်နေတာတွေ တွေ့ရတယ်။အမေရိကန်ဘက်မှာ ကုန်သွယ်ခွန်ကြောင့် စျေးနှုန်းမြင့်တက်လာတဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူသုံးစွဲရတာကို ကာမိဖို့အတွက် ထရမ့်ဟာ အမေရိကန်ပြည်သူတွေကို အခွန်အကောက် ကောက်ခံမှုတွေ လျှော့ချပေးတာကို တွေ့ရမှာဖြစ်တယ်။ အမေရိကန်ဘက်က တရုတ်နဲ့ ဆွေးနွေးဖို့နည်းလမ်းတွေ ရှာဖွေထားပြီး ဖြစ်နိုင်ခြေတွေ ရှိနေတယ်လို့ သတင်းထုတ်ပြန်ပေမယ့် တရုတ်ဟာ အမေရိကန် အနိုင်ကျင့် ကုန်သွယ်မှုလို့ ယူဆထားတဲ့အတွက် ကုန်သွယ်စစ် ကို ကြံ့ကြံ့ခံ တန်ပြန်မယ့်သဘော (အံကြိတ်ပြီး) အသံတိတ်နေဆဲဖြစ်တယ်။
‘စီးပွားရေးကျဆင်းမှု (ရီဆက်ရှင်း)’
အမေရိကန် စီးပွားရေးပညာရှင် အတော်များများကတော့ အမေရိကန်ဟာ စီးပွားရေးကျဆင်းမှုအတွင်း (အခုရောက်နေတာမဟုတ်ရင်) မရှောင်မလွှဲနိုင်ဘဲ ရောက်တော့မှာလို့ တညီတညွတ်တည်း ခန့်မှန်းချက်ပေးကြတာ တွေ့ရတယ်။ ရီပတ်ဘလီကန်ယိမ်းတဲ့ ပညာရှင်တချို့ကတော့ အမေရိကန်စီးပွားရေးကို အခြေအမြစ်ကစပြီး ပြင်ဆင်ဖို့အတွက် ရီဆက်ရှင်းဟာ အခြေခံအဖြစ် လိုအပ်တယ်လို့ အကောင်းဘက်ကမြင်ပြီး သုံးသပ်ပေးကြတာလည်း ရှိတယ်။ ဒါပေမယ့် အကြံကြီးပြီး ထင်ရာလုပ်တဲ့ ထရမ့်ရဲ့ မက်ဂါ (MAGA – Make America Great Again) အစီအစဥ်ကတော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ဖို့ ရှိနေတယ်။
ရီဆက်ရှင်းရဲ့ စီးပွားရေးသတ်မှတ်ချက်က ကွာတားနှစ်ခုဆက်တိုက် (၆ လဆက်တိုက်) GDP ကျတာကို ဆိုလိုတယ်။ အမေရိကန်ဟာ ကမ္ဘာ့စီးပွားပျက်ကပ် (၁၉၂၉-၃၀) နောက်ပိုင်းမှာ ၁၄ ကြိမ် ရီဆက်ရှင်းဖြစ်ခဲ့တဲ့ တရားဝင်မှတ်တမ်းရှိတယ်။ ရှေ့ပိုင်း ရီဆက်ရှင်းတွေကိုဖယ်ပြီး ၁၉၇၃ ရေနံပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ ရီဆက်ရှင်းကနေ ကိုဗစ်ရီဆက်ရှင်းထိ အကြမ်းလေ့လာကြည့်တော့ စီးပွားရေးကြောင့် (ဘဏ္ဍာရေးပေါ်လစီ၊ ငွေကြေးပေါ်လစီတွေကို ဆိုလိုတယ်) ဖြစ်တဲ့ ရီဆက်ရှင်းဟာ စစ်ပွဲတွေကြောင့်ဖြစ်တဲ့ ရီဆက်ရှင်းနဲ့ စတော့စျေးကွက်ပျက်လို့ ကျတဲ့ ရီဆက်ရှင်းတွေထက် ပိုကြာတဲ့သဘောရှိတာ တွေ့ရတယ်။
တကယ်သာ အမေရိကန်နဲ့တရုတ်ဟာ ကုန်သွယ်ခွန်ပြဿနာကို လာမယ့် ၃ လကနေ ၆ လအတွင်း တစုံတရာ သဘောတူညီချက်နဲ့ ဖြေရှင်းချက် မယူနိုင်ခဲ့ရင် ဒီဇင်ဘာ ၂၀၀၇ ကနေ ဇွန် ၂၀၀၉ အထိ (ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းကြောင့်) ဖြစ်တဲ့ ရီဆက်ရှင်းလို ပြင်းထန်မှုမျိုးကို ကြုံရနိုင်တယ်လို့ ခန့်မှန်းကြည့်ရမှာဖြစ်တယ်။
‘ယူကရိန်းကပေးတဲ့ နောက်ဆုံးသတင်း’
ထရမ့်ဟာ ဇာလင်းစကီးနဲ့ ဗာတီကန်တွေ့ဆုံမှု (ပုပ်ရဟန်းမင်းရဲ့စျာပန) မှာ နောက်ဆုံး သဘောတူညီချက်တွေ ရယူခဲ့နိုင်တဲ့သဘော တွေ့ရတယ်။ အမေရိကန်ရဲ့ ယူကရိန်း သယံဇာတထုတ်ယူမှု သဘောတူညီချက်ဟာ အမေရိကန်ရဲ့ ယူကရိန်းစစ်အတွက် (စစ်ရပ်စဲရေးနည်းတူ ကြီးမားတဲ့) မျှော်လင့်ချက်တခုဖြစ်တယ်။ တဘက်ကကြည့်ရင် ဒီအချက်ဟာ ထရမ့်ရဲ့ စစ်ကိုရှောင်ပြီး စီးပွားရေးအရ ကုန်သွယ် (အမြတ်ထုတ်) ဖို့ ရည်မှန်းချက်ကို ထင်ရှားစေတယ်။
ထိုင်ဝမ် ချစ်ပ်ထုတ်မယ့် စီမံကိန်းတွေဟာ ကယ်လီဖိုးနီးယားကို ရွေ့နေပြီဖြစ်လို့ အင်ဒိုပစိဖိတ်ကို ထရမ့် စိတ်ဝင် စားမှုဟာ မြေရှားနဲ့များ ပတ်သက်မလား စဥ်းစားစရာတခု ဖြစ်စေတယ်။ ထရမ့်အတွက်တော့ စစ်ဟာ အမေရိကန် ရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဗျူဟာထဲက နည်းလမ်းတခုအဖြစ်မျှသာ ဖြစ်တာမို့ မြန်မာဟာ ပရောက်စီစစ်ပွဲ ဆိုတာထက် မြန်မာမြောက်ပိုင်းကို တရုတ်သြဇာကနေ ပြန်ကန်ဖို့ (ဆွဲထုတ်ဖို့) ဖြစ်လာနိုင်မလား အခြေအနေတွေကို စောင့်ကြည့်ကြဖို့လိုတယ်။
ရခိုင်က လူမျိုးရေးမိုင်းကွင်းတွေနဲ့ လူသားချင်းစာနာမှု အထောက်အကူ၊ အမေရိကန်နဲ့ တရုတ်ရဲ့ အိန္ဒိယပင် လယ်ပြင် (ဘင်္ဂလားဒေ့ရှ်က ပြုတ်သွားတဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာပြောတဲ့ စိန့်မာတင်ကျွန်းကို အမေရိကန်စစ်စခန်း လုပ်လိုမှု) ထိန်းချုပ်စိုးမိုးရေးနဲ့ ကချင်ဒေသ သယံဇာတတွေဟာ တော်လှန်စစ်နဲ့ ပူးတွဲလိုက်ပါလာမယ့်အကြောင်းအရာတွေများလား စဥ်းစား ချင့်ချိန် စောင့်ကြည့်ကြဖို့ဖြစ်တယ်။
Be the first to comment