ပန်းချီကား

“ပန်းချီကား”
◼️ခခ
မင်းကို အိပ်မက် ထပ်မက်ပြန်တယ်။
ကိုယ်က အိပ်မက်တွေနဲ့ လုံးချည်လည်လိုက်နေသူ ဆိုတာကိုတော့ မင်းသိတယ်မဟုတ်လား။ အိပ်မက်ထဲမှာ ကိုယ် က အိမ်ကို သိပ်လွမ်းနေတယ်။ အိမ်ကိုပြန်ချင်နေတယ်။ အိမ်ကနေ ထွက်လာခဲ့ရတဲ့ နေ့ရက်တွေကို လက်ချိုးရေတွက်ရင်း ဒီအချိန်ဆို အမေ ဘုရားဝတ်ပြုနေမလား၊ အဖေရော ကျန်းမာပါ့မလားနဲ့ မျှော်တွေးနေရတာ သိပ်ပင်ပန်း‌နေ တဲ့အချိန်မှာ မင်းဆီကနေ မက်ဆေ့ဝင်လာတယ် တဲ့။
မက်ဆေ့အသံကြားတာနဲ့ အဲဒါ မင်းပဲဆိုတာ ချက်ချင်းနားလည်လိုက်တာက ထူးတော့ ထူးဆန်းသား။ ဒါပေမယ့် အိပ်မက်ဆိုတာကလည်း မင်းသိတဲ့အတိုင်းပဲ‌လေ။ တခါတလေ ကိုယ်လုံးဝ မသိတတ်တဲ့ ဘာသာရပ်တခုခု‌တောင်မှ အိပ်မက်ထဲမှာ သိပ်ကျွမ်းကျင်နေတတ်သေးတာပဲ။ ကိုယ်က မင်းဆီကနေ မက်ဆေ့ဝင်လာမှန်း သိနေတဲ့ကြားကနေ ဖွင့်မဖတ်မိဘူး။ ဒါကြောင့်ထင်တယ်။ မင်းက ဖုန်းပါဆက်လာတယ်။
ကိုယ့်အတွက် ပန်းချီကားတချပ် ဆွဲထားတဲ့အကြောင်း မင်းပြောပြတယ်။ မင်းကိုယ်တိုင်ဆွဲတဲ့အတွက် ပန်းချီက သိပ်ကြည့်ကောင်းမှာ မဟုတ်ပေမယ့် ကိုယ်ကြိုက်မှာတော့ သေချာတယ်တဲ့။ ပြီးတော့ မင်းက ရှက်သလို ရယ်နေတယ်။ ပန်းချီကားကို ကိုယ့်ဆီ ပို့လိုက်တဲ့အကြောင်း မင်း အေးအေးဆေးဆေး ပြောပြတယ်။ အိမ်ပြန်ချင်စိတ်နဲ့ ခံစားချက်တွေ တင်းတင်းကြပ်ကြပ်ဖြစ်နေချိန်မှာ မင်းဆီကနေ ဒီလိုကြားရတာ ကောင်းလိုက်တာလို့ ကိုယ်တွေးမိတယ်။ မင်းကိုပါ နင့်နင့်သည်းသည်း လွမ်းလာတာကတော့ ဂွကျခြင်းတမျိုးပေါ့။
မင်း အဆင်ပြေရဲ့လား၊ ဒီလောက် ခက်ခဲနေတဲ့ကြားကနေ ဘယ်လို ပို့ပေးလိုက်တာလဲလို့ ကိုယ်မေးတာကို မင်းက သေချာမဖြေဘူး။ အရင်လိုပဲ ရယ်ကျဲကျဲနဲ့ ဒီလောက်က အေးဆေးပါလို့ အသည်းယားစရာကောင်းအောင် ပြောတယ်။
ပန်းချီကား ထုတ်ရမယ့်နေရာနဲ့ ထုတ်ရမယ့်ပုံစံကို မင်းပြောပြတယ်။ အိပ်မက်ဆိုတော့ မင်းဘာပြောမှန်း မသိပေမယ့် ကိုယ် အလိုလို နားလည်နေတာပါပဲ။ မင်းပြောနေတဲ့နေရာဆီသွားပြီး ပန်းချီကားကို ကိုယ် ထုတ်တယ်။ ပန်းချီက တော်တော်လေး ကြီးသား။ ပါကင်ကို သေ‌သေချာချာ ထုပ်ပိုးထားတယ်။ ဘာပုံမှန်းမသိပေမယ့် ပန်းချီကားကို ကိုင် ထားရတဲ့ ခံစားချက်က ကျေနပ်စရာ‌ကောင်းတယ်။ မင်းအငွေ့အသက်‌တွေကို ဖမ်းဆုပ်နေရသလိုမျိုး။ အိမ်ရောက်မှ အေးအေးဆေးဆေး ဖွင့်ကြည့်မယ်လို့ ကိုယ် ဆုံးဖြတ်လိုက်တယ်။
အဲဒါ မှားသွားပုံပဲ။
မင်းရဲ့ ပန်းချီက ဘာပုံလဲဆိုတာကို ကိုယ် မသိလိုက်ခင်မှာတင် အိပ်မက်ကနေ နိုးလာရတယ်။ နှမြောစရာ။ အဲဒါက အထိတ်တလန့် နိုးလာရမယ့် အခြေအနေလည်း မဟုတ်ဘဲနဲ့။ ရုတ်တရက် နိုးလာတဲ့အချိန်မှာ ပန်းချီက ဘာပုံဖြစ်မလဲဆိုတာကို တွေးရင်း တောရင်း ကိုယ် နှမြောလို့ မဆုံးဘူး။ ဘာလို့များ နိုးလာလိုက်ရပါလိမ့်။
အဝါရောင် ပန်းခင်းပုံဖြစ်လိမ့်မယ် ဆိုတာမျိုးတော့ သိပ်မခန့်မှန်းရဲဘူး။ အဝါက ကိုယ့်အကြိုက် အရောင်သက်သက်သာ ဖြစ်တယ်။ ကိုယ့်ပုံတူဆွဲထားတဲ့ ပန်းချီ ဖြစ်နိုင်မယ်ထင်တယ်။ ဒါမှမဟုတ် မြစ်ကမ်းဘေးက အထီးကျန်ညနေခင်းပုံ ဖြစ်လေမလား။
မင်း တခါက ပန်းချီဆွဲချင်လိုက်တာလို့ ပြောခဲ့ဖူးတဲ့ ခရမ်းရောင် ညနေခင်းပုံလည်း ဖြစ်နိုင်ပါတယ်။ မင်းနဲ့ကိုယ် အတူငေးခဲ့ဖူးတဲ့ ညနေတိမ်တွေ။ အဲဒီအချိန်မှာ တိမ်တွေက သိပ်လှတာပဲလို့ ပထမဆုံးအကြိမ် တွေးဖူးခဲ့တာပဲ။ နောက်နေ့တွေမှာ တိမ်တွေကို သတိထား စောင့်ကြည့်မိလောက်အောင်အထိ လှနေတာ။
ကိုယ်ဟာ မင်းပုခုံးကို ထွေးဖက်ထားတယ်။ မင်းရဲ့ ဖြူလွလွအင်္ကျီက လေအလွင့်မှာ တဖျတ်ဖျတ်ယမ်းခါလို့။ မင်းက ကိုယ့်ခါးကို ပြန်ဖက်ထားပြီး တိမ်တွေကို ငေးမောနေရင်းကနေ ပန်းချီဆွဲချင်စရာပဲနော်လို့ ပြောတယ်။ သစ်ပင်တပင်ရဲ့ ပုံကိုတောင် ဖြစ်မြောက်အောင်မဆွဲတတ်တဲ့ မင်းစကားကြောင့် ကိုယ် ရယ်မိတယ်။ မင်းက အစပိုင်းမှာ စိတ်ဆိုးသလို ခပ်ဆတ်ဆတ်လုပ်နေပေမယ့် နောက်တော့ ကိုယ်နဲ့အတူ လိုက်ရယ်တာပါပဲ။
အဲဒီလို ညနေခင်းမျိုးကို ဘယ်တော့မှ မရတော့ဘူးလို့သာ ကြိုသိခဲ့ရင် ကိုယ်လည်း မင်းလို ပန်းချီဆွဲချင်စိတ် ဖြစ်ခဲ့မလားမသိဘူး။ မင်း ကိုယ်တိုင်ကလည်း တိမ်တွေလိုပဲ ကိုယ့်ဘဝထဲက လွင့်ပါးပျောက်ကွယ်သွားလိုက်တာ …
မင်းနဲ့ ချစ်ခြင်းမေတ္တာကြောင်းတွေ ဖောင်ဖွဲ့ခဲ့ဖူးတဲ့ messenger စာမျက်နှာဆီ ကိုယ့်လက်တွေက ရောက်သွားတယ်။ ဒါက မင်းကိုလွမ်းတိုင်း လုပ်တတ်တဲ့ ကိုယ့်ရဲ့ လုပ်ရိုးလုပ်စဉ်လိုပါပဲ။ အိပ်မက်အကြောင်း မင်းဆီကို စာပို့လိုက်တယ်။ အပေါ်မှာလည်း မင်းကို လွမ်းဆွတ်တဲ့အကြောင်း ကိုယ်ရေးထားတာတွေမှ တသီတတန်းကြီး။ ပြီးတော့ ကိုယ့် မပျော်ရွှင်မှုတွေနဲ့ အဆင်ပြေအောင် ရုန်းကန်ကြိုးစားနေရတဲ့ အကြောင်းတွေ။
မင်းကတော့ လွန်ခဲ့တဲ့ ၆ လက နောက်ဆုံးစာပို့ခဲ့ပြီး ဘာတခွန်းမှ ထပ်မပြောတော့။ မင်းစာကို ပြန်မဖတ်ကြည့်လည်း ကိုယ် အလွတ်ရတယ်။ mission အသစ်တခုလုပ်ဖို့ သွားရမယ့်အကြောင်းနဲ့ ဒီလောက်က အေးဆေးပါဆိုတဲ့ မင်းရဲ့စာ။ စိတ်မပူဖို့နဲ့ ကိုယ့်ကို အားတိုင်း မျက်ရည်မလွယ်ဖို့လည်း မင်း မှာခဲ့သေးတယ်။ မင်းက စာမှာ စပ်ဖြဲဖြဲ emoji တွေ ပေါပေါလောလော သုံးထားတယ်။ မင်း အဆင်ပြေအောင်နေတယ်ဆိုတာ သိစေချင်တိုင်း အဲလိုလုပ်တတ်တာပဲလေ။
ကိုယ် မငိုပါဘူး။ တကယ်မငိုတော့ဘူး။ စိတ်ထဲ ထုံပေပေ၊ နင့်နင့်သည်းသည်းနဲ့ အရာအားလုံးကို လွမ်းတဲ့စိတ်အပြင် တခြား ဘာစိတ်မှ မရှိဘူး။ ကိုယ့်စိတ်နဲ့ ကိုယ့် နှလုံးသားဟာ အကောင်းပကတိအတိုင်း မရှိတော့တာလည်း ပါမယ်။
မင်းရဲ့ Facebook Timeline ထဲ ဝင်မကြည့်မိမချင်း ကိုယ်မငိုဘူးဆိုတာ အာမခံနိုင်ပါတယ်။ ကိုယ် ဝင်မကြည့်တော့ဘူးဆိုတာကလည်း တကယ်သေချာတယ်။
မင်းရဲဘော်တွေ တင်ထားတဲ့ အလေးနီပြုပါတယ် ဆိုတဲ့ Caption နဲ့ မင်းပုံကို ကိုယ် စေ့စေ့မကြည့်ရဲဘူး။ ကြည့်ဖို့ အင်အားလည်း တစိုးတစေ့မှ မရှိဘူး။ ကိုယ့်ကိုယ်ကို ဒါ မင်းအိပ်နေတာပါ ဆိုတာမျိုးလည်း ထပ်မလိမ်ညာချင်တော့ဘူး။ သူများတွေလို မင်းကို အာဇာနည်အဖြစ် သတ်မှတ်ပြီး အေးချမ်းတဲ့နေရာ ရောက်မှာပါဆိုတာမျိုးလည်း တွေးမပေးနိုင်‌သေးဘူး။ ကိုယ် သိပ်လောဘကြီးသွားသလား။
တကယ်တော့ မင်းကလည်း ကိုယ့်အတွက် ဖွင့်ကြည့်ခွင့်မရလိုက်တဲ့ ပန်းချီကားချပ်လိုပဲ ထင်ပါတယ်။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*