23
■ အယ်ဒီတာ့စကား
ဤရက်ပိုင်းအတွင်း လှုပ်ခတ်မှုအဖြစ်ဆုံးသတင်းမှာ စကစ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဦးဆောင်သည့် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက အပြီးသတ် သိမ်းယူလိုက်နိုင်သည့် သတင်းဖြစ်သည်။
ထိုသတင်းနှင့် တဆက်တည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးနှင့် အမှတ် ၁-စကခမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့ အပါအဝင် အရာရှိအများအပြားကို MNDAA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသည့် သတင်းကိုလည်း ထိပ်တန်းသတင်းတပုဒ်အဖြစ် တဆက်တည်း တွေ့ကြရသည်။
ဤအောင်ပွဲများသည် သမိုင်းဝင် ကြီးမားသည့် အောင်ပွဲများဖြစ်သည်။ ဂုဏ်ယူကြရမည့် အောင်ပွဲများဖြစ်သည်။ အမှန်တကယ်အားဖြင့်မူ ဤကာလအတွင်း အခြား အောင်ပွဲများလည်း ရှိသေးသည်။ သို့သော် ရမခကို အလုံးစုံ သိမ်းပိုက်ရရှိသည့် အောင်ပွဲက ကြီးမားလွန်းသဖြင့် အခြားအောင်ပွဲသတင်းများကို ဖုံးလွှမ်းသွားခြင်းသာဖြစ်သည်။
The Call က မှတ်တမ်းယူ စုဆောင်းမှုအရ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အတွင်း မြန်မာနိုင်ငံတဝန်း တိုက်ပွဲမဖြစ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးဟူ၍မရှိဘဲ ပြည်နယ်နှင့်တိုင်း အားလုံးတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်၊ တိုက်ပွဲအရေအတွက် အကြီးအသေး အနည်းအများသာ ကွာခြားသည်။ အဆိုပါကာလအတွင်း မြို့နယ်ပေါင်း ၇၅ မြို့နယ်တွင် တိုက်ပွဲအရေအတွက် အကြိမ် ၂၈၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး မြို့သိမ်းတိုက်ပွဲ ၅ ခုထက်မနည်း ရှိခဲ့သလို စစ်ကောင်စီစခန်းပေါင်း ၇၀ ထက်မနည်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးသူ ၄၄၀ နီးပါးရှိခဲ့သလို တော်လှန်ရေးအင်အားစုများဘက်မှလည်း ၃၄ ဦးထက်မနည်း ကျဆုံးခဲ့သည်။ လက်တွေ့မြေပြင်တွင် နှစ်ဘက်စလုံးမှ ထိခိုက်ကျဆုံး အရေအတွက်မှာ မှတ်တမ်းရယူနိုင်သည်ထက် ပိုမို များပြားနိင်ခြေရှိသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပေ။ တော်လှန်ရေး အင်အားစုအသီးသီးသည် တရက်မျှအနားမယူဘဲ နေ့စဥ်မပြတ် ခုခံတော်လှန်စစ် ဆင်နွှဲနေကြသည်ကို ဤကိန်းဂဏန်းများက အခိုင်အမာ ပြသနေသည်။
အောင်ပွဲဟူသည် ပေးဆပ် စွန့်လွှတ်ခြင်းမရှိဘဲ အလွယ်တကူရရှိရိုး ထုံးစံမရှိ။ အောင်ပွဲကြီးလျှင် ကြီးသလောက်၊ သေးလျှင် သေးသလောက် ပေးဆပ် စွန့်လွှတ်ရသည်သာဖြစ်သည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် အောင်ပွဲများ ရရှိနေသည့်နည်းတူ ပေးဆပ် စွန့်လွှတ်သွားကြသူများလည်း ရှိနေသည်ဖြစ်ရာ ဤသည်မှာ ကိန်းဂဏန်း အရေအတွက် သက်သက်မျှသာမဟုတ်ပေ။ တန်ဖိုးရှိလှသည့် အမျိုးကောင်းသား အမျိုးကောင်းသမီးများ၏ အသက် သွေး ချွေး ခန္ဓာများကို ရင်းနှီး၍ အောင်ပွဲများ ရယူပေးနေသည်ကို အမြဲမပြတ် အောက်မေ့ သတိရနေဖို့လိုသည်။
“We are forever indebted to those who have given their lives that we might be free” ဟု စွန့်လွှတ်ပေးဆပ်သွားသော အမေရိကန်စစ်သည်များကို ရည်ရွယ်၍ အမေရိကန်သမ္မ ရော်နယ်လ်ဒ် ရေဂင်က ၁၉၈၃ ခုနှစ်တွင် ဂုဏ်ပြု ပြောဆိုခဲ့ဖူးသည်။ “ကျနော်တို့ရဲ့ လွတ်မြောက်မှုအတွက် ပေးဆပ် စွန့်လွှတ်သွားကြသူတွေအပေါ် ထာဝရ ကျေးဇူးတင်ရှိနေမှာဖြစ်ပါတယ်” ဟု အဓိပ္ပါယ်ရပေမည်။
နွေဦးတော်လှန်ရေးသည် အရင်းအနှီး ကြီးမားလှသည်။ ထို ရင်းနှီးပေးဆပ်မှုများကို အမြဲထာဝရ အောက်မေ့ အမှတ်ရပြီး နိစ္စဓူဝ တော်လှန်ရေး လုပ်ငန်းဆောင်တာအသီးသီး လုပ်ဆောင်နေကြချိန်တွင် အမြဲတစေ နှလုံးသွင်း အမှတ်ရနေရမည်ဖြစ်သည်။ ထိုရင်းနှီးပေးဆပ်ရမှုများ အချည်းနှီး အလဟဿ မဖြစ်စေရဆိုသည်ကို ထပ်ခါထပ်ခါ သန္နိဋ္ဌာန် ချမှတ်ကြရန် The Call က လေးနက်စွာ တိုက်တွန်းလိုက်သည်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
