
‘ပျက်ယွင်းခြင်း’

ကမ္ဘာဟာ ဘယ်လိုစပျက်မလဲ ကျနော် မတွေးကြည့်ဖူးဘူး။ ကမ္ဘာမပျက်ခင် ကျနော်နဲ့ ကျနော့်နိုင်ငံငယ်လေး စပျက်လာတယ်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝမှာ ပြန်နေကျ အိမ်နှစ်အိမ်ဟာ စစ်မဖြစ်ခင်က တရိပ်ရိပ် တိုးတက်နေတော့ ကွန်ကရစ်လမ်းတွေ လျှပ်စစ်မီးတွေနဲ့ ခမ်းနားလွန်းလို့ တခါပြန် တခေါက်ဆန်းနေတတ်တယ်။
စစ်ဖြစ်တော့ အိမ်တွေဟာ အိမ်တွေနဲ့ မတူတော့ ခြောက်ကပ်တိတ်ဆိတ်လို့ အိမ်တွေတော့ ရှိပါရဲ့ လူတွေ မရှိကြတော့ဘူး။ ရွာတော့ ရှိပါရဲ့ အိမ်တွေ မရှိကြတော့ဘူး။ ပြာပုံအတိရွာလေးတွေ စစ်ရဲ့အကြွင်းအကျန်တွေ ဖြစ်ခဲ့ရပေါ့။ တိုက်ပွဲကျသူကျ လမ်းခုလတ်မှာ ဆုံးပါးသူ ဆုံးပါးလို့ပေါ့။ နေ့နေ့ညည လျှပ်စစ်မီး ထိန်ထိန်ဟာ သူ့ရွာကလေးကို အလင်းမပေးနိုင်တော့ပါဘူး။ လမ်းလျှောက်နေရင်း
ရေငတ်လာတယ်။ ကြုံရာ ရေဝင်တောင်းသောက်လို့မရတဲ့ အနေအထား လူမနေသော ရွာပျက်ကြီးတွေ ကန္တာရ ဖြစ်ခဲ့ရပေါ့။ လူငယ်တွေ တိုင်းပြည်ထဲက ထွက်ခွာကြ။ စစ်ထဲမှာ ဖြတ်သန်းကြ။ ကျနော်တို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးတွေ ပိတ်ကုန်ကြပြီ။ ဘယ်တော့မှ ပြန်မဖွင့်နိုင်တဲ့ ပိတ်ခြင်းမျိုးနဲ့။ အမှတ်တရများစွာရှိတဲ့ ကမ်းနားသစ်ပင်ဟာ မုန်တိုင်းနဲ့ ရေလှိုင်းဒဏ်ကြောင့် ပြိုခဲ့ရပေါ့။
အခု လမ်းတွေပေါ်မှာ မှောက်အိပ်ခဲ့တဲ့ လူငယ်တွေဟာ လမ်းတွေပေါ်က ပျောက်ကွယ်သွားကြပြီ။ လမ်းတွေသာ စကားပြောတတ်ရင် အရသာ မပျက်ယွင်းတဲ့ ဒေသ Cafe ဆိုင်လေး ပိတ်သွားတာ ပြောမလား။
ကမ္ဘာမပျက်ခင် ငါတို့ပျက်ပြီ ပြောမလား။ စိတ်အနာကြီးခဲ့ပြီ။ အမှတ်တရတွေကို နာနာကျင်ကျင် ပြန်ငေးယူနေရပြီ။
စာအုပ်ကိုင်ခဲ့တဲ့ လူငယ်လား။
ကဗျာရွတ်ခဲ့တဲ့ လူငယ်လား။ ပျော်ရွှင်တက်ကြွနေတဲ့
ရယ်စရာ ပြက်လုံးတွေနဲ့ လူငယ်ဘဝလား။ အခုလို
ခေတ်အပျက်ကြီးထဲက မျှော်လင့်စရာမဲ့လူငယ်လား။
နောက်ဆုံးတော့…….စိတ်ကလည်း မီးသေ
လူကလည်း ကျနေကို စောင့်နေခဲ့တဲ့ လူငယ်ဖြစ်ပြီ။
ခေတ်မီဆေးဝါးတွေ မကုနိုင်တဲ့ စိတ်အနာပဲ။ အင်္ကျီတွေ ဖာထေးဝတ်တိုင်း လတ်လတ်ဆတ်ဆတ် အနာတွေ ပြန်ယင်းလာတယ်။ မသေနိုင်သေးသလို နေလို့လည်း မပျော်ဘူး။ တရက်ချင်းက ကျနော်တို့ဘဝကို နှိပ်စက်ခဲ့ပြီ။ အိပ်မရတဲ့ ဖန်စပ်စပ် မျက်ဝန်းထဲမှာ ဘယ်သူ့ကိုမှ မမြင်မိတော့ပါဘူး။
လူတယောက်ရဲ့ ဇာတ်သိမ်းခန်းက ဒါပဲ ထင်ပါရဲ့။ သူမတတ်နိုင်တော့တဲ့ အခြေအနေတွေ ရောက်လာတဲ့အခါ သူ့ကိုယ်သူ အဆုံးစီရင်မိတဲ့ စိတ်အနာမျိုးနဲ့ အနေအထိုင် ကျွတ်ဆတ်သွားတာမျိုး ထင်ပါရဲ့။
Be the first to comment