“ပူရှိန်းသကြားလုံး ရုပ်ရှင်”
ညီလင်းအိမ်
သူဟာ ဘဝတခုလုံး ဒလိမ့်တုံးတလုံးလိုသာ ဖြတ်သန်းသွားရတယ်။
သေသာသွားရော ပူရှိန်းသကြားလုံးကလေးရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရတယ် မထင်ပါဘူး။
~~~~~~~~~~~~~~~~~~~~~~~
လူသားတယောက်ရဲ့ ဘဝအတ္ထုပ္ပတ္တိ သမိုင်းစာမျက်နှာတွေကို ဘယ်အရာတွေက စီရင်ရေးသားလိုက်သလဲ။ ရှေးဘဝက ပြုခဲ့သမျှသော တုံ့တင်ပြုမူခဲ့မှုများရဲ့ စီရင်ချက်တွေကနေလား။ ဘုရားရှင်များရဲ့ မျက်နှာသာပေးမှုတွေကနေလား။ မိမိကျင်လည်ရာ ပတ်ဝန်းကျင်ကနေလား။ သင်ကြားလာခဲ့ရတဲ့ ပညာရေး တွေးခေါ်မြော်မြင်မှုတွေကနေလား။
ကျနော်ကတော့ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်ကြီးကပဲ စီရင်ချက်ချသွားတယ်လို့ မှတ်ချက်ပြုမိလိုက်ပါတယ်။ မကောင်းတဲ့ခေတ်ဆိုးကြီးဟာ ဖြူစင်တဲ့ လူစိတ်နှလုံးသားတွေကို တသက်တာလုံး ညစ်နွမ်းသွားအောင် ဆွဲဖြဲပစ်နိုင်ပါတယ်။ ကောင်းတဲ့ဘက်ကိုပဲ ပြောင်းလဲပြီးရပ်ရပ်၊ မကောင်းတဲ့ဘက်မှာပဲ ဆက်ပြီး ရှင်သန်နေနေ ဘဝကိုယ်စီတွေကတော့ ထာဝရ ညစ်နွမ်းရင်း ဒီအရာကြီးကို ပုခုံးထမ်း သယ်သွားရပါတယ်။ အချို့ကတော့ ကျကျနန လက်ခံရင်း ဘဝကို ပေါ့ပါးစွာနဲ့ ဖြတ်သန်းသွားနိုင်ကြပေမဲ့ တချို့ကတော့ ဒီအရာတွေထဲမှာပဲ တတိတိ နစ်မြုပ်သွားကြရတယ်။
ဒီရုပ်ရှင်ကတော့ ခေတ်ဆိုးကြီးရဲ့ ဆွဲဖြဲလိုက်မှုအောက်မှာ နစ်မြုပ်သွားရတဲ့ လူတယောက်အကြောင်းပါပဲ။ ဒါရိုက်တာလီချန်ဒေါင်ဟာ သူ့ရုပ်ရှင်တွေတိုင်းမှာ လူ့ဘဝ အမှောင်တိုက်နောက်က ဘဝတွေကို ခိုင်မာစွဲထင်အောင် ပြသလေ့ရှိပါတယ်။ ခုရုပ်ရှင်မှာလည်း အဲဒီအတိုင်းပါပဲ။ ကိုရီးယားရဲ့ ခေတ်ဆိုးထဲက လူတယောက်ဘဝကို ဆန်းသစ်တဲ့ တင်ပြမှုတွေနဲ့ပဲ ကျနော်တို့ကို စီရင်ချက်ချစေပါတယ်။
ခုလို ကိုရီးယားရဲ့ ခေတ်ဆိုးသမိုင်းထက် ပိုမိုနာကျင်စရာ ဒဏ်ရာတွေကို အံ့ကြိတ်တွန်းလှန်ရင်း သမိုင်းသစ်တခု မွေးဖွားနိုင်ဖို့အတွက် သွေးနဲ့ရေးပြီး တော်လှန်နေကြတဲ့ ကျနော်တို့တိုင်းပြည်က လူငယ်တွေမှာလည်း ယခုရုပ်ရှင်ကို ကြည့်ရှုဖြစ်ရင် ပိုလို့တောင် နာကျင်ရင်း တွေးတောဆင်ခြင်စရာတွေ ပိုမို ဖြစ်ထွန်းလာမယ်ထင်ပါတယ်။
သူဟာ ချန်ဒူးဝမ်လို အာဏာရှင် ဘုန်းမီးနေလ တောက်ပနေတဲ့ခေတ်မှာ အရွယ်ရောက်လာခဲ့ရတယ်။ သူ့ရဲ့လူငယ်ဘဝ ကနဦးကာလတွေက ကျနော်တို့တွေ လူငယ်ကျောင်းသားဘဝတုန်းက စိတ်ကူးယဉ်မိကြသလို ဖြူစင်အပြစ်ကင်းလှပါတယ်။ အဆိုတော်လုပ်ချင်တယ်၊ ဆရာဝန်ကြီးလုပ်ချင်တယ်၊ တိုင်းပြည်ကာကွယ်မယ့် စစ်သားကြီးလုပ် ချင်တယ် စလို့ပေါ့။ သူကလည်း ဓာတ်ပုံဆရာတယောက် ဖြစ်ချင်ခဲ့တာပါတဲ့။
ဒါရိုက်တာ လီချန်ဒေါင်က အထက်ကဆိုခဲ့သလို ဒီဇာတ်ကောင်နဲ့ပတ်သက်တဲ့ ကျနော့်စိတ်ခံစားချက်တွေရဲ့ အဖြေကို ကိုယ့်ဘာသာ ပြန်လည်မေးခွန်းထုတ်တတ်ဖို့ တပိုင်းတစစီပဲ ချိတ်ငင်ပြသွားတာ အင်မတန် လှပလွန်းလှပါတယ်။ သူ့ဘဝက ပြေးနေတဲ့ ရထားကြီးတစင်းလို့ပဲ ဆိုပါစို့။ သူ့ရဲ့ပြဆိုမှုတခုမှာ နောက်ပြန်ပြေးနေတဲ့ ကားတစ်စီးကို မြင်လိုက်ရပါမယ်။ ဒါဟာ သူ့ရဲ့အတိတ်ဘဝလမ်းကို ရုပ်ရှင်အတတ်ပညာတွေနဲ့ မွမ်းမံလိုက်တာပါပဲ။
သူ့ ရဲ့ လက်ရှိဘဝ မှောင်အတိကျမှုတွေက တဖြေးဖြေးချင်း အမှောင်ထုထဲ ထိုးကျနေတဲ့ စိတ်အနာတွေနဲ့ တိုက်ရိုက် သက်ဆိုင်မယ် ထင်ပါတယ်။ အိမ်ထောင်ရေးပြိုကွဲ၊ စီးပွားရေးမှာလည်း အတူလုပ်နေသူတွေက ကလိန်ကကျစ်ကျသွားပြီး နောက်ဆုံး ကုန်းကောက်စရာမရှိအောင် မွဲသွားပြီ။ နောက်ဆုံးမြင်ရတဲ့အချိန်က သွက်သွက်ခါအောင် ရူးနေတဲ့ အနေအထားမျိုးကို ရောက်နေပြီ။
ဒီအပိုင်းအထိ ကြည့်နေရတဲ့ ကျနော်တို့မှာ သူ့အပေါ်ကို မချိတင်ကဲ ကိုယ်ချင်းစာမိမယ်ထင်တယ်။ ချစ်ရသူ အချစ်ဦးက သေအံ့ဆဲဆဲဖြစ်နေပြီဆိုပေမဲ့ သူ့ကို မမေ့နိုင်သေး။ သူ့ရဲ့အိပ်မက်တွေကို မဖြည့်ဆည်းပေးနိုင်လို့ အဲဒီဥပါဒန်နှောင်ကြိုးတွေကြောင့် အသက်ဝိညာဉ်က သူမ ရုပ်ခန္ဓာထဲကနေ မထွက်ခွာနိုင်ရှာ။ သူမ ထင်မြင်နေပုံက သူ့ရဲ့အချစ်ဦးဖြစ်သူ စစ်မှုထမ်းကာလတုန်းက အရောက်မသွားနိုင်ခဲ့လို့ စိမ်းကားတယ်ထင်ပြီး အထင်လွဲ မုန်းတီးနေတယ်လို့ ထင်မြင်နေရှာတဲ့ပုံပါ။
ချစ်ရသူကို မြင်လိုက်ရချိန်မှာတော့ သူမရဲ့ ထွက်သက်ဝိညာဉ်ကြိုးမျှင်တွေက ရုပ်ခန္ဓာကနေ ထွက်လုဆဲဆဲ။ တိမ်မျှင်စကလေး မကျွမ်းလောင်မလွင့်ပြယ်မီ ကောင်းကင်ဆွတ်ဖျားမှာ ကပ်တွယ်နေသလိုမျိုး။ သူမဆီကို ပူရှိန်းသကြားလုံးကလေးတွေ လာပေးတယ်။ အဲဒီကျမှ သူမခမျာ မျက်ရည်တွေစီးကျပြီး ဘဝဘုံထဲကနေ လွတ်မြောက်သွားရရှာတယ်။
တကယ်ဆို သူ့ခေါင်းထဲမှာက အချစ်နဲ့ပတ်သက်တဲ့ ခံစားမှုတွေ၊ အလွမ်းအဆွေး အမှတ်တရတွေ ဆိုတာကိုလည်း နှလုံးသားက အသက်မဲ့နေတာ ကြာပြီဆိုတော့ မခံစားတတ်တော့ဘူး။ သူမ မသေမီ ပေးခဲ့တဲ့ ကင်မရာကို ရောင်းစားပစ်လိုက်တယ်။ ထမင်းတနပ်စာဖြစ်ဖြစ် စားလို့ရပြီလေ။ ဘဝရဲ့အဓိပ္ပါယ်ဆိုတာ ဘာတခုမှ အဓိပ္ပါယ်မရှိတော့ဘူးလို့ လက်ခံလိုက်မိတော့တဲ့ လူတယောက်မှာ ဘယ်လိုနည်းလမ်းမျိုးနဲ့ ဘဝကို အသက်ဆက်ချင်တော့မှာတဲ့တုန်း။
ချန်ဒူးဝမ်အစိုးရ ဆက်လက်အားကောင်းဆဲကာလမှာ ကင်မရာမန်းန် ဖြစ်မလာဘဲ အမှုစစ်အရာရှိ ဖြစ်လာတယ်။ အထက်ကဖမ်းခိုင်းတဲ့ ကျောင်းသားတွေ၊ မသင်္ကာတဲ့လူတွေကို ဖမ်းဆီးရိုက်နှက်ရတယ်။သူဟာ ဒီလို ကြီးနိုင်ငယ်ညှဥ်း လုပ်ရတဲ့ ဘဝထဲကို အသားကျသွားပြီ။ ယူထားတဲ့ မိန်းမဆိုတာလည်း လိင်ဆက်ဆံမှု အနေအထားတရပ်လောက်အတွက်သာ စဉ်းစားပြီး ယူထားတာမျိုးမို့ ကိုယ်လေးလက်ဝန် ရှိလာတဲ့တိုင်အောင်တောင် သံယောဇဉ် မထား ဂရုမစိုက်။ သူက ရိုက်ရနှက်ရတဲ့ ပါးကွက်သားဘဝမှာ အံဝင်ဂွင်ကျ ဖြစ်နေပြီ။ ပြောမယ်ဆို လက်ရှိ ကိုယ့်တိုင်းပြည်က အာဏာရှင်လက်ပါးစေဘဝမှာပဲ သူများကို နိုင်ထက်စီးနင်းလုပ်ရတာ၊ ယုတ်မာကောက်ကျစ်ရတာ၊ ဖိနှိပ်နင်းချေရတာ၊ လိမ်ရစဉ်းလဲရတာ စတဲ့ လူသားတယောက်ဖြစ်မှုရဲ့ အနိမ့်ကျဆုံးအရာတွေကို လုပ်ဆောင်နေရမှုမှာပဲ အဟုတ်ထင် အသားကျနေတော့တဲ့ လူတယောက်အသွင်မျိုး ဖြစ်သွားတော့တာ။ သူ့ခေါင်းထဲမှာ ဘဝထဲက အလှတရားတွေ၊ ဖြူစင်လှပတဲ့ ချစ်ခြင်းမေတ္တာတွေ၊ ကိုယ်ချင်းစာတရားတွေ အဲဒါတွေကို နားလည် ခံစားရကောင်းမှန်း မသိတော့ဘူး။ ယင်းအရာတွေဟာလည်း အဓိပ္ပါယ်မရှိတော့ဘူးလို့ ယူဆလိုက်တော့တဲ့ ရွံရှာမုန်းတီးဖွယ်ကောင်းတဲ့ လူသားဘဝကို ရောက်လို့သွားပြီ။
ဒီလို အပြစ်မဲ့အရပ်သား လူငယ်များအပေါ်ကို စိန်ပြေနပြေ ရိုက်ပုတ်နှိပ်စက်နေကြတဲ့ ပြကွက်တွေ မြင်ရတော့ ကျနော်တို့မှာ သူ့အပေါ်ကို ရွံရှာသွားသလို ဒီလိုကောင်မျိုး ကုန်းကောက်စရာမရှိအောင် မွဲသွားတာ။ မိန်းမက အိမ်ထောင်ရေး ဖောက်ပြန်ပြီး နောက်ဆုံး စွန့်ပစ်လိုက်တာ နည်းတောင် နည်းသေးတယ်လို့ပဲ စီရင်ချက် ချမိကြမယ် ထင်ပါရဲ့။
သို့ပေတဲ့လည်း ကျနော်တို့ အဲသလို စီရင်ချက်ချမှုတွေဟာ အဆောတလျင် ဖြစ်လွန်းနေကြောင်းကို ဒါရိုက်တာလီက ဆက်လက်ပြသသွားပါတယ်။
ငယ်စဉ်ကာလက သူက ကင်မရာမန်းန်တယောက်ပဲ ဖြစ်ချင်တဲ့အကောင်။ ဒီလိုနဲ့ စစ်တပ်ထဲ ရောက်သွားရတယ်။ စစ်တပ်ထဲက နိုင်ထက်စီးနင်း ဖိနှိပ်မှုတွေနဲ့ ဆန္ဒပြပြည်သူတွေအပေါ်ကို သေနတ်နဲ့ အသေပစ်သတ်ခိုင်းခဲ့တဲ့ ဖြစ်ရပ် တွေထဲကို ပါဝင်လိုက်ရချိန်မှာတော့ သူ့ရဲ့ ဖြူစင်တဲ့ ပကတိစိတ် အတွင်းသားတွေက ပျက်စီးသွားခဲ့ပြီ။ သူဟာ သေနတ်နဲ့ပဲ ဆန္ဒပြ ကျောင်းသူမလေးတယောက်ကို ပစ်ချလိုက်မိသလား။ အရူးတယောက်လို အော်ဟစ်ငိုကြွေးရှာတယ်။ ချစ်ရသူနဲ့လည်း မဆုံခဲ့ရ။ ဒီအရာတွေ ဖြစ်ပြီးသွားချိန်မှာလည်း ပါးကွက်သားဘဝကို ထပ်ရောက်ရပြန်တယ်။ သူဖြတ် နေရတဲ့ ဘဝပကတိ ရထားဘူတာတွေက လူသားတွေ ခေတ်ပြယုဂ်တွေဟာ တခုမှ မကောင်းမွန်ကြ။ လုပ်ဖော်ကိုင်ဖက်တွေဟာ ဖိနှိပ်ကြမယ်၊ လာဘ်စားကြမယ်၊ အပြစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ရိုက်ကြနှက်ကြမယ် စလို့ လူ့ဘောင်အတွင်းစည်းက ယုတ်မာညစ်ညမ်းတဲ့ အပြုအမူတွေအောက်မှာပဲ သူ့ရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာတွေဟာ ကူးစက် အဆိပ်သင့်သွားခဲ့ပါပြီ။
ခေတ် တဆစ်ချိုးပြောင်းလို့ စီးပွားရေးသမား လုပ်ငန်းရှင်ဘဝကို ရောက်ရှိချိန်မှာတော့ သူ့ထံမှာ ဒေါသတွေ၊ အပိုင် စားရယူလိုမှုတွေ ရမ္မက်တွေပဲ ပြည့်နှက်နေတော့တဲ့ လူတယောက် ဖြစ်လို့နေပါပြီ။
သူ့ရဲ့ ရွေးချယ်ခွင့်မရှိခဲ့ရဘဲ အရာအားလုံး ပျက်စီးပြုတ်ကျသွားရတဲ့ ဘဝအခြေအနေတရပ်လုံးကို မခံစားနိုင်တော့လို့ ပေါက်ကွဲတဲ့အခန်းမှာတော့ သူ့ရဲ့စိတ်အတွင်းသားစစ်စစ်ကို သနားဖွယ်ရာ မြင်တွေ့လိုက်ရတယ်။
ဖင်ပုတ်ခေါင်းပုတ် ဘာမဆိုလုပ်လို့ရနေတဲ့ ကောင်မလေးရဲ့ စားသောက်ဆိုင်ကလေးထဲမှာ သူနဲ့တွဲဖက် လူစုတ်တွေနဲ့ စားသောက် ပျော်ပါးနေကြချိန်မှာတော့ သူဟာ စက်ဘီးကို ဆိုင်ရှေ့က ကွင်းပြင်ကြီးထဲကို ထပ်ပြန်တလဲလဲ နင်းတယ်။ လူတွေကို ဝင်တိုးပစ်တယ်။ အရာရှိလေသံနဲ့ အလေးတွေ အပြုခိုင်းတယ်။ နိုင်ငံတော်သီချင်းတွေ အော်ဆိုတယ်။
ကျနော့်မှာတော့ သူ့ရဲ့ ပန်းပွင့်ကလေးကို ငေးကြည့်နေတဲ့ပုံကိုပဲ မျက်စိထဲက မထွက်နိုင်။ သူ့လို အခြားသော လူငယ် တွေ၊ ဘာမှန်းမသိ ဘဝအမှောင်ထုကြားထဲ ပျောက်ကွယ်သွားကြသူတွေ၊ ဘဝထဲက ပျော်ရွှင်ပိုင်ခွင့်တွေ ဘာတခုမှ မရရှိဘဲ အနိဋ္ဌာရုံတွေအောက်မှာပဲ ဘဝတွေ ပျောက်ဆုံးသွားကြရတဲ့ လူတွေ၊ ဘဝအိုးအိမ်တွေ၊ မျိုးနွယ်စုတွေ။ ကျနော်တို့တိုင်းပြည်မှာ ကျနော်တို့တွေအပါအဝင် အာဏာရှင်လက်အောက် ရောက်ခဲ့ရတဲ့ သူရို့ဆီကလိုမျိုး ဘဝမှာ ဘာမှ ရွေးချယ်ပိုင်ခွင့် မရှိတော့ဘဲ အရွယ်ရောက်လာရင်း ဘဝမှောင်အတိ ကျခဲ့ရပုံတွေ။
ဒီအရာအားလုံးရဲ့ တရားခံဟာ ဘုရားသခင်လား၊ ဖန်ဆင်းရှင်တွေကြောင့်လား၊ ရှေးဘဝက အကုသိုလ်ကံများခဲ့ကြလို့လား။
မဟုတ်ဘူးဗျ၊ မဟုတ်ဘူး၊ သိလား။ ဒီလိုခေတ်ဆိုးကြီးကို တွန်းပို့ခဲ့တဲ့လူတွေကို အလျင်အမြန် တွန်းလှန်ဖယ်ထုတ်ဖို့ ပျက်ကွက်ခဲ့ကြတဲ့လူတွေ။ အဲဒီလူတွေကြောင့်။ အဲဒီခေတ်ဆိုးကြီးကို ပိုက်ထွေးမွေးဖွားလိုက်တဲ့ လူတွေကတော့ရော တကယ်ပဲ ဘဝတလျှောက်လုံးမှာ ပျော်ရွှင်နေကြရတာ၊ လူရာဝင်နေကြရတာရော သေချာလို့တဲ့လား။ တကယ်ပဲ တသက်တာလုံး ပျော်နိုင်ကြလို့လား။
သူဟာ သံလမ်းပေါ်မှာ လမ်းလျှောက်နေရင်း ရထားကြီး ပက်ပင်း ပြန်လာနေချိန်မှာတော့ ခုန်မချတော့ပါဘူး။
ခေတ်ဆိုးကြီးထဲက လက်သည်းချွန်မြမြတွေဟာ အမှောင်ထုရဲ့ အဆုံးအနားသတ်အထိ တွန်းချ ထိုးစိုက်ဖို့အတွက် သူ့ကို ခုန်ချလွတ်မြောက်ခွင့် မပြုတော့ပါဘူး။
Be the first to comment