ပိုက်ကွန်ထဲပါလာတဲ့ သေကံမရောက် သက်မပျောက်

‘ပိုက်ကွန်ထဲပါလာတဲ့ သေကံမရောက် သက်မပျောက်’
◼️ တာပလု
ရွာမှာ လူထူးဆန်းတယောက်ရှိတယ်။ ထူးထူးဆန်းဆန်းလုပ်တတ်လို့ အရပ်က သူ့ကို လူထူးဆန်းလို့ သိထားကြတယ်။ တခါတရံ တံငါအလုပ်ကိုလုပ်တယ်။ တခါတရံ သူက လယ်ထဲမှာလဲ အလုပ်လုပ်နေတာမျိုးပါ။
ရွာမှာတော့သူ့ကို ဦးအုန်းချစ်လို့ ခေါ်ကြတယ်။ အသက်က ၄၀ ကျော်။ သူ့ကိုအများဆုံးတွေ့ရတာက ချောင်းရိုးထဲမှာပါ။ လှေတစီးပေါ်မှာ ဆေးလိပ်ကလေးဖွာလို့ တခါတလေ ချောင်းစပ်မှာ သူထောင်ထားတဲ့ မြှုံးတွေကို သံကောက်ချိတ်ကလေးနဲ့ချိတ်ပြီး လှေပေါ်ဆွဲတင်နေတာမျိုး တွေ့ရတတ်ပါတယ်။
“ကိုအုန်း ငါးရလား၊ ဘယ်လိုလဲဗျ အခြေအနေ” လို့မေးရင် သူ့လက်သုံးစကားက “မစားသာပါဘူးဗျာ” တဲ့။ ဘယ်သူမေးမေး ဒီစကားတခွန်းပဲ သူဖြေတယ်။ သူက ကွန်ပစ်တယ် မြှုံးထောင်တယ်။ တာရိုးဘေးက အိုင်‌လေးတွေမှာ အိုင်ပက်တယ်။ ငါးမျှားတယ် တခါတလေ သူဖားမျှားတာကိုလည်း တွေ့ရတတ်ပါတယ်။
တရက်မှာတော့ ကွန်ပစ်ရင်း သူ့ကွန်ပိုက်ထဲ အလေးချိန်စီးတဲ့အရာတခု ပါလာတယ်လို့ သူခံစားမိလိုက်တယ်။
သူ့ရဲ့ ကွန်ပစ်သက်တမ်းတလျှောက် အခုလို အလေးချိန်စီးတဲ့၊ ပိဿာချိန်လောက်ရှိတဲ့ ငါးမျိုး တခါမှ ရဖူးတာမရှိတော့ သူ့စိတ်ထဲမှာ အပိုင်ပဲလို့ တွေးမိလိုက်ပါတယ်။ ကွန်ကို တဖြည်းဖြည်း ဆွဲတင်တယ်။ဒီလောက်ကြီးတဲ့ငါး ရုန်းကန်ထွက်‌ပြေးသွားမှာကိုလည်း စိုးရိမ်ရသေးတာကိုး။
ကွန်ဆွဲတင်ရင်း ကွန်အသစ်မဝယ်နိုင်တာကိုဘဲ သူ့စိတ်ထဲ နောင်တရသလိုလို၊ ဒီလောက်ကြီးတဲ့ငါးကို ကွန်အဟောင်းလေးနဲ့ ပစ်ဖမ်း‌ရတာကိုပဲ အားမရသလိုလို ဖြစ်နေတယ်။ လှေပေါ် ကို ကွန်တဝက်လောက်အထိ ဆွဲတင်ပြီးချိန်တိုင်အောင် ကွန်ထဲကအရာက မလှုပ်မယှက် ငြိမ်သက်လိုက်ပါလာတာကိုလည်း သူ သံသယ ဖြစ်လာပါတယ်။
သက်ရှိသတ္တဝါတွေဆိုတာက အကောင်သေးသေးကြီးကြီး တခုခုနဲ့အမိဖမ်းတာကို ကြုံလိုက်ရချိန်မှာတော့ ရုန်းကန်လှုပ်ရှားတာမျိုး ရှိတတ်တယ်လေ။ အခုတော့ တုပ်တုပ်မျှမလှုပ်။ ရုန်းကန်ခြင်းမရှိဘဲ အလိုက်သင့် လိုက်ပါလာတာ ဘာများလဲပေါ့ ။ သူတွေးထားတာကတော့ အလေးချိန်စီးတဲ့ ငါးအကြီးကြီးတကောင်။ ရေပေါ်ပေါ်လာမှ အင်နဲ့အားနဲ့ ရုန်းထွက်ဖို့ တအေး‌တဆေးနဲ့ အန္တရာယ်ကို ချိန်ဆနေတာမျိုးလား။ သတ္တဝါဆိုတာကလည်း အကောင်ကြီးရင်ကြီးသလောက် ဉာဏ်များတတ်သေးတာ မဟုတ်လား။
လက်ကျန်ကွန်ကို လှေပေါ်အပြီးသတ် ဆွဲတင်လိုက်တယ်။ သူဆွဲတင်နေတုန်း ဖျတ်ခနဲတွေ့လိုက်ရတာက သူထင်သလို ငါးတကောင်မဟုတ်ဘဲ ပြောင်ပြောင်ချောချောနဲ့ ငှက်ပျောဖူးလိုပုံစံ အရာတခုပါ။ အရာဝတ္ထုအလေးချိန်နဲ့ ကွန်ရဲ့ခံနိုင်အား မမျှတဲ့အတွက် ကွန်စုတ်ပြဲသွားပြီး စောစောက သူမြင်လိုက်ရတဲ့ အရာလည်း ရေထဲပြန်ကျသွားတာကို သူတွေ့လိုက်ရပါတယ်။
ဒီချောင်းရိုးထဲမှာ ငါးရှာသူတွေ ကွန်ပစ်ကြသူတွေ အများကြီးထဲမှာ သူတယောက်ပဲ တွေ့ရတဲ့အရာက ဘာများလဲ။ သူ့ကို နတ်ဒေဝါတွေက ငါးရှာတဲ့အလုပ်ကို စွန့်လွှတ်ပြီး တသက်လုံး တအေးတဆေး ထိုင်နေရမယ့် စည်းစိမ်ကို ခံစားဖို့ ဖန်တီးပေးလိုက်တာများလား။ သူတွေးရင်း ရေထဲပြန်ကျသွားတဲ့အရာကို ဆင်းဆယ်ဖို့ ပြင်ပါတော့တယ်။ သူ့ကို တယောက်ယောက်ကများ ကြည့်‌နေလေမလား ဆိုတဲ့အတွေးနဲ့ ဘေးဘီတချက်ကြည့်လိုက်ပြီး တဦးတယောက်က ကြည့်မနေဘူးဆိုတာ သေချာမှ ရေထဲကို ဒိုင်ဗင်ထိုး ဆင်းသွားပါတယ်။
သူရေပေါ်ပြန်တက်လာတော့ ပြောင်ပြောင်ချောချော အရာတခု သူနဲ့အတူ ပါလာပါတယ်။ သူငါးဖမ်းတဲ့အလုပ်ကိုရပ်ပြီး ရေထဲကရတဲ့ အရာကြီးနဲ့အတူ အိမ်ကိုပြန်လာခဲ့တယ်။ အိမ်ပြန်လမ်းတလျှောက် သူ့လက်ထဲကအရာကို ဘာများလဲလို့ ဝိုင်းမေးကြတော့ “ရေထဲကရတာ” လို့ပဲ သူပြန်ဖြေတယ်။ မဲမဲ ချောချော မတိုမရှည်နဲ့ အရာကြီးက ဘာဆိုတာ သူမသိပါဘူး။ သူမသိတာကို သိအောင်လုပ်ဖို့အတွက်လည်း လမ်း‌တလျှောက်လုံး သူစဉ်းစား လာခဲ့ပါတယ်။
ဒီလိုနဲ့ ရွာထဲရောက်လာတော့ ကလေးတွေနဲ့ စ,တိုးတော့တာပဲ။ ထူးထူးဆန်းဆန်း အရာကြီးကို သယ်လာတဲ့သူ့အနား ကလေးတွေ ဝိုင်းအုံလာပါတယ်။ အနားရောက်လာတဲ့ ကလေးတွေကို သူခြောက်လှန့်ထုတ်လဲ မရပါဘူး။ ကလေးတွေက သူ့နောက်ကိုပဲ လိုက်လာကြပါတယ်။ သူကတော့ ဒီအရာကို လျှို့ဝှက်ထားဖို့ ကြိုးစားနေရတာက သူ့မိသားစုကို တံငါသည် လက်လုပ်လက်စား ဘဝကနေ တဆစ်ချိုး ပြောင်းလဲအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်နေတာပါ။‌
ဒီတော့ ဒီအရာကိုသူ လူအများရှေ့မှောက်မှာ ထုခွဲဖွင့်ပြတာမျိုး မလုပ်ဖို့ သူဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုမတွေးခင်က ကလေးတွေရှေ့မှာ သူက ဆယ်ပေါင်တူနဲ့ ဒီအရာကြီးကို ရိုက်ဖွင့်ပါသေးတယ်။ နှစ်ချက်သုံးချက် ရိုက်ဖွင့်ပေမယ့် ဒီအရာကြီးက ပွင့်မလာပါဘူး။ ဒီလောက် ဖွင့်ရခက်ခဲတဲ့အရာဆိုတော့ အထဲမှာ သူမှန်းထားသလို ရတနာတခုခု ရှိ‌နေတာပဲ ဖြစ်ရမယ်လို့ သူတွေးလိုက်ပါတယ်။
သူ့ တံငါသက်တမ်းတလျှောက် ရေထဲကရတဲ့အရာတွေထဲမှာ အဖိုးမတန်တာမှန်သမျှ ပစ်ထုတ်ခဲ့တာချည်းပဲဆိုတော့ အခုလို ထူးဆန်းနေတဲ့ အရာကြီးကတော့ သူ့အတွက် ရတနာကြီးပေါ့။ ရိုက်ဖွင့် ထုဖွင့်လို့မ‌ရတဲ့အဆုံး သူတမျိုးကြံပါတယ်။ ကလေးတွေရှေ့မှာ ရိုက်ဖွင့်တာ မလုပ်ဖို့ပါ။
အများရှေ့မှာဖွင့်ချလိုက်ပြီး တန်ဖိုးကြီးတဲ့အရာဆို သူ့အတွက် ဝေစုနည်းမှာကိုလည်း သူစိုးရိမ်လာပါတယ်။ သူတွေ့လာတဲ့ ဒီအရာရဲ့ အကျိုးအမြတ်ကိုလည်း သူတယောက်ထဲကသာ ရပိုင်ခွင့်ရှိရမယ် ဆိုတဲ့အတွေးက သူ့ခေါင်းထဲ ရောက်လို့လာပါတယ်။ ဒီတော့ ဒီအရာကြီးကို သူအိပ်ခန်းထဲ ဖွက်ထားလိုက်ပါတယ်။
ဒီနောက် သူ့အိမ်နားမှာ ဝိုင်းအုံနေတဲ့ အရပ်ထဲက လူတွေကိုလည်း ရှဲသွားအောင် ပြန်သွားအောင် အရင်လုပ်ပါတယ်။ လာကြည့်တဲ့လူတချို့ကတော့ “ဘိုအုန်း ဖွင့်ပါဗျ။ ကျနော်တို့လည်း မတွေ့ဖူးလို့ ကြည့်ချင်တယ်”ဆိုတော့ သူက “ဘာမှမဟုတ်ပါဘူး ငါးဖမ်းတဲ့နေရာမှာသုံးတဲ့ ဖော့သီးပါဗျာ နောက်ရက် ချောင်းရိုးထဲဆင်းရင်တော့ ငါ့အတွက် အသုံးဝင်မှာပါ” လို့ ပြန်ပြောတယ်။ ဒီလိုပြောပြီးသူက အိမ်ရှေ့ကွတ်ပျစ်လေးပေါ်ထိုင် ဆေးလိပ်ကလေးဖွာပြီး နေတယ်။ ခဏကြာတော့ အိမ်ကိုလာတဲ့ လူအုပ်ကြီးက တစတစနဲ့ ပြန်သွားကြပါတယ်။
သူ့ခေါင်းထဲမှာတော့ ဒီအရာကြီးကို ဘယ်လိုပွင့်အောင် ဖွင့်ရမလဲပဲ တွေးနေပါတယ်။ ဒီတခေါက် သူရသွားတဲ့အကြံက အိမ်ထဲမှာပဲ တခုခုလုပ်ဖို့ပါ။ အိမ်ရှေ့ထွက်ပြီး လှုပ်လှုပ်ရှားရှားလုပ်ရင်ဘေးအိမ်က မြင်သွားမှာလည်း သူစိုးရိမ်တယ်။ တခြားတယောက်ယောက် မြင်သွားရင်လည်း တဆင့်စကားနဲ့ သူ့အိမ်ကို နောက်တကြိမ် လူအုံလာမှာကိုလည်း သူမလိုလားဘူး။
အနီးအနားကို တချက်အကဲခတ်လိုက်တယ်။ လူသူ‌တယောက်တလေ မတွေ့ရဘူး။ အိမ်‌ရှေ့တာရိုးပေါ်မှာတော့ ကလေးတွေ ဆော့ကစားနေကြတယ်။ ကလေးတွေ အိမ်ထဲဝင်မလာစေဖို့ သူ့အမျိုးသမီးကို အိမ်ရှေ့လှေကားထစ်ကနေ ထိုင်စောင့်ခိုင်းလိုက်တယ်။ သူကတော့ အိမ်ပေါ်က မီးဖိုခန်းထဲမှာ ရေထဲကရလာတဲ့ အရာကြီးကို ဒယ်အိုးထဲထည့် လှော်ဖို့လုပ်နေပါတယ်။
ခနအကြာတော့ “အုန်း………….” ဆိုတဲ့ အသံကြီးက တရွာလုံးကို တုန်လှုပ်သွားစေပါတယ်။ ဒီအသံကို တခြားရွာတွေကပါ ကြားလိုက်ရတာပါ။ တကြိမ်တခါမှ ဒီလိုအသံမျိုး မကြားဖူးကြတာမို့ ဘာများလဲပေါ့။
ဦးအုန်းချစ်ရဲ့အိမ်ကလေးကတော့ မီးခိုးတွေကြားမှာ ​ပျောက်နေပါတယ်။ အရပ်ထဲကလူတွေ အိမ်အနားကို ဝိုင်းဝန်းရောက်ရှိလာပေမယ့် အိမ်ထဲတော့ မဝင်ရဲကြသေးပါဘူး။ သူ့အမျိုးသမီးကတော့ အိမ်ရှေ့မှာ အိမ်ထဲဝင်ရမလို တာပေါ်ပြေးတက်ရမလိုနဲ့ ပျာယာခတ်နေပါတယ်။ မီးခိုးလုံးတွေကြားမှာ ဦးအုန်းချစ်တယောက် သေသလား ရှင်သလားလဲ မသိကြပါဘူး။
လူငယ်တချို့က အရဲစွန့်ပြီး အိမ်ထဲဝင်လိုက်ချိန်မှာတော့ ဒဏ်ရာတွေ သွေးစသွေးနတွေနဲ့ သတိလစ်နေတဲ့ ဦးအုန်းချစ်ကို တွေ့ရပါတော့တယ်။ အရပ်ကလူတွေက ဆေးရုံအမြန်တင်ဖို့ လုပ်ကြပါတယ်။ ဒီလိုနဲ့ ဆေးရုံမှာ နှစ်ပတ်လောက်ကြာတော့ ဦးအုန်းချစ်တယောက် ထူထူထောင်ထောင် ပြန်ဖြစ်လာပါတယ်။
သူဆေးရုံကဆင်းဆင်းခြင်း အမှုဖွင့်ခံရပြီး ရှင်းလိုက်ရပါသေးတယ်။ ရွာမှာတော့ သေကံမရောက် သက်မပျောက်ခဲ့တဲ့သူ့ကို ကျည်ဆန်ကို ဒယ်အိုးထဲထည့်လှော်တဲ့သူ‌လို့ ခေါ်ကြပါတယ်။ ချောင်းရိုးထဲ ငါးဖမ်းနေသူတွေ၊ လယ်ထဲက ကောက်စိုက်သမတွေနဲ့ ကျောင်းစာသင်ခန်းထဲက ကျောင်းသူကျောင်းသားတွေရဲ့ ပါးစပ်ဖျားမှာတော့ ကျည်ဆန်ကို ဒယ်အိုးထဲထည့်လှော်တဲ့သူအကြောင်း ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်လို့နေပါတော့တယ်။
( သတိ – အမျိုးအမည်မသိတဲ့အရာတွေကို စမ်းသပ်ကိုင်တွယ်တာတွေမလုပ်ပါနဲ့။ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ )
About The Call 731 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*