
“ပုကျယ်နဲ့ ထိပ်တိုက်တွေ့မယ်”ပီတာဂလန့်
ပီတာဂလန့်ဟာ ကြုံနေရတဲ့ အနှစ်အသားမရှိ၊ အခွံသက်သက် လူ့အဖွဲ့အစည်းကြီးကို စိတ်ပျက်လေတိုင်း ထော်လော်ကန့်လန့်တွေချည်း တွေးမိ ပြောမိနေတယ်။ သူ့တသက်တာ နှစ်ပေါင်းများစွာမှာ လက်ညှိုးထောင် ခေါင်ညိတ်ဘဝနဲ့ချည်း ကြီးပြင်း ဖြတ်သန်းခဲ့ရတာကြောင့်လည်း ပါမယ်ထင်တယ်။ နောက် သူက ဆယ်စုနှစ် ၂ ခုလောက် အစိုးရ၀န်ထမ်းအဖြစ် လုပ်ခဲ့ရတာကြောင့်လည်း ပါနိုင်တယ်။ ခေတ်ဆိုးခေတ်ကြပ်ကြီးမှာ အထက်ဖား အောက်ဖိလို ပုံစံခွက်ထဲ အလုပ်လုပ်ခဲ့ရတာဆိုတော့ လူလည်း အိပ်၊ စား ၊ ကာမက လွဲပြီး လူလိုသူလို ထူးထွေဆန့်ထွက် တွေးတောလှုပ်ရှား နေနိုင်ခဲ့ရတာမျိုး မဟုတ်တာဘဲကလား။
လူရယ်လို့ဖြစ်လာပြီ ဆိုတာနဲ့ မွေးရာပါ ရသင့်ရထိုက် ခံစားခွင့်ခံစားထိုက်တာတွေ လက်လွတ်ဆုံးရှုံးနေရပြီး လူလုံးမလှဘဲ အသက်ရှင်သန်ရပ်တည်ဖို့ ကြိုးစားနေရရုံနဲ့ ဖြတ်သန်းနေရတဲ့ လူ့ဘဝကြီးကို ပီတာဂလန့် သိပ်စိတ်ပျက်တယ်။ ပညာငတ်၊ စီးပွားငတ်၊ ဆေးဝါးကုသမှုငတ် စတဲ့ တခုခုငတ်လိုက်တာနဲ့ ဆက်ကြောင်းကြီးလို ငတ်ခြင်းအထွေထွေ ကြုံခဲ့ရတာကို ကျော်လွှားနိုင်မယ့် နည်းလမ်းဟာ တခုပဲရှိတယ်လို့ ယုံတယ်။ အဲဒီတလမ်းဟာ လူ့အဖွဲ့အစည်းကို ပြောင်းပေးနိုင်မယ့် နိုင်ငံရေးစနစ်ပဲ ဖြစ်တယ်လို့ သူ ယူဆယုံကြည်တယ်။
ဒါကြောင့်ဖြစ်မလားပဲ ထင်တယ်။ ပီတာဂလန့်ဟာ သူ့တသက်မှာ အပ်ကျမပ်ကျ တသဝေမတိမ်းလုပ်တာဆိုလို့ ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားလက်ဆုံကျပြီဆိုရင် စကားလမ်းရဲ့ ဦးတည်ရာကို နိုင်ငံရေးဆီမှာ အဆုံးသတ်ပြလေ့ရှိတယ်။ တကယ်လည်း ဘယ်သူမှ မငြင်းနိုင်အောင် ဖြစ်ကြရတာပါပဲ။ ခေတ်ကာလအခြေအနေတွေကလည်း မြုပ်ချည်တခါ နစ်ချည်တလှည့်ဆိုသလို ပေါ်လာခွင့်က နည်းပါးပြီး အမှောင်ခေတ်တွေချည့် တည့်တည့်တိုးနေကြရတာ မဟုတ် လား။ မပြောဝံ့ မပြောသာကြလို့သာ ခပ်မဆိတ် နေနေကြရတာပဲလေ။ ကိုယ့်မီးဖိုချောင်ကိစ္စက အစ၊ ဘတ်စ်ကားကျပ်တာ အလယ်၊ မဲတပြားထည့်ရတဲ့ ကိစ္စအထိ လူနဲ့နိုင်ငံရေး ခွဲထားလို့ရတာမှ မဟုတ်တာပဲကလား။ လူ့ရဲ့ နိစ္စဓူဝပြဿနာတိုင်းဟာ တနေရာမဟုတ်တနေရာမှာ နိုင်ငံရေးနဲ့ ငြိစွန်းနေကြတာချည့်ပဲ ဖြစ်တယ်။
ပြောခွင့်ဆိုခွင့်လေး နည်းနည်းပါးပါး ရလိုက်တဲ့ အခိုက်အတန့်တခုမှာ ဘာလာလာဒေါင်းချင်ကြသူတွေ အုံးအုံးထကြပြန်တာကိုလည်း ပီတာဂလန့်က မြင်ပြင်းကတ်တယ်။ အစဥ်သဖြင့် တိုင်းပြည်ကို လွှမ်းမိုးခြယ်လှယ်ဖို့ အားထုတ်နေတဲ့ ပုကျယ်တို့တသိုက်ရဲ့ အရိပ်မည်းကို ခွာချကြရမှာက အရေးကြီးကိစ္စလို့ ယူဆထားတာကိုး။ စားနေကျကြောင်ဖား လက်သည်းဝှက်ထားတာကို မမြင်မိဘဲ ရောယိမ်းလိုက် ဘသားယိမ်းလိုက် လုပ်ချင်ကြသူတွေလည်း ပရောဟိတ်တွေလိုလို ခေတ်ထလိုက်ကြသေးတာ မမြင်ချင်မှအဆုံးပေါ့။ မောင်သာရရဲ့ ဝတ္ထုခေါင်းစီးတခုလို “ရယ်လိုက်ရတာ ဖပ်ဖပ်မော ရင်ဘတ်နောက်ကကျော” ဆိုတာလိုပါပဲ။
မျက်စိကြီးနားကြီး တချို့တလေကလည်း ပုကျယ်တို့တသိုက်ကို လူလို နားလည်လာလေမလားလို့ ခပ်လျော့လျော့ထားကာ ဆက်ဆံကြည့်ကြသေးတာပဲလေ။ သို့ပေမင့် ပုကျယ်တို့တွေက ဘယ်တုန်းဘယ်အခါကမှ လူလိုနားလည်ဖို့ ကြိုးစားအားထုတ်ဖူးကြတဲ့ကောင်တွေမှ မဟုတ်ကြတာ။ အဲသမှာ ပီတာဂလန့်တို့လို အဆိုးမြင်တယ်ပဲပြောပြော မတူတဲ့ထောင့်ကနေ တွေးတတ်ကြသူတွေ တော်တော်များများက တခုခုဆိုရင် ဘာလုပ်သင့်တယ်ဆိုတာ တန်းရိပ်မိကြတယ်။ ချုပ်ပြောရရင် ပီတာဂလန့်နဲ့ ပုကျယ်တို့ ထိပ်တိုက်တိုးကြဖို့ ဇာတ်လမ်းက စလာတော့တာပါပဲ။
ပုကျယ်ဆိုလို့ ခင်ဗျားတို့တွေက အသစ်တယောက်လို့ ထင်ချင်ထင်နေကြဦးမယ်။ ခင်ဗျားတို့တွေ အခု စောက်ပုကို ဘုတိုလို့ခေါ်ကြတာနဲ့ အတူတူပါပဲ။ ပီတာဂလန့်က ဘုတိုတယောက် ဘာမှ မဘာခင်ကတည်းက ဘုတိုကို ပုကျယ်လို့ အနွတ္ထသညာ ပေးခဲ့တာဖြစ်တယ်။ ပုကျယ်ဆိုတဲ့ အဓိပ္ပါယ်က ဝမရှိဘဲ ဝိလုပ်တတ်သူတွေကို ခေါ်တာ။ ပီတာဂလန့်ဘဝမှာ ဝိမရှိဘဲ ဝိလုပ်တတ်ကြသူတွေကို ခေတ်အမျိုမျိုးမှာ တွေ့ဖူးပေါင်းများလှပေါ့။ အမှီသဟဲရှိမှ လူရာဝင် လို့ရတဲ့ ရုပ်ပေါက်သူတွေလို့ ပြောရင်လည်းရတယ်။ လူတိုင်းကို ကိုင်လှုပ်လို့ရတဲ့ အာဏာနဲ့အသပြာကို ဖင်ခုထားနိုင်တဲ့ အခြေအနေတရပ်တော့ လိုတာပေါ့။ ဒါမှ ဉာဏ်ပုပုနဲ့ ဖင်ခေါင်းကျယ်နိုင်တဲ့ “ပုကျယ်” ဖြစ်မှာမဟုတ်လား။
ပုကျယ်ရဲ့ မထော်မနန်း မက်နေတဲ့အိပ်မက် ပျက်ပြယ်ခဲ့တဲ့ နောက်ပိုင်း အဖြစ်အပျက်တွေဟာ ပီတာဂလန့်အတွက် နေ့စဥ်နဲ့အမျှ ဟာသဖြစ်ခဲ့ရတယ်။ လက်ဘက်ရည်သောက်ရင်း၊ အရက်သောက်ရင်း ပီတာဂလန့် ပြောဖြစ်တဲ့ ပြက်လုံးတွေဟာ ပုကျယ်ဆီက လာတာချည့်ပဲ။ ဥပမာ လျှပ်စစ်ရထားတို့၊ မြေအောက်မြို့တော်တို့လို ပြက်လုံးမျိုးတွေပေါ့။ ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲ မဟုတ်လား၊ ပုကျယ် ဘာလုပ်လုပ် ဘာပြောပြော ဟာသချည်းဖြစ်နေတာလေ။ ပုကျယ်ဟာ သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ သူ့အိပ်မက်ကို တရားနည်းလမ်းတကျ အကောင်အထည်မဖော်နိုင်မှန်း သိတဲ့အခါ လက်နက်အားကိုးသူတို့ရဲ့ထုံးစံအတိုင်း ပြည်သူကို အနိုင်ကျင့်ဖို့ပဲ လွယ်လွယ် စိတ်ကူးမိပုံရပါတယ်။
အင်္ဂလိပ်လက်အောက်က မြန်မာပြည်ကြီး လွတ်လပ်ရေးရခဲ့ပေမဲ့ စစ်တပ်လွှမ်းမိုးလွန်းတဲ့ နိုင်ငံရေးဖြစ်စဥ်တလျှောက်မှာ မြန်မာပြည်သူတရပ်လုံးဟာ စစ်ကျွန်ဘဝ ရောက်နေကြရသလို ဖြစ်ခဲ့ရတာ ထမင်းစားပြီး လူလိုတွေးတတ်သူတိုင်း သိနိုင်ပါတယ်။ ဒါပေမဲ့ အစဥ်အလာချည်းလို ဖြစ်နေတဲ့အခါ ၆၂ က၊ ၈၈ က စသဖြင့် စစ်တပ်အာဏာသိမ်းတာကို မီခဲ့တဲ့သူ သာမန်ကာလျှံကာအများစုဟာ ကြုံခဲ့ဖူးသလို ဒုံးရင်းဒုံရင်းပဲ ပြန်ဆိုက်မယ်လို့ ထင်မှတ်ထားနေကြပုံရတယ်။
ပီတာဂလန့်ကတော့ အဲသည် ဘူဂျာလီ စောက်တောသား ဂျန်လီးအတွေးအခေါ်နဲ့ လူတွေကို ပုကျယ်နဲ့ တတန်းတည်းထားပြီး ခွဆဲရင်း ခေတ်ပြောင်းဖို့ ယဥ်ကျေးမှုတော်လှန်ရေးထိပါ ဆင်နွှဲနေတဲ့ ပညာတတ်လူငယ်လေးတွေရဲ့ သတ္တိဗျတ္တိနဲ့ နှလုံးရည်ကို လေးစားတန်ဖိုးထား ထောက်ခံရင်း ပုကျယ်နဲ့ ထိပ်တိုက်တွေ့ရလည်း မမှုတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။
Be the first to comment