2
အောင်မြိုင်
‘ပြည်ပအကူညီ ရရင် အောင်ပွဲဆင်နိုင်သလား’
ကျနော့်အနေနဲ့ ဗမာပြည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတိုက်ပွဲ အပေါ်မှာ တိုက်ပွဲဝင်သင့် မဝင်သင့်ဆိုတာမျိုး ထူးပြီး တွေးတာတာမျိုး မရှိပါဘူး။ လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးကို ထောက်ခံတယ်၊ တိုက်ပွဲကို မရှိမဖြစ်အနေနဲ့ လက်ခံတယ်။ ဒါ့ကြောင့် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲရာမှာ အဓိက စဥ်းစားမိလာတဲ့ ကိစ္စတခုကို ဆွေးနွေးချင်တာပါ။ ဒါကတော့ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးကစလို့ လက်နက်ခဲယမ်းအဆုံး အထွေထွေ အကူအညီကို ရယူသင့် မရယူသင့်ဆိုတဲ့ ကိစ္စပါပဲ။
လက်ရှိ လူပြောများနေတဲ့ ပြည်ပအကူညီဆိုတဲ့ ကိစ္စပေါ့လေ။ တရုတ်အနေနဲ ဗမာပြည်ထဲက သူနဲ့ ပတ်သက်တဲ့ လက်နက်ကိုင်တွေကို အထွေထွေ ကူညီမှုတွေ ရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။ လက်ရှိ ရှမ်းမြောက်မှာ ညှိနှိုင်းရေးလုပ်သွားရင်တောင် ကိုးကန့်တပ်နဲ့ တအာန်း တပ်တွေ ရရှိလိုက်တဲ့ နယ်မြေတွေဟာ တရုတ်ကျေးဇူးပါတယ်ဆိုတာ ငြင်းလို့မရပါဘူး။ အမေရိကန်အနေနဲ့ကလည်း ဗမာပြည်ထဲမယ် (သူတို့ အဆိုအရ) လက်နက်မဟုတ်တဲ့ အထွေထွေအကူညီတွေ ပေးအပ်နေတာ အများကြီးရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။ မီဒီယာပိုင်း၊ လူမှုဖွံ့ဖြိုးရေး အသင်းတွေက အစပေါ့။ ဒါလက်ရှိ မြင်သာတဲ့ ပြည်ပအကူညီတွေပေါ့။
ဒီအကူညီတွေကို ဘာလို့ပေးနေကြတာလဲ။ စဥ်းစားကြည့်ရင် တရုတ်အနေနဲ့ ကမ္ဘာစျေးကွက်မှာ အမေရိကန်ကို ရင်ဘောင်တန်းနိုင်ဖို့ ကုန်ကြမ်းတွေ၊ စျေးပေါအလုပ်သမားတွေ စတာတွေကို ရယူနေရတဲ့ နိုင်ငံငယ်လေးတွေမှာ သူရဲ့ တန်ခိုးသြဇာရှိနေဖို့ အင်မတန်အရေးကြီးတာပါ။ အဲဒီတိုင်းပြည်ငယ်တွေ မတည်ငြိမ်တာ၊ သူ့ကို ဆန့်ကျင်တာမျိုးရှိလာရင် စျေးကွက်ထဲမှာ နောက်တန်းကျသွားနိုင်ပါတယ်။ ဒါကြောင့် ဗမာပြည်လိုနယ်စပ်မျိုးမှာ သူ့သြဇာလွှမ်းမိုးဖို့ လက်နက်ကိုင်အားလုံးကို ဆက်ဆံရေး ထူထောင်ထားရတာပါပဲ။ ဆက်ဆံရေး အကြီးမားဆုံးထူထောင်ထားနိုင်တာက စစ်ကောင်စီတပ်ဖြစ်ပြီး သာမန်အားဖြင့်တော့ လူမျိုးစု လက်နက်ကိုင်တပ်တွေ အထိပေါ့။ ဒီမှာ ငြင်းစရာရှိတာက တရုတ်အနေနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ အဖိနှိပ်ခံရမှုတွေကို တကယ်စာနာပြီး လွတ်မြောက်စေချင်တာ မဟုတ်ဘူးလားလို့ ငြင်းနိုင်ပါတယ်။ ဒီလိုဆိုရင် ပြန်မေးစရာရှိတာက ဘာလို့ တပြည်လုံးဆိုင်ရာ ဖိနှိပ်သူ စစ်ကောင်စီကို ထောက်ပံ့ရပ်တည်ပေးနေရတာလဲ ဆိုတဲ့ မေးခွန်းပါ။ ဒါ့ကြောင့် တရုတ်ဟာ ဗမာပြည်ကို ထောက်ပံ့ပေးမှုရှိတယ်ဆိုတာ သူ့အကျိုးစီးပွားနဲ့ လုံးဝပတ်သက်ဆက်နွယ် နေတာကို သိနိုင်ပါတယ်။
တခါ အမေရိကန်ရဲ့ ထောက်ပံ့မှုတွေ ဖြစ်တဲ့ ဒီမိုကရေစီရေးဆိုင်ရာ လုပ်ငန်းအသွယ်သွယ်တွေ ဥပမာ မီဒီယာ၊ CSO၊ NGO၊ လက်နက်မဟုတ်တဲ့ နည်းပညာ စတာတွေကို ဘာလို့ ပေးအပ်နေရတာလဲ။ ကမ္ဘာအခင်းအကျင်းမှာ အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေကို ကမ္ဘာ့လူထုကို ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ တခါ ကမ္ဘာလူထုအနေနဲ့ ကမ္ဘာ့အရေးတော်တော်များများကို အမေရိကန်ရဲ့ တွေးခေါ်ချဥ်းကပ်ပုံအတိုင်း ထပ်တူညီ တွေးခေါ်လာနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အရေးကြီးတာကတော့ ဗမာပြည်ကို တရုတ်လက်ဝေခံဘဝအဖြစ် နစ်မွန်းနေရခြင်းကနေ ချိန်ခွင်လျာညှိနေရတာပါ။ သိသာပါတယ်။ အမေရိကန်နဲ့ မဟာမိတ်ဆက်ဆံရေးကောင်းတဲ့ ထိုင်းနယ်စပ်က လက်နက်ကိုင်တွေ၊ ခရစ်ယာန်ဘာသာရေးအရနီးစပ်တဲ့ ချင်း၊ ကချင်ဒေသက လက်နက်ကိုင်တွေ စတဲ့ လက်နက်ကိုင်တွေဟာ အမေရိကန်ရဲ့ အတွေးခေါ်လုပ်ဟန်နဲ့ ပိုမိုနီးစပ်ကြပါတယ်။ ဒါဆို မေးစရာရှိတာက ဗမာပြည်အဖိနှိပ်ခံ ပြည်သူတွေရဲ့ ဘဝကို စာနာနားလည်လို့ ကူညီတာ မဟုတ်ဘူးလားလို့ မေးမြန်းနိုင်ပါတယ်။ ပြန်ပြီးမေးစရာရှိတာက တကယ်စာနာနားလည်လို့ချည်း သက်သက်ဆိုရင် သူကူညီနိုင်တာ ဒီလောက်ပဲ သေချာရဲ့လားဆိုတာပဲ။ တခါ အခုလို အမျိုးသားရေးသမား ထရမ့်လက်ထက်မှာ ကူညီတွေ ရပ်ဆိုင်းခဲ့တာတွေ၊ လွတ်လပ်တဲ့ အချုပ်ခြာပိုင် ဂရင်းလန်းကျွန်းကို ငွေနဲ့ ဝယ်ချင်တာ၊ စစ်မက်နဲ့ သိမ်းယူချင်တာတွေ စတာတွေကို အမေရိကန်အကျိုးစီးပွားအတွက်လို့ နာမည်ခံပြီးလုပ်နေပေမယ့် ဒါဟာ ကမ္ဘာလူထုနဲ့ ကမ္ဘာဒီမိုကရေစီကို ထောက်ကန်ပေးမှု ကျဆင်းလာတာပါ။ ဒါကြောင့် အမေရိကန်ရဲ့ ဗမာပြည်ပေါ် ထောက်ပံ့မှုတွေဟာ သူ့နိုင်ငံအကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတာဆိုတာ သိနိုင်ပါတယ်။
အနှစ်ချုပ်ရရင် ကျနော့်အနေနဲ့ ပြည်ပအကူညီဆိုတာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားကတဆင့် ဖိတ်စင်လာမှုသာ ဖြစ်တဲ့အတွက် မခိုင်မာပါဘူး။ မခိုင်မာတဲ့ အတွက် လွတ်လပ်ရေး ရလာရင်တောင် သြဇာခံရမှုတွေ၊ ကိုယ့်စီးပွားရေးကို လွတ်လွတ်လပ်လပ် စီမံခွင့် မရရှိတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နှောင်ကြိုးမဲ့ အကူညီကိုသာ ရယူသင့်ပြီး လူထုတရပ်လုံးအနေနဲ့ ရုန်းကန်လှုပ်ရှားကြရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ လွတ်လပ်ရေးရတဲ့ အခါမှာလည်း တိုင်းပြည်ကို တည်ဆောက်နိုင်တဲ့ ထက်မြက်တက်ကြွတဲ့ လူထုကြီးတရပ် ဖြစ်လာမှာပါ။ အဓိကအားဖြင့် လွတ်လပ်သော ကိုယ့်အားကိုယ်ကိုးရေးမူအတိုင်း ရပ်ခံ လုပ်ဆောင်သင့်ကြောင်း လက်ခံပါတယ်။ နိုင်ငံခြားအကူညီမရရင် လွတ်လပ်ရေးရဖို့ မလွယ်ဘူးလို့ ပြောရင်တော့ မလွယ်တာမှန်ပါတယ်။ လွတ်လပ်ရေး မရနိုင်ဘူးလို့ ဆိုရင်တော့ အဖိနှိပ်ခံနေရတဲ့ လူထုကြီးတရပ်လုံးရဲ့ ထကြွပုန်ကန်မှုကို သံသယရှိနေပြီသာ ဖြစ်ပါတယ်။ လူထုနဲ့ကင်းကွာတဲ့ ဘယ်ကိစ္စကမှ တော်လှန်ရေးကို မထောက်ပံ့နိုင်ပါဘူး။
ဗမာပြည်ကွန်မြုနစ်ပါတီဟာ တရုတ်ညီနောင်ရဲ့ အကူအညီတွေ ရရှိခဲ့ပေမယ့် လုံလောက်တဲ့၊ လူထုကြားမှာ တသားထဲ မြုပ်နှံထားတဲ့ ကေဒါတွေ စည်းရုံးရေးမှူးတွေ မလုံလောက်တဲ့အခါ (၁၂၀) အမြောက်ကြီးတွေနဲ့ ပစ်ခတ်ထိုးစစ်ဆင်တဲ့ ဘဝကနေ လက်နက်ကိုင်တော်လှန်ရေးအလံကို ယာယီစွန့်လွှတ်လိုက်ရတာပါပဲ။ လူထုကို အခြေမခံတဲ့ စစ်အင်အား၊ လက်နက်အင်အားဟာလည်း ကျဆုံးရတာပဲ။ လူအင်အား၊ လက်နက်အင်အားရှိတိုင်း အနိုင်ရစတမ်းဆိုရင် စစ်အစိုးရကို ဘယ်သူနိုင်ဦးမှာလဲ မေးခွန်းထုတ်ချင်တယ်။ ဒါပေမယ့် စစ်တပ်စိုးမိုးနယ်မြေဟာ အဲဒီနယ်မြေက လူထုကို တကယ် အခြေခံထားနိုင်သလားဆိုတာ မေးခွန်းပါ။ သူ့စိုးမိုးနယ်မြေက လူထုဟာ သူတို့ကို ထောက်ခံမှုပြတ်ပြတ်သားသားမရှိဘဲ တော်လှန်ရေးတပ်တွေကိုသာ မျှော်လင့်နေကြတာပါ။ စစ်အစိုးရတပ်တွေ စစ်ကြောင်းထိုးလာရင် ဘယ်နှစ်ယောက်၊ ဘယ်လမ်းကလာတယ်၊ ဘာလက်နက်တွေ ပါတယ်၊ ဘယ်တပ်မက ဆိုတာ အထိ လူထုက သတင်းပေးပေမယ့် တေယ်လှန်ရေးတပ်တွေလာရင် သတင်းအစအနတောင် စစ်အစိုးရတပ်က မသိရရှာပါဘူး။ ဒါ လူထု အခြေခံပါပဲ။ ဒီ လူထု အခြေခံရှိမှုကပဲ စစ်အစိုးရကို တော်လှန်ရေးသမားတွေ အနိုင်တိုက်နိုင်စေမှာပါ။ ဒါကို နားမလည်ဘဲ လူထုကို စော်ကားတာ၊ ဖိနှိပ်တာ၊ ဂရုမထားတာတွေလုပ်လာရင်တော့ လူထု ထောက်ခံမှုမရှိတဲ့ တပ်မနှစ်တပ်ရဲ့ တိုက်ပွဲသဘောမျိုးဖြစ်သွားပြီး လက်နက်အင်အားသာတဲ့ဘက်က အနိုင်ရပါလိမ့်မယ်။
ဒါက ဗမာပြည် သမိုင်းမှာ အကောင်းဆုံးသော သင်ခန်းစာပါ။ လူထုကို အခြေမခံတဲ့ သိန်းသောင်းသော လက်နက်ခဲယမ်းတွေ၊ လူထုကို အခြေမခံတဲ့ အနိုင်ရ စစ်ပွဲတွေ၊ လူထုကို အခြေမခံတဲ့ ရန်ပုံငွေတွေဟာ ဘယ်တော့မှ တော်လှန်ရေးအောင်ပွဲဆီ မချဥ်းကပ်နိုင်ပါဘူး။
ခုနေခါမှာ ရှိရာလက်နက်နဲ့ တိုက်နေတဲ့ တော်လှန်ရေးတပ်တွေကိုတော့ မုချနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ တကယ်တော့ရှိရာလက်နက်နဲ့ချည်းမဟုတ်ဘဲ ခေတ်မီလက်နက်တွေ ပါလာရင် ပိုကောင်းတာပေါ့ဗျာ။ ခုလည်း တော်လှန်ရေးတပ်အတော်များများ မနည်းတဲ့ လက်နက်အဆင့်အတန်းရှိနေကြပါပြီ။ ဒီမှာ ပိုပိုပြီး အင်အားများချင်တဲ့အတွက် တအိမ်တယောက် စစ်မှုထမ်းခေါ်ယူတာတို့၊ ငွေကြေးအခွန်အကောက် များတာတို့၊ သယံဇာတတွေ အလွန်အကျွံထုတ်လုပ်နေတတ်ကြတာ၊ ဒေါ်လာရမယ်၊ ယွမ်ရမယ်ထင်တဲ့ လမ်းကြောင်းတွေဆီ အလွန်အကျွံဖိလိုက်နေတတ်ကြပါတယ်။ တကယ်တမ်း တော်လှန်ရေးရဲ့ အဓိက ထောက်တိုင်ဖြစ်တဲ့ ဖိနှိပ်ခံ ဆင်းရဲသားထုကြီးကိုတော့ မသိမသာ ဂရုမဲ့လာကြပါတယ်။ ဒါဟာ တံလျှပ်ကိုရေထင်ပြီး ရွှေသမင်အလိုက်မှားနေတာဖြစ်ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းရဲ့ အကူအညီကို ယူသင့်မယူသင့်ဆိုတာကို မပြောလိုသေးပါဘူး။ မုချအမှန်ပြောလို့ရနိုင်တာကတော့ လူထုထောက်ခံမှုရှိတဲ့ တပ်သာ အနိုင်ရမှာ ဖြစ်ပြီး ဘယ်နိုင်ငံတကာ ထောက်ပံ့မှုရရ လူထုမထောက်ခံရင် ကျဆုံးမှာပဲလို့ ယုံကြည်နိုင်ကြောင်းပါခဗျား။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
