
ပြည်သူ့ဘဝရေစီးနှင့် ရင်ခုန်သံ ၂၀၂၃
■ အယ်ဒီတာ့စကား
ပြီးခဲ့တဲ့အပတ်ကပဲ စစ်တပ်ဒေါက်တိုင်ဟု သတ်မှတ်ခံရပြီးနောက် လမ်းထောင့်က ဘီယာဆိုင်မှာ ဗုံးကွဲသံကြားရသည်။ အင်း ဒါမှမှတ်မှာ၊ ဘီယာဆိုင်တွေတော့ စီးပွားပျက်တော့မည်ဟု ထင်ခဲ့သည်။ နောက်တပတ်ကြာ ထိုဆိုင်ရှေ့ရောက်တော့ ရောင်စုံမီးတွေတဝင်းဝင်းနှင့် လူတွေပြည့်လျှံနေတာတွေ့လိုက်ရသည်။ အကြောက်အလန့်မရှိတော့တာလား။ အမှတ်သည်းခြေမဲ့သွားတာလား။ မထူးဇာတ်ခင်းနေကြတာလား။ ဘာပြောရမည်မှန်းပင်မသိတော့။
ရန်ကုန်ဆိုတာမြို့ကြီးပဲ။ မီဂါစီတီးဆိုတာ မြို့မြောက်ပိုင်းမှာ လက်နက်ကိုင်အုပ်စုချင်း တိုက်ပွဲတွေဖြစ်နေဆဲမှာပင် မြို့တောင်ပိုင်း ကော်ဖီဆိုင်တွေမှာ အေးအေးလူလူ ကော်ဖီသောက်နေကြမည်။ ဘားတွေထဲမှာ လူတွေဆူညံနေမည်။ ဆိတ်ငြိမ်ခြံဝန်းကြီးထဲမှာ ပါတီပွဲပေးနေမည်။ မီတာရုံးမှာ၊ စည်ပင်ဌာနရှေ့မှာ၊ ရဲစခန်းကင်းရုံအနီးမှာ၊ ဘဏ်တိုက်ဝင်ပေါက်မှာ နေ့ခင်းဘက်က ဗုံးတွေ တအုန်းအုန်းကွဲခဲ့သည်။ ညရောက်ရင်တော့ ဘားပေါက်စလိုလို၊ ဘီယာဂါးဒင်းလိုလိုနေရာမှာ တီးဝိုင်းအသေးစားလေးတွေက ဆူညံပေါက်ကွဲစွာ တီးခတ်နေတာတွေ့ရမည်။ ရပ်ကွက်အလယ်မှာ ညညဥ့်နက်သည်ထိ ဆိုကောင်းတီးကောင်းနေကြသည်ကို ဘေးအိမ်တွေကလည်း ဘယ်ကို တိုင်ရမည်မှန်းမသိ။ တံခါးလုံအောင်ပိတ် မီးမှိတ်ပြီးပဲနေလိုက်ကြသည်။
စားသောက်ဆိုင်ကြီးတွေဆီ လာသည့်ကားတွေက လမ်းတွေပေါ်တက် တဝက်လောက်အထိ ပိတ်ရပ်ထားကြသည်။ မော်တော်ယာဉ်ရဲတွေ ကိုင်သည့် လက်ကိုင်မီးချောင်းတွေဖြင့် ဆိုင်လုံခြုံရေးတွေက လမ်းပေါ်ကကားတွေကို တက်တားကာ သူတို့ဆိုင်အဝင်အထွက်ကားတွေအတွက် လမ်းရှင်းပေးကြသည်။ ညနေဆိုလျှင် ဈေးသည်တွေက လမ်းတဝက်လောက်အထိ ဈေးတက်ခင်းကြသည်။ ကျန်သည့်လမ်းတခြမ်းကို တက်စီတွေက ပိတ်ထားလိုက်သေးသည်။ လိုင်းဘတ်စကားကြီးက လူအုပ်ထဲအရှိန်ဖြင့်တိုးဝင်ဖြတ်မောင်းသွားသည်။ တခါတရံ မီးနီကိုပင် ခပ်တည်တည် ဖြတ်သွားကြသေးသည်။ ဘဲဥတွေက ရဲတစီး စစ်တစီးလောက် နောက်တော်ပါးက ပါမှ လိုင်စင်စစ်သလိုလို၊ ဟိုဟာစစ်သလို၊ ဒီဟာ စစ်သလိုဖြင့် ပိုက်ဆံတောင်းထွက်လာရဲကြသည်။ တိုးဝှေ့နေသည့်လူအုပ်ကြီးက သေချာကြည့်လျှင် မျက်နှာတွေက အသေကြီးတွေဖြင့်သာ။
တနေ့က တိုက်လှေကားခြေရင်းမှာ စာကပ်သွားသည်။ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုတိုင်းကို လူစာရင်းကောက်မည်ဟုဆိုသည်။ အလုပ်ပိတ်ရက် ရုံးပိတ်ရက်လည်းမဟုတ်၊ ကြားရက်ကြီးကို လူစာရင်းကောက်မည်ဆိုတော့ အံဩစရာ၊ ပြီးတော့ ဒါမျိုးဆိုတာက လူထုလှုပ်ရှားမှုအသွင်ဖြင့် လုပ်ရသည့်ကိစ္စမျိုးဖြစ်သည်။ ရုံးတရုံး၊ ဌာနတခု၊ တပ်ဖွဲ့တဖွဲ့ဖြင့် လုပ်လို့ရတာမျိုးမဟုတ်။ ထင်သည့်အတိုင်းပင် အသံသာပေးပြီး ဘယ်သူမှ ရောက်မလာ။ သူတို့အစား အလှုခံဆိုပြီး တအိမ်တက်ဆင်း တံခါးလိုက်ခေါက်သည့်အဖွဲ့တခုကို တိုက်လုံခြုံရေးက အပေါ်တက်ခွင့်ပြုလိုက်သဖြင့် တချို့အခန်းတွေဆီက မကျေနပ်သည့်အသံ ထွက်လာသည်။ ဟုတ်သည်လေ။ အခုလိုခေတ်ကြီးထဲ အလှုခံပါဆိုသည့်လူတွေက ပလေကပ်ပုဆိုးတိုတိုနှင့် လမ်းဘေးလူမိုက်ရုပ်တွေဆိုတော့ ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်ကြသည်ပေါ့။
သတင်းတခုအရ လှိုင်သာယာဘက်မှာ ခိုးဆိုးလုနှိုက်တွေကို ရပ်ကွက်လူထုကဖမ်းပြီး ရဲစခန်းသွားပို့တော့ စစ်တပ်က လာထုတ်သွားသည်တဲ့။ ပြီးတော့ ရပ်ကွက်ထဲပြန်လွှတ် ဒလန်သူလျှိုအဖြစ် အသုံးချသည်တဲ့။ ကြုံရင်ကြုံသလို လူသားချင်းစာနာပါသည်ဆိုပြီး သူခိုးဂျပိုးတွေကို ထောင်ကလွှတ်ပစ်သေးသည်။ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားတွေကတော့ အပေါ်က နှမ်းဖြူးသည့်ပမာ အပြကောင်းရုံလောက် အနည်းအကျဉ်းသာပါသည်။ သည်တော့ တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်မှာလဲ။ ခိုင်မာသည့် အုပ်ချုပ်ရေးစနစ်က ဘယ်မှာလဲ။ အာဏာကို ငမ်းငမ်းတက် မတရားလုယူခဲ့သည်မှာ ၂ နှစ်ပင်တိုင်လုသော်လည်း အာဏာက လူထုလက်ထဲမှာပင် ရှိသေးသည်။
လူထုကြား ကားသုံးလေးစီးနှင့် စစ်ကြောင်းထိုး ဝင်ရောက်ကာ သူတို့လိုချင်သည့်လူကို ကြောင်ကိုကြွက်ဆွဲသလို ဝင်ဆွဲတတ်ရုံသာ တတ်နိုင်သည်။ ကျန်အချိန်မှာ ကားလမ်းကို တဝက်ကျော်ကျော် သံဆူးကြိုးခွေတွေကာပြီး မြို့လည်ကောင် မြင်မကောင်းအောင်ဆောက်ထားသည့် နှစ်ထပ်ဖုတ်တိုက်ထဲကနေသာ ပြည်သူကိုအဝေးက လှမ်းကြည့်ရဲကြသည်။ သူတို့အဖြစ်က ဘာမှ အစိုးမရ။
ခြုံပြောရလျှင် အခြေအနေက အားလုံးအတွက် လေဟာနယ်တခုလို ဖြစ်နေသည်။ ၂၀၂၁ မှာ မြို့ပေါ်လူထုလှုပ်ရှားမှုအားကောင်းသည်။ ၂၀၂၂ မှာ တောင်ပေါ်ကျေးလက် လူထုခုခံစစ်တွေ အားကောင်းသည်။ ဒီအခြေခံ ၂ ခုပေါ်မှာ ပြည်သူကို ရှေ့ဆက်ဦးဆောင်မည့် အစိုးရတဖွဲ့နှင့် အနာဂတ်ဖက်ဒရယ်အတွက်ပါ မျှော်မှန်းမျိုးစေ့ချခဲ့သည့် ပရော်ဖက်ရှင်နယ် တပ်တတပ်ကို တည်ဆောက်နိုင်ခဲ့ကြသည်။ ၂၀၂၃ မှာ နိုင်ငံတကာမှ ဖိအားပေးဆောင်ရွက်ချက်များနှင့် အာဏာလုစစ်အုပ်စုအတွက် ဖွဲ့စည်းပုံအကြပ်အတည်းအပါအဝင် နိုင်ငံရေးအရ ချောင်ပိတ်ခံရမည်။ ပြည်သူ့တော်လှန်စစ် အမြင့်ဆုံးအပိုင်းကို ရင်ဆိုင်ရမည်။ ၂ နှစ်ကြာ ခြေမနိုင်လက်မနိုင်လုပ်ရင်း ကုန်ဆုံးသွားသည့် နိုင်ငံ့အရင်းအမြစ်တွေကို ပြန်မဖြည့်ဆည်းနိုင်။ ကိုဗစ်အလွန်စီးပွားရေးက အသံသာဆူညံစွာထွက်ပေါ်လာသည့် ရှေ့ကိုမရုန်းနိုင်သည့်အင်ဂျင်တလုံးလို မီးခိုးတွေအူတက်လာတော့မည်။
တချို့က ဆီးရီးယားလို အာဏာရူးတွေရဲ့အတ္တမှာ မြို့ရွာအလုံးစုံ အုတ်ပုံဘဝထိရောက်အောင် ပျက်စီးသွားပုံမျိုးဆိုက်မှာ စိုးရိမ်ကြသည်။ တချို့က ယူအန်လုံစီဆုံးဖြတ်ချက်ကြောင့် ကဒါဖီ၊ ဟူစိန်ဇာတ်သိမ်းမျိုး ဒင်းတို့ဆိုက်ရမည်ဟု ယုံကြည်မျှော်လင့်ကြသည်။ အကျဉ်းထောင်နှင့် ရှေ့တန်းစစ်မြေပြင်လို ရန်သူကို သူဆိုင်ကိုယ်ဆိုင် ရင်ဆိုင်တိုက်ပွဲဝင်နေသူတို့ကမူ သူတို့အလုပ်ကို သူတို့ယုံကြည်ကြသည်။
ပါတီတခု၊ ခေါင်းဆောင်တဦး၊ အယူဝါဒတရပ်၏ လှုံဆော်စည်းရုံးမှုကြောင့်မဟုတ်ပဲ မိမိကံကြမ္မာကို မိမိရွေးချယ်ရဲသည့် ပြည်သူလူထုတရပ်အတွက်မူ အနာဂတ်သည် သူတို့၏ ထုတ်ကုန်စစ်စစ်သာဖြစ်သည်။ အပေါ်ယံနေ့စဉ်ဘဝများထဲ လှုပ်ရှားကူးခတ်နေသည့် ပုံရိပ်များက မည်သို့ပင်ဖြစ်စေ တကယ့်ရေစီးက သူတို့၏ဆုံးဖြတ်ရွေးချယ်မှုနှင့် သန္နိဋ္ဌာန်ပဲဖြစ်ပါသည်။
သမိုင်းသည် ဘယ်တုန်းကမှ လိမ်ညာထွက်ဆိုခဲ့ခြင်းမရှိ။ ၂၀၂၃ ကို ပြည်သူ့ရင်ခုန်သံနှစ်ဟု ဆိုကြရုံသာ။ ။
Be the first to comment