ပျံလွှားငှက်တွေ စုစည်း ပျံသန်းနိုင်မလား

ကျော်​​ဇောခိုင်

by The Call

⁨”ပျံလွှားငှက်တွေ စုစည်း ပျံသန်းနိုင်မလား”

– သတင်းသုံးသပ်ချက်​ဆောင်းပါး –
■ ကျော်​​ဇောခိုင်

ကျားဖြန့်လို့ နာမည်ကြီးတဲ့ အွန်လိုင်းလိမ်လည်မှုတွေ တကမ္ဘာလုံးကို ပျံ့နှံ့လာတာဟာ ၂၁ ရာစု အစပိုင်းကတည်းကဖြစ်တယ်။ ဒီလုပ်ငန်းနဲ့ လိမ်လည်မှုတွေဟာ အာရှမှာရှိတဲ့ တရုတ်စကားပြော ကွန်မြူနတီတွေမှာ အစပြုခဲ့တာဖြစ်တယ်။

‘အွန်လိုင်းကာစီနိုတွေ’
၂၀၀၀ ခုနှစ်နောက်ပိုင်း တရုတ်မှာ အွန်လိုင်းကာစီနို လောင်းကစားတွေကို အစိုးရက ဖိဖိစီးစီး စတင်နှိမ်နှင်းတဲ့နောက်ပိုင်း ဒီလုပ်ငန်းတွေဟာ တခြားနိုင်ငံတွေကို ပျံ့နှံ့ရောက်ရှိခဲ့တယ်လို့ ဆွစ်ဇာလန်အခြေစိုက် Global Initiative Against Transnational Organized Crime ရဲ့ ၂၀၂၅ မေလမှာထုတ်ပြန်တဲ့ COMPOUND CRIME (CYBER SCAM OPERATIONS IN SOUTHEAST ASIA) ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိတယ်။

ကိုဗစ်၁၉ စဖြစ်လာတဲ့အချိန် နိုင်ငံတကာမှာ ခရီးသွားလုပ်ငန်းတွေ အရှိန်ရပ်တန့်သွားချိန်မှာ လူမရှိတဲ့ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေကနေ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကိုလုပ်ဖို့ လူအရင်းအမြစ်ကို စတင်စုဆောင်းခဲ့တယ်။ ပထမဆုံးပစ်မှတ်က အွန်လိုင်းကာစီနိုတွေမှာ လုပ်ခဲ့ဖူးသူတွေကို စတင်ခေါ်ယူတယ်။ လူသောင်းချီ စတင် စုဆောင်းနိုင်ခဲ့တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ ငါးနှစ်လောက်ကြာတဲ့အခါ လူသိန်းချီပြီး ရှိလာတဲ့အထိ ကြီးထွားလာခဲ့တယ်။

လုပ်ငန်းတွေဟာ တနှစ်ကို ဘီလီယံ ဆယ်ဂဏန်းလောက်ထိ ကြီးမားလာတယ်။ မဲခေါင်ဒေသမှာရှိတဲ့ အွန်လိုင်းငွေလိမ်မှုတွေဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံပေါင်း ဂျီဒီပီရဲ့ ၄၀% လောက်ကို ရှိလာခဲ့တယ်။ ဒီလောက်များပြားတဲ့ ငွေပမာဏနဲ့ ဆက်စပ်နေတဲ့ လူကုန်ကူးခံရမှု၊ အတင်းအကျပ် စေခိုင်းခံရမှုတွေဟာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု မဆိုထားနဲ့ နိုင်ငံတကာရဲ့ တည်ငြိမ်မှုကိုပါ ခြိမ်း‌ခြောက်လာတဲ့အထိ ကြီးမား ကျယ်ပျံ့လာခဲ့တယ်။

‘အဓိကတွေ့ရှိချက် ၅ ချက်’
အစီရင်ခံစာကို ထုတ်ဝေနိုင်ဖို့ ၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း ဖွဲ့စည်းခဲ့တယ်။  အရှေ့တောင်အာရှမှာ စနစ်တကျ စုစည်းထားတဲ့ ရာဇဝတ်မှုတွေ၊ လာဘ်ပေးလာဘ်ယူ လုပ်မှုတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ အကူအညီပေးမှုကို ရယူပြီး သုတေသနပညာရှင် ၁၄ ဦးပါဝင်တဲ့အဖွဲ့က ဒီအစီရင်ခံစာကို ပြုစုခဲ့တယ်။ အဓိကတွေ့ရှိချက်တွေက –

၁။ ဒီ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေဟာ တချိန်လုံး ပြောင်းလဲနိုင်စွမ်း၊ အခြေအနေတွေကိုကြည့်ပြီး အသွင်ပြောင်းနိုင်စွမ်းနဲ့ ရွေ့လျားနိုင်စွမ်းရှိတယ်။ (ဆိုလိုတာက ဒီနေရာမှာ နှိပ်ကွပ်ခံလိုက်ရပြီ ဆိုပေမယ့် ဦးကျိုးသွားတာမျိုး မဟုတ်ဘဲ တခြား လုပ်လို့ရနိုင်မယ့် ရွှေ့လို့ရနိုင်မယ့် နေရာကိုပြောင်းပြီး အသစ် ပြန်စနိုင်စွမ်းရှိတယ်)

၂။ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေဟာ ပစ်မှတ် ၂ ခုကို ရှာဖွေရတယ်။ တခုက လိမ်လည်ခံရမယ့်လူကို ရှာဖွေဖို့နဲ့ နောက်ပစ်မှတ်တခုက လိမ်လည်နိုင်တဲ့လူကို ရှာဖွေမွေးမြူပြီး အဓမ္မခိုင်းစေဖို့ ဖြစ်တယ်။

၃။ လုပ်ငန်းလုပ်တဲ့ နိုင်ငံတိုင်းမှာရှိတဲ့ လိုကယ်အီလစ်တွေကို ချိတ်ဆက်ရတာဖြစ်တယ်။ ဒီလူတွေဟာ အစိုးရအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ရာဇဝတ်မှုကျူးလွန်တဲ့ အဖွဲ့အစည်းတွေ၊ ဒီအဖွဲ့အစည်းတွေကြား ကူးလူးဆက်ဆံ အသွင်ပြောင်းနိုင်သူတွေ ဖြစ်ဖို့လိုတယ်။

၄။ အွန်လိုင်းလိမ်လည်မှုဟာ ပုံစံမျိုးစုံရှိတဲ့ စနစ်တကျ စုစည်းထားတဲ့ ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းတွေအားလုံးကို စုစည်းထားတဲ့ ရာဇဝတ်မှုတမျိုးဖြစ်တယ်။ ဆိုလိုတာက အွန်လိုင်းလိမ်လည်မှုဆိုတာဟာ လူကုန်ကူးမှု၊ ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းရာဇဝတ်မှု၊ လာဘ်ပေးလာဘ်ယူလုပ်မှုနဲ့ ငွေမည်းခဝါချမှုတွေအားလုံး ပါဝင်နေတာဖြစ်တယ်။ ငွေမည်းကို ငွေဖြူလုပ်တဲ့အခါ ခေတ်မီနည်းပညာဖြစ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေး (ခရစ်တိုကာရင်စီ) တွေကို အသုံးပြုလာတာမျိုးတွေလည်း ပါဝင်လာတယ်။ နည်းပညာတွေ ပိုရှေ့ရောက်လာတာနဲ့အမျှ ငွေလိမ်ဂိုဏ်းနဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေကြား ခွဲခြားရခက်လာတာတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အားနည်းတဲ့ဥပဒေတွေကြား သတ်မှတ်ရ ခက်လာတာတွေကို ဖြစ်စေတယ်။

၅။ နောက်ဆုံး သိသာထင်ရှားလာတဲ့ အချက်ကတော့ အွန်လိုင်းလိမ်လည်မှုဟာ လိမ်လည်ခံရသူတွေအတွက်ပါမက တရားဥပဒေစိုးမိုးမှု၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေကိုပါ ထိခိုက်လာတယ်။ အရှေ့တောင်အာရှကနေ တကမ္ဘာလုံးကို ပျံ့နှံ့ သက်ရောက်လာတယ်။

‘၄ နိုင်ငံ’
အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို လေ့လာထားချက်တွေ ပါဝင်တယ်။ မြန်မာနဲ့ပတ်သက်လို့ ရွှေကုက္ကိုတခုတည်းကိုပဲ ထည့်သွင်း လေ့လာထားတယ်။ မြဝတီရဲ့ မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုဟာ မြန်မာ-ထိုင်းနယ်စပ်က မိုအီမြစ်ကွေးပေါ်မှာ တည်ထားတဲ့ မြို့သစ်တခုဖြစ်တယ်။ ဒီမြို့သစ်ကို ချစ်လင်းမြိုင်ကုမ္ပဏီနဲ့ ရတီ နိုင်ငံတကာကုမ္ပဏီ ၂ ခု စုပေါင်းပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ပမာဏရှိတဲ့ စမတ်စီတီ စီမံကိန်းတခုအနေနဲ့ ၂၀၁၇ မှာ စတင်ခဲ့တာဖြစ်တယ်။

ရွှေကုက္ကိုမှာ အဓိက ပါဝင်သူတွေက ကေအင်အေ ဗိုလ်မှုးကြီးစန်းမြင့် (စောချစ်သူ)၊ ရတီဥက္ကဋ္ဌ ရှီကျီဇန်း (ပြီးခဲ့တဲ့တပတ်လောက်က ထိုင်းမှာ ချုပ်နှောင်ခံထားရာကနေ တရုတ်ကို ပို့ဆောင်ခံရသူ)၊ တရုတ်စီးပွားရေးလုပ်ငန်းရှင် Zhong Baojia နဲ့ တရုတ်အစိုးရနဲ့ ဆက်စပ်ပတ်သက်နေတဲ့ အဖွဲ့အစည်းတချို့ ပါဝင်တယ်။ အစီရင်ခံစာမှာ Justice for Myanmar ကို ကိုးကားပြီး ရွှေကုက္ကိုမှာ စောချစ်သူဟာ ထဲထဲဝင်ဝင် ပါဝင်သူဖြစ်ပြီး ရွှေကုက္ကိုထဲက လုပ်ငန်းတွေကိုအခွန်‌ကောက်တယ်။ အမြတ်ရဲ့ ၃၀% ကိုယူပြီး ရတီကုမ္ပဏီက ၇၀% ရတယ်လို့ ဖော်ပြတယ်။ ကေအင်အေဟာ သူ့ဝေစုထဲကနေ ၁၀% ကနေ ၅၀% ကြားကို မြန်မာစစ်တပ်ကို ခွဲပေးပြီး အဲဒီဝင်‌ငွေဟာ အမေရိကန်ဒေါ်လာ နှစ်စဥ် ၁၉၂ သန်းလောက် ရှိတယ်လို့ ပါရှိတယ်။ စောချစ်သူနဲ့ သူ့ဆွေမျိုးတသိုက်ဟာ ရွှေကုက္ကိုအပြင် တခြား စီးပွားရေးလုပ်ငန်း ၆ ခုကို ပိုင်ဆိုင်ထားပြီး ဒီအထဲမှာ ရွှေကုက္ကိုပြင်ပက နောက်ထပ် အွန်လိုင်းလိမ်လည်တဲ့ စင်တာ ၂ ခု ပါဝင်တယ်လို့ ဖော်ပြတယ်။

အောက်တိုဘာ ၂၀၂၄ မှာ ချစ်လင်းမြိုင်ကုမ္ပဏီကို အီးယူက ပိတ်ဆို့အရေးယူတယ်။ စောချစ်သူကို ယူကေက ၂၀၂၃ ကတည်းက ပိတ်ဆို့ထားပြီးဖြစ်တယ်။ ဖေဖော်ဝါရီ ၂၀၂၅ မှာ ထိုင်းဘက်က လူကုန်ကူးမှုနဲ့ပတ်သက်ပြီး စောချစ်သူအပါအဝင် BGF ခေါင်းဆောင်တချို့ကို ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သေးတယ်။

လတ်တလော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အမှုအခင်းတွေနဲ့ ပတ်သက်လို့ မြန်မာပြည်အတွက် အမေရိကန်အောက်လွှတ်တော် ကြားနာမှုရဲ့ အရှိန်အဝါဟာ ပါဝင်ပတ်သက်ထားသူတွေအပေါ်မှာ ကြီးမားတာကို တွေ့ရတယ်။ အမေရိကန်တွေဟာ ဒီအရေးအခင်းကို တနည်းနည်းနဲ့ အရေးယူဖို့ဟာ သေချာသလောက် ဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်တယ်။ ထရမ့်ဟာ အောက်တိုဘာ ၂၆ မှာ အာဆီယံအစည်းအဝေး တက်တယ်။ အောက်တိုဘာ ၃၀ မှာ ရှီကျင်းပင်နဲ့ ဘူဆန်မှာ တွေ့တယ်။ ကျားဖြန့်အကြောင်း တလုံးမှ ထည့်သွင်းမပြောခဲ့ဘူး။ ထရမ့်၊ ရှီကျင်းပင် ဆွေးနွေးပွဲ သဘောတူညီချက် အနှစ်ချုပ် ၈ ချက်မှာ ကျားဖြန့်မပါဘူး။ ပထမ ၂ ချက်က မြေရှားတင်ပို့မှု ကန့်သတ်ချက်ကို တရုတ်က ဆိုင်းငံ့ဖို့နဲ့ တရုတ်ကထွက်တဲ့ ဖန်တနိုင်းစီးဆင်းမှုကို ရပ်တန့်အောင် ဆောင်ရွက်ပေးဖို့ပါ။

ဒါပေမယ့် အမေရိကန်ဟာ အဲဒီအချိန်က ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားတဲ့ တိမ်းရှောင်နေတဲ့ ချင်းကျီ (Chen Zhi) ရဲ့ ဒေါ်လာ ၁၅ ဘီလီယံ နီးပါးရှိတဲ့ ခရစ်တို ငွေကြေးပိုင်ဆိုင်မှုတွေကို သိမ်းခဲ့ပြီးသားဖြစ်တယ်။ (မှတ်ချက် – သတင်းတခုမှာ တရုတ်က ဒီ‌ငွေတွေဟာ တရုတ်နိုင်ငံသားတွေကို လိမ်လည်ထားတာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ကိုလွှဲပေးဖို့ တောင်းဆိုတယ်)။ အဲဒီအချိန် (အောက်တိုဘာ ၁၄ ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ) ကတည်းက အမေရိကန်ဟာ ချင်းကျီရဲ့ ငွေမည်းခဝါချမှုတွေဟာ ကေကေပတ်၊ ရွှေကုက္ကိုနဲ့ လာအို အွန်လိုင်းငွေလိမ် လုပ်ငန်းတွေကို အသုံးပြုတယ်ဆိုတဲ့ အထောက်အထားတွေ ရှိခဲ့ပြီးသားဖြစ်တာကို သတင်းတွေမှာ တွေ့ခဲ့ရပြီးဖြစ်တယ်။ အမေရိကန်ဟာ ဒီအရေးယူမှုကို တရုတ်နဲ့ညှိနှိုင်းဖို့ အစီအစဥ်မရှိသလို သူ့ အောက်တိုဘာခရီးစဥ်မှာ ဘယ်နေရာမှာမှ တိုင်ပင်ပြောဆိုခဲ့ခြင်းမရှိတာ တွေ့ရတယ်။ ဆိုလိုတာက ကျားဖြန့်နှိမ်နှင်းရေးဟာ အမေရိကန်ရဲ့ သီးခြားအစီအစဥ်နဲ့ လုပ်ပိုင်ခွင့်တခုအဖြစ် သတ်မှတ်ထားတာပဲဖြစ်တယ်။

‘နိုဝင်ဘာ လကုန်နဲ့ ဒီဇင်ဘာ လကုန်’
အမေရိကန်ရဲ့ ကြားနာချက်ထဲမှာ အရေးပါတဲ့အချက်တွေက ကရင်ပြည်နယ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ငွေကြေးစီးဆင်းမှုတွေကို ထိန်းချုပ်ဖို့နဲ့ သိမ်းယူဖို့ဖြစ်တယ်။ ဒုတိယအချက်က ဒီအကျိုးအမြတ်တွေကို ခံစားနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ပြစ်ဒဏ်ခတ်ဖို့ဖြစ်တယ်။ ဒီအပိုင်းဟာ တော်လှန်ရေးနဲ့ ဆက်စပ်နေတာကို တွေ့ရတယ်။ ကြားနာပွဲနဲ့ဆက်စပ်တဲ့ အမေရိကန်အမတ်တချို့ရဲ့ ပြောဆိုချက်မှာ ဒါကိုဘိုင်ဒင်လက်ထက်က ဘားမားအက်နဲ့ ချိတ်ဆက်ဖို့ဆိုတာဖြစ်တယ်။ ဘယ်လောက်ထိ အကောင်အထည် ပေါ်လာမလဲဆိုတာ ကိုယ့်ဘက်က ဘယ်လောက်ထိ လိုက်နိုင်မလဲ ဆိုတာနဲ့လည်း သက်ဆိုင်နိုင်ပါတယ်။ (မှတ်ချက် – ကျားဖြန့်ကိုကိုင်ရင်း အမေရိကန်အမတ်တချို့ဟာ ရိုကိစ္စကို တပါတည်း ထည့်သွင်းလာနိုင်ခြေရှိတယ်။ အေအေအတွက်လည်း ဆောင်ရန် ရှောင်ရန်တွေကို သတိရှိသင့်တဲ့ သဘောဖြစ်တယ်)။

မြန်မာပြည်အခြေအနေက နိုဝင်ဘာအကုန်မှာ စစ်တပ် မိုးကုတ်ကို ပြန်ဝင်တဲ့အခါ TNLA က ခေါ်သွင်းလာမှာလားဆိုတာနဲ့ ဒီဇင်ဘာအကုန်မှာလုပ်မယ့် ရွေးကောက်ပွဲတွေနဲ့ ချိတ်ဆက်စဥ်းစားနေကြတာ တွေ့ရတယ်။ ဒါပေမယ့် ကျားဖြန့်နှိမ်နှင်းရေးရဲ့ သက်ရောက်မှုက ဒီ့ထက် ကြီးဖို့ရှိနေတယ်။ မိုးကုတ်အကျပ်အတည်းနဲ့ ပတ်သက်လို့ TNLA ဟာ ရှေ့ဖြစ်လာနိုင်ခြေတွေကို အလေးအနက် ထည့်သွင်းစဥ်းစားရင်း နောင် တော်လှန်ရေးအပေါ် စွန်းကွက်သွားနိုင်တဲ့အချက်ကို ရှောင်တိမ်းနိုင်မယ် ယူဆရတယ်။

နွေဦးဟာ နောက်ထပ် အချိုးအကွေ့တခုကို ရောက်ရှိလာခဲ့ပြီဖြစ်တယ်။

 

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment