ပုန်ကန်နွယ်များရဲ့ နံရံရေးပန်းချီ၊ ကဗျာ၊ သီချင်းစာသားများ
■ SWN ၊ တက်ဇေထက်
မြို့ပြကိုစွန့်ခွာလာကြတဲ့ လူငယ်များဟာ သူတို့နဲ့အတူ ပန်းချီတွေ၊ကဗျာတွေ၊ သီချင်းစာသားတွေ၊ ယဉ်ကျေးမှုတွေကို စစ်ပညာသင်ယူရာ လွတ်မြောက်နယ်မြေတွေအထိ သယ်ဆောင်လာခဲ့ကြပါတယ်။ သူတို့ကို သူတို့နာမည်ပေးထားတာ ပုန်ကန်နွယ်တဲ့။ ပုန်ကန်နွယ်ဟာ လူငယ်တွေကြားမှာ နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက်ရဲ့သီချင်းစာသားတစ်ခုဖြစ်ပါတယ်။
ပုန်ကန်နွယ်တွေဟာ ပြည်တွင်းစစ်ဒဏ်ခံထားရတဲ့ မြို့ပျက်ကြီးထဲက နံရံတွေပေါ်မှာ အဲ့ဒီယဉ်ကျေးမှုတွေကို ချန်ထားရစ်ခဲ့ပါတယ်။ အဲ့ဒီမှာ “အာဏာရှင်ကို တအားမုန်းတီးတဲ့အကြောင်း”၊ “နှောင်ကြိုးကို လက်ရုံးဖြင့် ချိုးဖျက်မယ့် အကြောင်း”၊ “ချစ်ခြင်းမေတ္တာတွေအကြောင်း”။ အစရှိတဲ့အကြောင်းအရာတွေကို မှင်နဲ့ ဆေးခြယ် ရေးသားထားခဲ့ကြပါတယ်။
(Generation Z) တွေဖြစ်တဲ့ပုန်ကန်နွယ်တစ်စုဟာ “အာဏာရှင် အုတ်နံရံကို ခေါင်းနဲ့ပြေးဝင်ဆောင့်မယ်”ဆိုတဲ့ စိတ်ဓာတ်နဲ့ စစ်သင်တန်းရဲ့ ခက်ခဲပင်ပန်းမှုဒဏ်တွေကို အန်တုရင်း ကြမ်းတမ်းတဲ့ကာလတွေကို ရဲဘော်ရဲဘက်တွေနဲ့အတူတကွ ဖြတ်သန်းခဲ့ကြပါတယ်။ ဖြတ်သန်းရင်း အချင်းချင်း ပြန်လည် အားပေးဖေးမမှုတွေနဲ့အတူ သွေးမတူသားမစပ်တဲ့ သင်တန်းသားအချင်းချင်းဟာ မိသားစုသဖွယ် ဖြစ်ပေါ်လာပါတယ်။ ပုန်ကန်နွယ်တို့ကြားထဲ ယောက်ျား၊မိန်းမစသဖြင့် လိင်စိတ်ဆိုင်ရာခွဲခြားခြင်း၊ အသက်အရွယ်အလိုက်ကြီးသည်၊ငယ်သည်ခွဲခြားခြင်းမရှိဘဲ အကုန်လုံးရဲဘော်ရဲဘက်ချည်း ဖြစ်သွား ကြတာပါ။ အဲ့ဒီ ပုန်ကန်နွယ်တွေဟာ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ဖို့လာခဲ့ကြတာဖြစ်တယ်။ ဘယ်တုန်းကမှ မျှတမှုမရှိခဲ့တဲ့ စနစ်ကို တိုက်ဖို့ လာခဲ့ကြတာဖြစ်တယ်။
ပုန်ကန်နွယ်တွေဟာ စစ်တပ်ရဲ့ ပြည်သူ့အာဏာကို အတင်းအဓမ္မသိမ်းယူမှုအပေါ် အကြမ်းမဖက် ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။ လူမဆန်တဲ့ ဖက်ဆစ်စစ်တပ်ဟာ လက်နက်မဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့တယ်။ ဖက်ဆစ်စစ်တပ်ရဲ့ဦးခေါင်းတွေကို တည်ပစ်လိုက်တဲ့ ကျည်ဆံတွေကြောင့် အကြမ်းမဖက်လမ်းစဉ်ကို လျှောက်လှမ်းလိုခဲ့ကြတဲ့ ကံဆိုးတဲ့လူငယ်တွေဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ယုံကြည်သက်ဝင်လာခဲ့ပါတယ်။
“ပစ်တိုင်းထောင်လာမယ့် ခေါင်းတွေ”လို ဖက်ဆစ်စစ်တပ်က အကြမ်းဖက်နှိမ်နှင်းလေလေ ပုန်ကန်နွယ်ဦးရေတွေ ပိုများလာလေလေ ဖြစ်လာပါတယ်။ မြန်မာလူမျိုးတွေဟာ ပဂုံညှင်းတွေနဲ့ တူတယ်လို့ စာရေးဆရာမောင်ထင်က ရေးခဲ့ဖူးပါတယ်။ ပိုဖိနှိပ်လေ ပိုရုန်းကြွလေ ဖြစ်ရမယ့် တော်လှန်ရေးတစ်ရပ်ဖြစ်ပါတယ်။
ဒီတခေါက်တော်လှန်ရေးဟာ ပုန်ကန်နွယ်တို့ရဲ့ နောက်ဆုံး တော်လှန်ရေး။
စစ်ကောင်စီနှင့်တကွ အမျိုးသားအစွန်းရောက်တွေ လူမျိုးကြီးဝါဒ ကိုင်စွဲထားတဲ့ သတ္တဝါတွေကို အစွဲချွတ်မယ့်တော်လှန်ရေး။
အဖိနှိပ်ခံတွေအားလုံးအတွက် တရားမျှတပြီးတန်းတူညီမျှမှုရှိတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက် မယ့်တော်လှန်ရေး
တိုင်းရင်းသားလူမျိုးစုအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိပြီး ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်မယ့်
အခွင့်အရေးတွေရရှိလာဖို့ ရည်ရွယ်တဲ့ တော်လှန်ရေးဖြစ်ပါတယ်။
ပုန်ကန်နွယ်တွေဟာ ဒီရည်ရွယ်ချက်တွေ ပြည့်မြောက်ပြီးမှ အိမ်ပြန်ကြမှာဖြစ်ပါတယ်။
ဒီတော်လှန်ရေး ဟာ သမိုင်းသစ်ရေးထိုးနိုင်မယ့်တော်လှန်ရေး၊ ပညာရှင်တွေ အသစ်ထပ်မံလေ့လာရမယ့် တော်လှန်ရေး ဖြစ်တယ်။ အောင်ပွဲမရခင်ကာလအတွင်း “အားတင်းထားပါအမေ”လို့ ပုန်ကန်နွယ်တွေဟာ သူတို့ရဲ့မိခင်တွေကို အားပေးထားတယ်။ ပြီးတော့လည်း ပုန်ကန်နွယ်တွေကပဲ“သားရဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် တိုင်းပြည်ကို ကာကွယ်ပေးဖို့ ကတိပေးပါတယ်” ဆိုပြီး သူတို့ရဲ့ မိခင်တွေကို တိုင်တည်ထားပါသေးတယ်။
အဲ့ဒီပုန်ကန်နွယ်တို့ရဲ့ တော်လှန်ရေးဟာ အောင်ပွဲရမယ့်တော်လှန်ရေးဖြစ်တယ်။ အောင်ပွဲရအောင် တိုက်ရမယ့် တော်လှန်ရေးလည်းဖြစ်တယ်။ သံပူခိုက်ဝယ် အားစိုက်ထုနှက်ရမယ့် တော်လှန်ရေး ဖြစ်ပါတယ်။
Be the first to comment