ပီတာဂလန့် ပန်းချီရေးခြင်း

“ပီတာဂလန့် ပန်းချီရေးခြင်း”

◼️ပီတာဂလန့်

အခုတလော ပန်းချီပြခန်းတွေလည်း အလျှိုအလျှို ဖွင့်လာကြသလို ပန်းချီဆရာတွေလည်း ဟောတယောက် ဟောတယောက်နဲ့ ပေါ်ပေါက်လို့လာကြပါတယ်။ မူလဘူတ သူတို့ရဲ့ ပင်မ အနုပညာအလုပ်အပြင် အပိုတွဲ အနုပညာဘာသာရပ်အဖြစ် ပန်းချီအနုပညာကို အာရုံ ပိုစိုက်လာကြတယ်။ တချို့က ကဗျာဆရာ၊ စာရေးဆရာအဖြစ် နာမည်ရ ကျော်ကြားပြီးသား၊ တချို့က ရုပ်ရှင် ဗီဒီယို မင်းသား၊ တချို့က အဆိုတော် စသဖြင့် အနုပညာနယ်ပယ်စုံက ဖြစ်ကြပါတယ်။ တချို့တွေက ရှေးဦးမဆွခင်ကတည်းက ပန်းချီအနုပညာကို ဝါသနာပါလို့ လေ့လာ လိုက်စား ဆည်းပူးခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ ပြောရရင် ပရော်ဖက်ရှင်နယ် ပန်းချီဆရာတွေနဲ့ တန်းတူထား လေးစားရလောက်သူတွေ ဖြစ်ကြပါတယ်။

အဲသည်လို မိမိရဲ့ မိန်းစထွင်းမဟုတ်ဘဲ ပန်းချီအပေါ် အာရုံပြု ဝင်စားလာကြတဲ့ အကြောင်းရင်းကလည်း ရှိ​နေလို့ ဖြစ်ပါတယ်။ ပထမအကြောင်းရင်းက ကမ္ဘာနဲ့ချီကာ ကိုင်လှုပ်ခဲ့တဲ့ ကိုဗစ်ရောဂါကြောင့် ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ မြန်မာပြည်ကို ကူးစက်ရောက်ရှိလာတဲ့ ကာလတွေမှာ လူတိုင်းဟာ အိမ်တွင်းအောင်း​နေကြရတယ်။ နဂို အပြင်ကို ပုံမှန်ထွက်ကြရသူတွေဟာ ကိုယ့်ခြေထောက်ကို ကိုယ်ရုပ်ကာ မိမိအိမ်ထဲကနေပဲ စိတ်ထွက်ပေါက်ကို ရှာကြရ​တော့တယ်။ အဲသည်မှာ မူလဓာတ်ခံ အနုပညာရပ်တိုင်းအပေါ် အာရုံဝင်စားနိုင်သူတွေက စုတ်တွေ၊ ဆေးတွေ၊ စက္ကူတွေ၊ ကင်းဗတ်တွေကို အွန်လိုင်းကနေ မှာယူပြီး ပန်းချီရေးဖြစ်လာကြတယ်။

နောက် ဒုတိယအကြောင်းရင်းက ကိုဗစ်နဲ့အတူ လှိုက်စားခံလိုက်ရတဲ့ ​အာဏာသိမ်းမှု​ကြောင့် ဖြစ်လာတဲ့ ခေတ်ဆိုး​ခေတ်ကျပ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ဖြစ်ပါတယ်။ သည်ကာလတွေထဲမှာ ပင်မအလုပ်တွေကလည်း ကောင်းကောင်းကန်းကန်း လုပ်မရချိန်မှာ ဝါသနာရှိရင်းစွဲကို ထွက်ပေါက်အဖြစ် သုံးလာကြကာ ပန်းချီရေးခြင်းကို ရွေးဖြစ်ကြပါတော့တယ်။ ရေးဖြစ်တဲ့ လက်ရာတွေကလည်း တူတူတန်တန်ဖြစ်တယ်လို့ ထင်လာသူတွေဟာ မိုးဦးအစမှာ ပွင့်အာထလာကြတဲ့ မှိုတွေလိုပဲ ပွင့်အန်လာကြတယ်။ ကောင်းတာလည်း ရှိ၊ မကောင်းတာလည်း ရှိ ဆိုသလိုပေါ့။

အခုအချိန်မှာဆိုရင် အများစုဟာ ပုံမှန်အခြေအနေကို မရောက်ရှိနိုင်ကြသေးပါဘူး။ တချို့ ပုံမှန်အခြေအနေဖြစ်ပြီလို့ အထင်ရောက်သူတွေလည်း ရှိချင်ရှိမှာပေါ့။ ပုံမှန်အခြေအနေဖြစ်အောင် ဇွတ် ဖန်တီးနေသူတွေကလည်း ရှိနေနှင့်မှကိုး။ အများစုကတော့ အသက်ရှင် ရပ်တည်လို့ရရုံမျှ သွားလာနေကြရပါတယ်။ အရင်ကာလတွေတုန်းကလို စာပေရပ်ဝန်းတို့၊ ပန်းချီရပ်ဝန်းတို့လိုတွေမှာ ဂဒီးဂဒီး ဆုံကြရတဲ့ စာပေအနုပညာသမားတွေဟာ မောင်ချောနွယ်ရဲ့ ကဗျာစာသားတချို့လိုပဲ စစ်အတွင်းမှာ တကွဲတပြားနဲ့ ကွဲကုန်ကြတယ်။ ​မိတ်ရင်း​ဆွေချာ​တွေလည်း ​တောထဲ၊ ​ထောင်ထဲတင်မက အ​မေရိကတို့၊ က​နေဒါတို့၊ သြဇီတို့ထိ ​ရောက်ကုန်ကြတာကလား။ ဒီ​တော့ မြို့ထဲထွက်ဖြစ်ရင်လည်း ကိုယ့်အလုပ်ကိစ္စအပေါ်ပဲ အာရုံထားပြီး သွားသုတ်သုတ် လာသုတ်သုတ် ပြုကြရတယ်။ ဒီအချိန်မှာ ပန်းချီပြပွဲတွေဟာ သွေးတိုးစမ်းကာ ဖွင့်ကြည့်လာကြရင်းကနေ စျေးကွက်အသစ်တခုကဲ့သို့ ဖြစ်လာနေတယ်။ ပန်းချီပြခန်းတွေလည်း အုန်းအုန်းထကာ ဖွင့်လှစ်လာကြတယ်။ ပြခန်းပိုင်ရှင်တွေရဲ့ နောက်ကွယ်မှာ ဘယ်လိုလက်မည်းကြီးတွေ ရှိမယ်ဆိုတာကိုတော့ မသိဘူးပေါ့။ အခုဆို ပန်းချီပြခန်းတွေဟာ စာပေ ပန်းချီ စတဲ့ အနုပညာသမားတွေ စုဆုံရာအရပ်လို​တောင် ဖြစ်လာနေပြီ။

ပန်းချီရေးကြသူတွေ၊ ပန်းချီပြခန်းတွေ ပေါများလာတာ ကောင်းတာပဲလို့ သူလိုကိုယ်လို ရိုးရိုးအတွေးလောက်နဲ့ ရပ်နေရင်တော့ ပြဿနာ သိပ်မရှိပါဘူး။ ဒါပေမဲ့ ပီတာဂလန့်လို ဖီလာကန့်လန့် တွေးတတ်သူအဖို့တော့ နည်းနည်း ပြဿနာရှိလာတယ်။ စုတ်တံ၊ ဆေး၊ စက္ကူ၊ ကင်းဗတ် ဝယ်နိုင်ရင် ပန်းချီရေးလို့ ဖြစ်တာပဲမဟုတ်လား။ ဘယ်သူ့အတွက်မှ သိပ်ဆန်းကြယ်မနေပါဘူး။ ဝါသနာအရင်းခံလေးလည်း ရှိမယ်၊ လေ့လာဆည်းပူးမှုလေးလည်း ရှိမယ်ဆိုရင် ဘယ်သူမဆို ရေးနိုင်ကြပါတယ်။ ဘယ်သူကမှ “မင်း ပန်းချီကျောင်းဆင်း မဟုတ်လို့၊ ဘယ်ဆရာဆီမှာမှ တပည့်သာဝက မဖြစ်ဖူးလို့” လို့ ဆိုပြီး ဘယ်သူမှ မတားမြစ်ကြပါဘူး။ သုံးစွဲတဲ့ အရောင်တွေ၊ စုတ်ချက်တွေ၊ ရေးတဲ့အကြောင်းအရာ အတွေးအခေါ်တွေပေါ် ကြည့်ပြီး ကောင်းရင်ကောင်းသလို ချီးမြှောက် အားပေးကြတာပါပဲ။ ခေတ်အဆက်ဆက် ဒီလိုပဲ ဖြတ်သန်းခဲ့ကြတာတွေ မြန်မာ့ပန်းချီလောကမှာ အပုံကြီး ရှိကြပါတယ်။ အခုလို ခေတ်ဆိုးခေတ်ကျပ်ကြီးမှာတော့ ဆန်းနေတယ်လို့ ပီတာဂလန့်က အတွေးချော်နေမိတာပါပဲ။

ပန်းချီအကြောင်းနဲ့ပတ်သက်လို့ လူဟာ ငယ်စဥ်ကလေးဘဝ အစမှာကတည်းက ပန်းချီနဲ့ ပထမဆုံး ထိတွေ့ရလေ့ရှိကြတာကို မိတ်ဆွေများက သတိပြုမိကြမယ် ထင်ပါတယ်။ ပီတာဂလန့်လည်း သူလိုကိုယ်လိုပဲ သတိပြုမိ တွေးမိတာ ဖြစ်ပါတယ်။ ကျောင်းစာသင်ခန်းထဲ ဖြစ်ဖြစ်၊ မိမိနေထိုင်ရာ နေအိမ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ် ပန်းချီအနုပညာနဲ့ ဆက်စပ်တဲ့ သိမှုတွေကို သင်ကြားကြရတယ်။ လူတယောက်ချင်းစီရဲ့ နှလုံးသားထဲကို တဆက်တည်း ရောက်ရှိသွားအောင် သင်ကြားရေးက စွမ်းဆောင်နိုင်တာတော့လည်း တထစ်ချ မဟုတ်ပါ။ ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့တွေကို သင်ယူမှတ်သားရတဲ့အခါ သဘာဝတရားကြီးဆီက အရောင်တွေ၊ ပုံသဏ္ဌာန်တွေ စသဖြင့် ပါလာတယ်။ အစိမ်းရောင် သစ်ရွက်လေးတွေ၊ နှင်းဆီပန်း နီနီဖြူဖြူတွေ၊ နေလုံး နီနီကြီး၊ ကောင်းကင်ပြာပြာ၊ မိုးတိမ်မည်းမှောင် စတာ စတာတွေ အများကြီးမှ အများကြီးပါ။ အဲဒီ သဘာဝမြင်ကွင်းတွေဟာ ပန်းချီကားတွေပဲ မဟုတ်ပါလား။ ဒီကနေမှ တဆင့်တက်ကာ အထူးပြုလေ့လာခြင်းဖြင့် အာရုံရုပ်တွေပါ တွဲစပ်တွေးခေါ်ကြရင်း ပန်းချီဆရာဆိုတဲ့ အနုပညာသမားတွေ ဖြစ်လာကြတာပဲ မဟုတ်ပါလား။

သို့သော်ငြားလည်း မြန်မာပြည်မှာတော့ဖြင့်ရင် လူတယောက် ပန်းချီကားတချပ်ရှေ့မှာ ရပ်ပြီး တစိမ့်စိမ့် ခံစားတတ်ဖို့ဟာ တံတိုင်းတခု ခံနေသလို အခြေအနေ ဖြစ်ဆဲလို့ ထင်ပါတယ်။ ပန်းချီအနုပညာဟာ အသံထွက် ဘာသာစကားမလိုဘဲ အရောင်တွေနဲ့သာ စကားပြောရတဲ့ လူနဲ့အနီးဆုံး ခံစားလို့ရတဲ့ အနုပညာရပ် ဖြစ်ပါတယ်။ အဲသလိုဖြစ်ဖို့ ပီတာဂလန့်တို့ရဲ့ ငယ်ဘဝစာသင်ကျောင်းတွေက “ဖွင့်” မပေးထားပါဘူး။ ကျောင်းစာတွေချည်း ဇွတ် ကျက်မှတ်ခိုင်းခံခဲ့ရတာပါ။ လွတ်လပ်စွာ စဥ်းစားတွေးခေါ်ခွင့်ဆိုတာ စာသင်ကျောင်းတွေမှာ ရှိမနေပါဘူး။ ဒါကြောင့်မို့ ခေတ်မပျက်ခင် အခြေအနေမှာတောင်မှ ဖွံ့ဖြိုးဖို့ အတော်အားထုတ်နေရတဲ့ ပန်းချီဖွံ့ဖြိုးမှုဟာ အခု ခေတ်ပျက်ချိန်မှာ ပွင့်ကန် ထိုးတက်လာတာဟာ ပီတာဂလန့်အဖို့ အံ့အားသင့်စရာ ဖြစ်ရပါတယ်။ တိုင်းပြည့်စီးပွားရေးကလည်း အချိန်မရွေး ချောက်ထဲထိုးကျတော့မယ့် အခြေအနေ မဟုတ်ပါလား။ ဒီလိုအချိန်မှာ ပန်းချီကားစုတဲ့ ကော်လက်တာတွေဟာ ဘယ်လို စီးပွားရေးလုပ်ငန်းတွေနဲ့ ကြွယ်ဝနေလို့ပါလိမ့် စသဖြင့် ပီတာဂလန့် အတွေးချော်နေမိပါတယ်။

အခုတော့ ပီတာဂလန့်ခမျာလည်း ကိုယ့်ဘာသာကိုယ် အခိုင်အမာ ရပ်တည်​နေတယ်လို့ ထင်မှတ်မှားမှုဟာ ကမ်းပါးကို ဝင်ဝင်တိုး​နေတဲ့ ​ရေစီးနဲ့အတူ ​မျောပါသွား​လေပြီ။ ဒင်းကိုယ်ဒင်း ဘာသားနဲ့ ထုထားမို့လို့လဲ ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုယ်ကို ​ဖြေ​လျော့​ခွေရင်း တန်းဝင်စီဖို့ ပြင်နေမိပါပြီ။ အလုပ်အကိုင်အခွင့်အလမ်း ဘာမှမရှိလို့ စုဆောင်းထားတာလေးလည်း ထိုင်စားနေတာနဲ့ ကုန်ပြီဆိုတော့ ဝင်ငွေရရာရကြောင်း အလုပ်အဖြစ် ပန်းချီရေးဖို့ ကြံစည်အားထုတ်လာပါတယ်။ ပထမဆုံးကတော့ ရေဆေးရေးနည်း၊ အခရိုင်းလစ်ရေးနည်း စတာတွေကို ယူကျူကနေတဆင့် နေ့စဥ် လေ့လာနေပြီ ဖြစ်ပါတယ်။ ပန်းချီကားလေးတွေလည်း စမ်းသပ်ရေးစပြုနေပြီလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ အခုတလော ပန်းချီလောကမှာ ဟိုနားကကြား၊ ဒီနားကကြားဖြစ်နေတဲ့ ကိစ္စတခုကိုလည်း ထည့်ပြောဖို့လိုလာပါတယ်။ ပန်းချီကားအတု ပြဿနာ ဖြစ်ပါတယ်။ ဦးဘသက်အတု၊ ဦးခင်မောင်ရင်အတု၊ ဦးဝင်းဖေအတု စသဖြင့် ခပ်စိပ်စိပ် ကြားနေရပါတယ်။ အဲသလို အတုသတင်းတွေ ကြားထဲမှာမှ ထူးခြားတဲ့ သတင်းတခု သိရတယ်။ လက်ရှိ ပန်းချီဆရာတယောက်ရဲ့ လက်မှတ်မထိုးခဲ့တဲ့ ပန်းချီကားကို ဦးခင်မောင် (ဘဏ်) ရဲ့ ရှေးဦးပိုင်းလက်ရာဆိုပြီး ပြည်ပက ဂယ်လာရီတခုမှာ တွေ့ရတဲ့ သတင်းပါပဲ။ ပြဿနာ ဘယ်လိုအဆုံးသတ်ပြီလဲတော့ မသိရသေးပါဘူး။ ကမ္ဘာပေါ်မှာလည်း မို​နေး၊ ဗန်ဂိုး၊ ဂေါ်ဂင် စတဲ့ ကမ္ဘာကျော် ပန်းချီဆရာကြီးတွေရဲ့ ရှေးဦးပိုင်း ပန်းချီရေးခါစက လက်ရာတွေကို တခုတ်တရ တန်ဖိုးထားကြတယ် မဟုတ်လား။ မြန်မာနိုင်ငံက နာမည်ကြီးတွေဖြစ်တဲ့ ဗဂျီအောင်စိုး၊ ပေါ်ဦးသက်၊ ဝင်းဖေ၊ မောင်ဒီ စသူတွေရဲ့ အစောပိုင်းလက်ရာတွေလည်း စျေးကောင်းနေကြပြီလို့ ပီတာဂလန့် ယူဆမိပါတယ်။

အဲဒီ အစောပိုင်းလက်ရာဆိုတဲ့ အသုံးလေးက ပီတာဂလန့်ကို ခိုက်သွားစေတာပါပဲ။ ဒါကြောင့် ပီတာဂလန့်လည်း တကိုယ်တော် ပန်းချီပြပွဲလုပ်ဖို့ ကြိုးစားနေတော့တာပေါ့။ ပွဲတပွဲစာ သင့်လျော်မယ့် ပန်းချီကားအရေအတွက်တော့ မရသေးပါဘူး။ ပြပွဲခေါင်းစဥ်နဲ့ စလိုဂန်သဖွယ်ရေးမယ့် စာသားက​တော့ အသင့်ဖြစ်နေပြီ။ ပြပွဲခေါင်းစဥ်က “ပီတာဂလန့်ရဲ့ အစောပိုင်းလက်ရာများ” ဖြစ်ပြီး စလိုဂန်စာသားက “နောင်တချိန် နာမည်ကြီးလာမယ့် ပန်းချီဆရာကြီးပီတာဂလန့်ရဲ့ အစောပိုင်းလက်ရာတွေကို သံသယစိတ်နဲ့ မရှာဖွေကြရလေအောင် အခုကတည်းက ကြိုတင် စုဆောင်းထားခြင်းဖြင့် ပန်းချီချစ်သူများ ဂုဏ်ယူနိုင်ကြစေဖို့ ရည်ရွယ်ပါတယ်” ဖြစ်ပါတယ်။ ဖီလာကန့်လန့် တွေးတတ်တဲ့ ပီတာဂလန့်တယောက်ကတော့ ဆေးတွေပေကျံနေတဲ့ အိမ်ရှေ့ဧည့်ခန်းမှာ ဇနီးသည်ရဲ့ မျက်စောင်းတွေကို သည်းညည်းခံရင်း ပန်းချီကားတွေကို အပတ်တကုတ် ကြိုးစားရေးဆွဲလျက် ရှိနေပြီဖြစ်ကြောင်းပါ။

About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*