ရိုင်းစိုင်းသော်
(၁)
ဒီတခါ သတိလွတ်သွားတဲ့အချိန်ကိုတော့ သေချာမှတ်ထားမယ်လို့ မိနီ တေးထားတယ်။ ဒီနေ့လည်း ထပ်ဖြစ်နိုင်တယ်လို့ သူ့စိတ်က ထင်နေတယ်လေ။
မနက်စာအတွက်တော့ လမ်းဘေးမှာ ကလေးတယောက်ယောက် ကျနေခဲ့ပုံရတဲ့ ဘိန်းမုန့်အပဲ့တခုကို သူစားပြီးပြီ။ ဈေးလမ်းကြားမှာ မြေပဲသီးတောင့်နည်းနည်း ထပ်တွေ့တာကို အသိုက်ထဲ ကိုက်ချီသွားမလို့ စိတ်ကူးနေတုန်းမှာပဲ ကြိမ်နှုန်းမြင့် အသံတခုကို ကြားလိုက်ရတယ်။
“စပြီနော် စပြီ” လို့ သူ့ကိုယ်သူ ပြန်သတိပေး ရေရွတ်ရတယ်။ အသံကို မကြားရအောင် ဖုံးထားနိုင်မလားဆိုပြီး သူ့နားရွက် ထောင်ထောင်လေးတွေကို လက်တွေနဲ့ ပုတ်ခတ်ကြည့်တယ်။ မရပါဘူး။ အသံက တိုးတိုးလေး ကြားနေရာကနေ သူ့ခေါင်းကို ပတ်ချာလည်ပြီး ဝေ့ဝဲနေသလိုမျိုး ခံစားလာရတယ်။ အသံလှိုင်းတွေက သူ့ဦးခေါင်းခွံထဲကို တဖြည်းဖြည်း စိမ့်ဝင်လာသလို ဖြစ်လာတယ်။ ကြိမ်နှုန်းမြင့် အသံလှိုင်းရဲ့ကြားက တေးသွားလိုလို တစုံတရာကို ကြားလိုက်တဲ့အချိန်မှာပဲ သူ့အာရုံအားလုံးဟာ ခလုတ်နှိပ်ပြီး တိကနဲ ပိတ်ချခံလိုက်ရသလို ပြတ်တောက်သွားတယ်။
ကြွက်မလေး မိနီ ပြန်နိုးလာပါတယ်။ ဒါပေမယ့် နှစ်ဖာလုံလောက်ဝေးတဲ့ ရပ်ကွက်ပန်းခြံလေးထဲက မြက်ခင်းပေါ်မှာ။ ပြီးတော့ နေဝင်လို့ မိုးစုန်းစုန်းချုပ်နေပြီ။
(၂)
“သွားစမ်းပါဟာ။ ဒီမှာ အစာရှာရတာ ကြပ်တည်းလာလို့ ဒုက္ခရောက်နေရတဲ့ထဲ နင်က တမှောင့်။”
နောက်တနေ့မှာ အကိုဖြစ်သူဆီကို သွားပြီး သူသတိပြုမိသမျှ မူမမှန်တဲ့ အဖြစ်အပျက်တွေကို ပြန်ပြောပြတော့လည်း သူ့စကားတွေကို သိပ်ပြီး အရေးမလုပ်ဘူး။ တကယ်တော့ သူ ခံစား တွေ့ကြုံရတာတွေကို ပြောပြတဲ့အချိန်မှာ အကိုက သေချာနားထောင်နေတဲ့အပြင် တခုခုကိုပါ တပြိုင်နက် စဉ်းစားနေတာကို မိနီ ရိပ်မိတယ်။ ဒါပေမယ့် အရင်တခေါက် လာတုန်းကလိုပဲ၊ သူပြောပြတာတွေနဲ့ ပတ်သက်ပြီး ဘာမှ ပြန်မဆွေးနွေးဘဲ ပူညံပူညံပဲ လုပ်လွှတ်လိုက်တယ်။
အကိုက အိမ်ထောင်ကျပြီးပြီ။ သူ့မိန်းမက အရင်လဆန်းကပဲ နီတာရဲလေး ၅ ကောင် မွေးပေးထားတော့ သူ့မှာ ပြာယာကို ခတ်နေတာရယ်။
မိနီ အကိုဆီက ပြန်လာတော့ မှောင်ရီဖျိုးဖျလေးမှာ။ သူ့အသိုက်ရှိတဲ့ အိမ်ပျက်ကြီးဘက်ကို ပြန်နေကျလမ်းအတိုင်း ပြန်လာရင်း သူ့နောက်ကို တယောက်ယောက် လိုက်လာတာကို သတိထားမိလိုက်တယ်။ ခနတော့ ဟန်မပျက် ဆက်လျှောက်ပြီးမှ လမ်းဘေးကို ဖြတ်ခနဲ ပြေးဝင်ပုန်းလိုက်တယ်။ သူ့နောက် ကတယောက်က ပြေးလိုက်လာပြီး သူ့ကိုမတွေ့တော့ ဟိုကြည့်ဒီကြည့်နဲ့ ရှာနေတယ်။ မိနီ လမ်းဘေးက ခုန်ထွက်ပြီး သူ့နောက်က လိုက်လာတဲ့သူကို ကိုယ်လုံးချင်း ပြေးတိုက်လိုက်တယ်။
“အာလာလာ သေပါပြီ”
အရှိန်နဲ့ လွင့်ပြီး လမ်းဘေးကျသွားတဲ့သူကို ကြည့်လိုက်တော့ သူ့အကိုသူငယ်ချင်း ငတာဖြစ်နေတယ်။
“ငတာလား ငါ့နောက်က ဘာလို့လိုက်လာတာလဲ”
“အေး အေး ဆောရီး မိနီရေ။ နင် ငရဲတို့အသိုက်က ထွက်လာကတည်းက ငါလည်း ကြိုစောင့်နေတာ။”
“ဘာကိစ္စရှိလို့လဲ။”
“ဒီမှာပြောလို့ မကောင်းတဲ့ကိစ္စဟ။ နင် ငရဲဆီမှာ ပထမတခေါက် လာတိုင်ပင်တုန်းကတည်းက ငါတို့ကို သူပြန်ပြောပြတယ်။”
မိနီ ဝမ်းသာသွားတယ်။ သူ ဒီလိုမျိုး တယောက်တည်းပဲ ခံစားနေရတာ ကြာပြီလေ။ သူ့လိုမျိုး တခြား သတိထားမိတဲ့သူတွေ ရှိသေးတာလား။ ငတာက သူ့မျက်နှာကို သေချာကြည့်ပြီး လေးလေးနက်နက်ပြောတယ်။
“နင်တယောက်တည်း မဟုတ်ဘူးဆိုတာကို မမေ့ပါနဲ့”
(၃)
ငတာက အကျိုးအကြောင်းပြောပြပြီး ခေါ်သွားလို့ မိနီ ဂိုဒေါင်ဟောင်းကြီးတခုထဲမှာ ရောက်နေတယ်။ ထပ်ခိုးကို ငတာနဲ့အတူတူ တက်သွားတော့ ကြိုရောက်နေတဲ့ တခြားကြွက်တွေကိုလည်း တွေ့ရတယ်။ ငတာ့ကိုတွေ့တော့ နှုတ်ဆက်ကြတယ်။ မိနီတို့ရောက်ပြီး မကြာခင်မှာပဲ ခေါင်မိုးပေါ်က တကောင် ကောင် ဆင်းလာသံကို ကြားရတယ်။ ထပ်ခိုးမှာ အလင်းရောင်ကောင်းကောင်းရှိတော့ ဆင်းသက်လာတဲ့အရိပ်တခု လှုပ်ရှားနေတာကို နံရံမှာ မြင်နေရတယ်။ ထပ်ခိုးကြမ်းပြင်ကို ခြေချသံကြားရပြီးတော့ အရိပ်ပိုင်ရှင်က အမှောင်ထဲကနေ တဖြည်းဖြည်း ထွက်လာရင်း စကားစပြောတယ်။
“အားလုံးပဲ ကျုပ်နာမည်ကတော့ ငကင်းပါတဲ့ဗျာ”
စိတ်ဝင်တစားကြည့်နေတဲ့ ကြွက်အားလုံးရဲ့ရှေ့ကို စကားသံနဲ့အတူ ကြွက်ကြီးတကောင် ရောက်လာတယ်။
“အရှိတရားရဲ့ မှားယွင်းမှုတွေကို သတိပြုမိကြပြီး ခေါင်းငုံ့ လက်မခံဘဲ မေးခွန်းထုတ်ရဲသူတွေကို အခုလို မြင်တွေ့ရလို့ ကျုပ်က အလွန်ဝမ်းမြောက်မိပါတယ်”
ငကင်းဆိုသူက မိနီရှေ့မှာ သူ့ခြေလှမ်းတွေကို ရပ်လိုက်တယ်။ အကောင်ကြီးသလို အရောင်လွင့်စပြုနေတဲ့ သူ့အမွှေးအမင်တွေကြောင့် အသက်လည်း ကြီးပြီဆိုတာ ပေါ်လွင်တယ်။
“တွေ့ရတာ ဝမ်းသာပါတယ်။ တူမောင် ငရဲရဲ့ ညီမကလေး မဟုတ်လားကွယ့်။”
သူ့အကိုကိုလည်း သိပုံရလို့ မိနီ တရိုတသေပဲ ပြန်နှုတ်ဆက်လိုက်တယ်။ ငကင်းက အခြေအနေတွေကို နားလည်အောင် သူရှင်းပြမှာ ဖြစ်ကြောင်းနဲ့ ပြီးရင် ဘာလုပ်လို့ရမလဲဆိုတာပါ နားလည်သွားမှာဖြစ်ကြောင်း မိနီကို သေချာပြောပြတယ်။ အကို့မိသားစုအကြောင်းလည်း စကားစမြည်လို ပြောနေသေးတယ်။ ပြီးတော့မှ မိနီတို့တွေအားလုံး မျက်နှာမူထားတဲ့ ခုံမြင့်လေးတခုပေါ်ကို သူတက်တယ်။
ကြွက်တွေရဲ့ ကျွန်သမိုင်းလို့ အစချီပြီး ဇာတ်လမ်းတပုဒ်ကို စတင် ပြောပြပါတော့တယ်။ သူပြောတာတွေကို နားထောင်ကာစမှာ မိနီ အံ့ဩမင်သက်သွားတယ်။ ပြီးတော့ နာကြည်းမှုနဲ့ ယူကျုံးမရဖြစ်မှုကိုလည်း ခံစားရတယ်။ နောက်ဆုံး သူပြောပြတဲ့ ဇာတ်လမ်းကြီး ပြီးသွားတဲ့အခါ မိနီရင်ထဲမှာ ဒေါသပဲ ကျန်တော့တယ်။
ကြွက်ကြီးငကင်း ပြောပြတဲ့ဇာတ်လမ်းက ပုလွေဆရာကြီး တယောက်အကြောင်း။ အဲဒီ ပုလွေဆရာကြီးက သူ့ပုလွေကိုမှုတ်ပြီး ကြွက်တွေကို ထိန်းချုပ်နိုင် တယ်တဲ့။ သူ့ပုလွေတေးသွားနဲ့ စိတ်ကို ညှို့ငင်ထားတဲ့အချိန်ဆိုရင် ကြွက်တွေဟာ သူ သေဆိုသေ၊ ရှင်ဆိုရှင်ပဲတဲ့။ သူခိုင်းသမျှကို လုပ်ပေးရတာတဲ့။
အဲဒီပုလွေဆရာကြီး ငယ်နုစဉ်ကဆိုရင် အမြို့မြို့အတိုင်းတိုင်းမှာ လှည့်လည်သွားရင်း ပုလွေတချောင်းနဲ့ ကြွက်တွေကို ထိန်းချုပ်ပြီး စီးပွားရှာခဲ့တာတဲ့။
မြို့တွေမှာ ကြွက်တွေကို ပွားများသောင်းကျန်းအောင် တမင်လုပ်ပြီးမှ အခကြေးငွေနဲ့ ပြန်နှိမ်နင်းပေးတာမျိုး။ ကြွက်တွေကို အကြောင်းပြုပြီး မြို့ခံတွေရဲ့ ကလေးတွေကို ပြန်ပေးဆွဲတာမျိုး။ ကြွက်တွေကို လက်နက်အဖြစ်အသုံးချတဲ့ အကြမ်းဖက်မှုမျိုးတွေ။ ဓားပြမှု။ လောင်းကစားမှုတွေ။ ဒုစရိုက်မှုအစုံပါပဲ။
မိနီတို့ရဲ့ ကြွက်မျိုးနွယ်တွေကို အင်မတန် ဆိုးယုတ်တဲ့ နည်းလမ်းမျိုးစုံနဲ့ ပုလွေဆရာဟာ အသုံးချခဲ့တာ။
မိနီ ဒေါသကြောင့် တကိုယ်လုံးက အမွှေးအမျှင်တွေ ထောင်ထနေသလို ခံစားနေရတယ်။ တခြားကြွက်တွေထက် သေးငယ်တဲ့ သူ့ခန္ဓာကိုယ်လေးဟာ တဆတ်ဆတ်ကို တုန်နေတာပဲ။
နောက်တခေါက် အစည်းအဝေးလုပ်တော့ ဂိုဒေါင်ဟောင်းကြီးမှာ မဟုတ်တော့ဘူး။ မိနီလည်း တခါမှ မရောက်ဖူးတဲ့နေရာ။ ရောက်လာကြတဲ့ ကြွက်အရေအတွက်လည်း ပိုနည်းတယ်။
လူစုံတော့ ကြွက်ကြီးငကင်း ထွက်လာပြီး ထုံးစံအတိုင်း စကားအရင်ပြောတယ်။ ဒီတခါတော့ သမိုင်းကြောင်းမဟုတ်ဘူး။ လက်တွေ့အခြေအနေတွေ။ မိနီတို့မြို့လေးက ကြွက်တွေ ဘာကြောင့် မကြာခနဆိုသလို ရုတ်တရက် သတိမေ့သွားကြပြီး အချိန်တွေ ပျောက်နေရတာလဲ ဆိုတာရယ်။ မူလပြောပြတဲ့ ဇာတ်လမ်းထဲက ပုလွေဆရာဟာ အခုဆိုရင် အသက်ကြီးရင့်လာပြီး ဒီမြို့မှာ နေထိုင်လှုပ်ရှားနေတဲ့ အကြောင်းရယ်။ ပြီးတော့ မိနီတို့ မြို့ခံကြွက်တွေအနေနဲ့ ဘာလုပ်ကြမလဲ ဆိုတာရယ်ပေါ့။
တကယ်တော့ ဘာလုပ်ကြမလဲဆိုတဲ့ မေးခွန်းထွက်လာဖို့ကို မလိုအောင် အဖြေက ရှင်းနေပါတယ်။ အနာဂတ် ကြွက်မျိုးနွယ် အားလုံးအတွက် ပုလွေဆရာဆိုတာ ကြောက်မက်ဖွယ် အရှိတရားတခုအစား ယုံတမ်း ပုံပြင်သက်သက်သာဖြစ်ဖို့ လိုအပ်တယ်လေ။
“ပုလွေဆရာကြီးက အသက်လည်း ကြီးပြီဆိုတော့ အရင်ကလိုမျိုး ကြီးကြီးမားမား မလုပ်နိုင်တော့ဘူး။ ဒီမြို့ကိုရောက်တော့ ဒီမြို့က ကြွက်တွေကို အသုံးချပြီး မြို့ခံလူတွေရဲ့ လက်ဝတ်လက်စား အသေးလေးတွေကို ခိုးခိုင်းနေရုံပဲ လုပ်နိုင်တော့တာ။”
ငကင်းက သူ့အမြီးရှည်ကြီးကို တယမ်းယမ်းလုပ်ရင်း ဆက်ပြောတယ်။
“အဲဒါကို ရှင်က ဘယ်လိုလုပ်သိတာလဲ”
မိနီ ခေါင်းထဲပေါ်လာတဲ့ မေးခွန်းကို လွှတ်ခနဲ မေးလိုက်မိတယ်။
ကြွက်ကြီးငကင်းက နှစ်နှစ်ခြိုက်ခြိုက် ပြုံးတယ်။ ပြီးတော့ အချက်ပေးသံတခုကို အော်လိုက်ရာမှာ သူ့ရှေ့ကို ကြွက်ပျို ၄ ကောင် ထွက်လာပြီး တန်းစီရပ် တယ်။
“ဒီလို ကိုယ်ကျိုးစွန့်တဲ့ သူရဲကောင်းတွေကြောင့်သာ ငါတို့ဟာ ပုလွေဆရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းနိုင်ခဲ့တာဖြစ်တယ်” လို့ သူက ပြောရင်း ကြွက် ၄ ကောင်ကို ခေါင်းညွတ်ပြီး အရိုအသေပြုတယ်။ တန်းစီရပ်နေတဲ့ ကြွက်ပျို ၄ ကောင်က ဘာမှ ပြန်မပြောပေမယ့် ခေါင်းညွတ်ပြီး အရိုအသေပြန်ပေးတယ်။
“သူတို့ ၄ ယောက်ဟာ နားမကြားရဘူး။ နားမကြားတော့ဘူးလို့ ပြောရင် ပိုမှန်လိမ့်မယ်။”
“ပုလွေဆရာ ဒီမြို့ကို ရောက်နေတယ်လို့ သံသယရှိတာနဲ့ အနီးကပ် စောင့်ကြည့်ထောက်လှမ်းဖို့ ငါတို့ ကြိုးစားခဲ့ကြတယ်။ ဘယ်နည်းနဲ့မှ အလုပ်မဖြစ်ခဲ့ဘူး။ နောက်ဆုံးတော့ ပေးဆပ်မှုကြီးမားတဲ့ နည်းလမ်းကို မဖြစ်မနေ ရွေးချယ်လိုက်ရတယ်။”
မိနီ သူတို့ရှေ့က ကြွက်ပျို ၄ ကောင်ကို ဝဲတက်လာတဲ့ မျက်ရည်တွေကြားကနေ ကြည့်ဖြစ်တယ်။ သူတို့မျက်နှာတွေက နောင်တ, တစက်မှမရှိဘဲ ဂုဏ်ယူနေဟန်က အထင်းသား။ ထီမထင်တဲ့ အပြုံးတွေနဲ့ ရင်ကော့ပြီး ခေါင်းမော့ထားကြတယ်။
ကြွက်မျိုးနွယ်အဆက်ဆက်ကို ဒုက္ခပေးခဲ့တဲ့ ရန်သူတော်ပုလွေဆရာကို အာခံဖို့သက်သက်အတွက် အကြားအာရုံတွေကို ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ကြတာတဲ့။ မိနီမှာ ကြည်ညိုလေးစားစိတ်ကြောင့် မျက်ရည်ကျရတယ်။
အခု စုဝေးနေတဲ့ကြွက်တွေမှာက သဘောထားတခုတည်းရှိတယ်။ အိုမင်းစပြုလို့ အင်အားနည်းနေပြီဖြစ်တဲ့ ပုလွေဆရာကြီးကို အမြစ်ဖြတ်ဖို့၊ အနိုင်ယူဖို့၊ ကြွက်မျိုးနွယ်အတွက် တရားမျှတမှုကို ပြန်ယူဖို့။
(၄)
ပုလွေဆရာကို တိုက်ခိုက်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်မယ်ဆိုတာနဲ့ ပေးဆပ်ရမယ့်အရာကို ကြွက်အားလုံးလည်း သိတယ်။ ဒါပေမယ့် ပုလွေဆရာကြီးကို တိုက်ခိုက်ဖို့အတွက် ဘာမဆို စွန့်လွှတ်မယ့်သူတွေချည်းပဲဆိုတော့ သိပ်မကြာခင်မှာပဲ ကြွက်တပ်ပေါင်းစုတခုအဖြစ် အင်အားရှိလာခဲ့တယ်။
ပုလွေဆရာရဲ့ တေးသွားကိုလည်း မကြာခန ကြားနေရတုန်းပါပဲ။ ဒါပေမယ့် အသိစိတ်ပျောက်သွားပြီး တခြားအချိန်၊ တခြားနေရာမှာ ပြန်နိုးလာပြီဆို အရင်ကလို စိတ်ရှုပ်ထွေးမှုနဲ့ ကြောက်ရွံ့မှုကို မိနီ မခံစားရတော့ဘူး။ မျှော်လင့်ချက်ကြောင့် ခွန်အားရှိရှိ ပြန်ထလာနိုင်နေပြီ။
မိနီလည်း ပုလွေဆရာကို တိုက်ခိုက်မယ့်အဖွဲ့မှာ ကိုယ်တိုင်ပါချင်လို့ စာရင်းပေးခဲ့တယ်။ ဒါပေမယ့် ကြွက်ကြီးငကင်းက လက်မခံသလို အကို ငရဲနဲ့ သူ့သူငယ်ချင်း ငတာတို့ကပါ ကန့်ကွက်ကြတယ်။ တိုက်ခိုက်ရေး ကြွက်အင်အားက လိုတာထက် ပိုနေပြီတဲ့လေ။ စိတ်တိုလွန်းလို့ မိနီ နားရွက်ထဲကို အပ်နဲ့ ကိုယ့် ဖာသာ ထိုးဖောက်ပစ်မယ့်အကြောင်း အကို့ကို ခြိမ်းခြောက်ခဲ့သေးတယ်။ အဲဒီတော့မှ အကိုက သူကိုယ်တိုင်လည်း ဒီကိစ္စကြီး အစကတည်းက ပါဝင်လှုပ်ရှားနေခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေးအတွက် စာရင်းပေးခဲ့ပေမယ့် အကြားအာရုံ စွန့်လွှတ်ခါနီးမှ သူ့ချစ်သူ (လက်ရှိ သူ့မိန်းမ) ကိုယ်ဝန်ရှိနေကြောင်း ထုတ်ပြောလို့ တိုက်ပွဲဝင် ကြွက်တကောင် မဖြစ်ခဲ့တာဆိုတဲ့အကြောင်း ဝန်ခံတော့တယ်။
အဲဒီနောက်တော့ မိနီလည်း တိုက်ပွဲအတွက် ပြင်ဆင်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေ စုဆောင်းပေးတဲ့တာဝန်ကိုပဲ သူ့အကိုနဲ့အတူတူ ယူထားလိုက်တော့တယ်။
တိုက်ပွဲအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ ပစ္စည်းကိရိယာတွေ ပြည့်စုံတဲ့အချိန်မှာ တိုက်ပွဲဝင်မယ့် ကြွက်ရဲဘော်တွေနဲ့ မိနီတို့ ကျန်တဲ့သူတွေအားလုံး တွေ့ဆုံပွဲလုပ်ကြတယ်။ အကို့သူငယ်ချင်း ငတာကလည်း တိုက်ခိုက်ရေးဆိုတော့ အကြားအာရုံ စွန့်လွှတ်ထားပြီးပြီ။ တွေ့ဆုံပွဲမှာ နှုတ်ဆက်ကြရင်း ကံကောင်းစေဖို့ဆိုပြီး မိနီလည်း သူ့ပါးကို အနမ်းတပွင့် လက်ဆောင်ပေးခဲ့လိုက်သေးတယ်။
(၅)
ပုလွေဆရာကြီး သေပြီတဲ့။
တိုက်ပွဲတပွဲထဲနဲ့ အဆုံးအဖြတ်ပေးမယ့် စစ်ပွဲဟာ ပြီးဆုံးခဲ့ပါပြီ။ လွဲချော် ဖိတ်စင်မှုတချို့ ရှိခဲ့ပေမယ့် အချိန်တန်တော့လည်း လောကဓမ္မက အနိုင်ရသွားခဲ့ပါတယ်။ ကြွက်ကြီးငကင်းကတော့ သူဖတ်ဖူးတဲ့ ဆွန်ဇုကျမ်းထဲက သေနင်္ဂဗျူဟာတွေကို လက်တွေ့ အသုံးချခဲ့တာကြောင့်ပါလို့ ပြောတယ်။ ဒဏ်ရာရတဲ့ ကြွက်တွေကို ပုလွေဆရာကြီးရဲ့ အိမ်အပြင်ဘက်ကနေ ကူညီပေးနေခဲ့တဲ့ မိနီတို့လည်း ပုလွေဆရာကြီး သေပြီဆိုတော့ အိမ်ထဲ ဝင်ကြည့်ကြတယ်။
မုန်းတီးစိတ်အပြည့်နဲ့ ကြွက်တွေရဲ့ ညီညွတ်စွာ လက်စားချေမှုကြောင့် ပုလွေဆရာကြီးရဲ့ ရုပ်အလောင်းဟာ မြင်မကောင်း ရှုမကောင်း။ ခန္ဓာကိုယ်အနှံ့မှာ အမျိုးအမည်စုံလင်လှတဲ့ လက်နက်လေးတွေ ဗရပွထိုးစိုက်လို့။ သူ့အိမ်မှာသူရှိနေချိန် ကြွက်တွေရဲ့ အလစ်အငိုက် တိုက်ခိုက်ခြင်းကို ခံလိုက်ရတာမို့ မျက်နှာက အံ့ဩမှုအပြင် ကြောက်ရွံ့ သေဆုံးသွားပုံမျိုးဆိုတော့ မိနီလည်း ကျေနပ်တယ်။
မိနီတို့ ကြွက်တွေအားလုံး ပျော်နေကြပြီ။ တိုက်ပွဲဝင် ကြွက်တွေခမျာမှာဆို ဂုဏ်ပြုစကား လာပြောတဲ့သူတွေတိုင်းကို ခေါင်းညိတ် တုံ့ပြန်ပေးနေရတာနဲ့တင် ကောင်းကောင်း အနားမယူရရှာကြ။ မြို့ခြားနယ်ခြားက ကြွက်တွေတောင် သတင်းကြားလို့ ရောက်လာကြတယ်။ ပုလွေဆရာကြီးရဲ့ မီးဖိုချောင်ဟာ ပျော်ပွဲရွှင်ပွဲတွေအပြည့်နဲ့ ပါတီဌာနကြီးဖြစ်သွားတယ်။ ကြွက်တလောကလုံးဟာ တိုက်ပွဲရဲ့ အသီးအပွင့်ဖြစ်တဲ့ အောင်ပွဲအရသာကို ခံစားနေကြရပြီလေ။
(၆)
မိနီ ပျော်ရွှင်နေတဲ့သူတွေကို ကြည့်နေရင်း စိတ်ထဲမှာ တမျိုးကြီးဖြစ်လာတယ်။ တခုခု မှားနေသလိုပဲ။ သူတို့အားလုံး မေ့လျော့နေကြတဲ့ အရာတခုခု ရှိနေတယ်။
မိနီ ရုတ်တရက် သတိရသွားပြီး ပျော်ပွဲရွှင်ပွဲရဲ့အပြင်ကို ပြေးထွက်သွားတယ်။ ပုလွေဆရာကြီးရဲ့ အိပ်ခန်းကို ဝင်သွားပြီး မိနီ နေရာအနှံ့ ပြေးလွှားရှာကြည့်တယ်။ သူတို့ကို ထိန်းချုပ်နိုင်တဲ့ ပုလွေဆိုတာက ဘယ်မှာလဲ။ ပုလွေထည့်တဲ့ သေတ္တာလေး ပွင့်နေတာကို တွေ့ပေမယ့် ပုလွေကို မတွေ့ရဘူး။ မိနီ တဖြည်းဖြည်း ကြောက်ရွံ့လာတယ်။ အဆိုးဆုံး ဖြစ်နိုင်ခြေတွေကို တွေးမိလာတယ်။ ဒါပေမယ့် အဆိုးဆုံး ခန့်မှန်းချက်တွေကို ကြာကြာ မစဉ်းစားလိုက်ရပါဘူး။
တံခါးဝမှာ တယောက်ယောက်လာရပ်လို့ အရိပ်တခုက မိနီရှိနေတဲ့ အိပ်ခန်းထဲကို ထိုးကျလာတယ်။
“ပုလွေကို ရှာနေတာလား မိနီ”
ကြွ
က်ကြီးငကင်းက တံခါးဝမှာ မားမားကြီးရပ်ရင်း မေးတယ်။ ပုလွေကို သူ့နောက်ကျောမှာ ကြိုးနဲ့လွယ်ထားတာ တွေ့ရတယ်။ သူ ဘယ်အချိန်က ဝင်ယူထားတာလဲတောင် မသိဘူး။
“ဟုတ်တယ် အောင်ပွဲခံနေတဲ့ ကြွက်တွေအားလုံး အတူတူ ပုလွေကိုဖျက်ဆီးပစ်ဖို့ အချိန်ကျပြီမို့”
မိနီ လက်နှစ်ဘက်ကို ဆန့်တန်းပြီး တောင်းလိုက်တယ်။
“ကျမကို ပုလွေ ပေးပါ”
ငကင်းက မိနီပြောတာကို ဂရုမစိုက်ဘဲ အခန်းထဲ တလှမ်းချင်း ဆက်ဝင်လာတယ်။
“ငါတို့တွေ အသုံးချခံဘဝက လွတ်ပြီလေ မိနီ။ ငါတို့ ဒီလောက် ပေးဆပ်မှုတွေအများကြီးနဲ့ တိုက်ပွဲဝင်ခဲ့တာဟာ ပုလွေဆရာ သေတာနဲ့တင် တန်သွားပြီလို့ မင်းထင်သလား။”
“ရှင် ဘာတွေ ပြောနေတာလဲ”
“ပြောသင့်တဲ့စကားကို ပြောသင့်တဲ့အချိန်ရောက်လို့ ပြောနေတာပါ။
ငါ့အဖေနဲ့ အမေလည်း ဒီပုလွေဆရာကို တိုက်ခိုက်ရင်းပဲ သူတို့တသက်ကို ဖြတ်သန်းခဲ့ကြတာ။ ဆိပ်ကမ်းမြို့မှာ ပုလွေဆရာကို တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့ကြတဲ့ သူရဲကောင်းကြွက်တွေလေ။”
ဒေါနဲ့မောနဲ့ အားမာန်အပြည့် ပြောနေတဲ့ ကြွက်ကြီးငကင်းကို ကြည့်ရင်း မိနီ လန့်လာတယ်။
“အခုဆို ငါတို့ကြွက်မျိုးနွယ်ရဲ့ မဟာရန်သူတော်ကြီးလည်း မရှိတော့ဘူး။ သူ့ပုလွေက ငါတို့လက်ထဲမှာ ရောက်နေပြီ။ ဒါ ကြွက်ပေါင်းများစွာကို နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့တဲ့ တူရိယာ။ တခြား ဘာတွေလုပ်နိုင်ဦးမလဲ။ ဖြစ်နိုင်ခြေတွေကို စဉ်းစားကြည့်စမ်းပါ။ ငါတို့ကြွက်တွေကို ဂေဟစနစ်မှာ အဆင့်ပိုမြင့်တဲ့နေရာရောက်အောင် မြှင့်ပစ်လို့တောင်ရတယ်။ ငါတို့က အစာကွင်းဆက်ရဲ့ ဘယ်နေရာမှာလဲဆိုတာကိုရော သိရဲ့လား။”
ငကင်းက စကားပြောရင်း ရှေ့ကို တလှမ်းချင်းတိုးလာတိုင်း မိနီခမျာ နောက်ကို တလှမ်းချင်း ဆုတ်ပြေးနေမိတယ်။ ဒါပေမယ့် ပြောစရာရှိတာကိုတော့ မပြောဘဲမနေဘူး။
“ကျမတို့ကို ဖိနှိပ်ရာမှာ အသုံးပြုခဲ့တဲ့ လက်နက်ကိရိယာတွေကို အပြီးတိုင် ဖျက်ဆီးပစ်မှသာ ကျမတို့ ကြွက်မျိုးနွယ်တခုလုံးအတွက် တရားမျှတမှု ရမှာဖြစ်တယ်လို့ ကျမယုံတယ်။ အဲဒီလို တကယ့်အောင်ပွဲ ရဖို့အတွက်ဆိုရင် အဲဒီ မကောင်းဆိုးရွားပုလွေကို ဟောဟိုက မီးလင်းဖိုထဲမှာ ပြာချပစ်မှ ရပါလိမ့်မယ်။”
“မင်းက မကောင်းဆိုးရွားပုလွေလို့ ခေါ်ပေမယ့် ငါ့အတွက်ကတော့ ကံကောင်းခြင်းတွေ ယူဆောင်လာမယ့် မှော်ပုလွေလေးလို့ သဘောထားပါတယ်။”
ငကင်းက မလျှော့ဘဲ ရှေ့ကို ထပ်တိုးလာမလို ခြေလှမ်းပြင်လိုက်တော့ မိနီလည်း မတတ်သာတော့ဘဲ ဝှက်ကိုင်ထားတဲ့ သံချွန်ကို ထုတ်ရွယ်လိုက်ရတယ်။
“ပုလွေကို ဖျက်ဆီးလိုက်ပါ”
“ဪ မိနီ မင်းက ရှင်းပြလို့ကို မရဘဲကိုး။ ဒီတော့လည်း ငါ့ပုလွေနဲ့ ပထမဆုံး စမ်းသပ်တာခံရမယ့် ကြွက်က မင်းဖြစ်သွားပြီပေါ့။”
ငကင်းက ပုလွေကိုသုံးဖို့ အသင့်ပြင်တယ်။ မိနီကို ထိန်းချုပ်ဖို့ သူ ကြိုးစားတော့မှာလေ။ ပုလွေကနေ တေးသွားတချို့ စထွက်လာကာ ရှိသေးတယ်။ မိနီရဲ့ မထင်မှတ်တဲ့လုပ်ရပ်ကို မြင်လိုက်ရတာကြောင့် ငကင်း ပါးစပ်အဟောင်းသားဖြစ်ပြီး အသံလှိုင်းတွေလည်း ရပ်တန့်သွားတယ်။
လက်ထဲက သွေးစက်လက်ကျနေတဲ့ သံချွန်နဲ့ပဲ နောက်ထပ်ကျန်တဲ့ နားတဘက်ကို မိနီ ထိုးဖောက်ပစ်လိုက်တယ်။
အဲဒီအချိန်မှာ ပုလွေကို ဆုပ်ကိုင်ထားပြီး မိနီကို ကြည့်နေတဲ့ ကြွက်ကြီးငကင်းရဲ့ မျက်နှာဟာ ဧည့်ခန်းထဲမှာ သေဆုံးနေတဲ့ ပုလွေဆရာကြီးရဲ့ မျက်နှာပေးနဲ့ တပုံစံထဲပဲ။
မိနီရဲ့ နားနှစ်ဘက်ကနေ သွေးတွေ ဒရဟော ယိုစီးနေတယ်။ ဒါပေမယ့် ပုလွေဆရာအသစ်ဖြစ်သူ ကြွက်ကြီးငကင်းရဲ့ မျက်နှာကိုကြည့်ပြီး မိနီ ပြုံးပြလိုက်ပါတယ်။
Be the first to comment