ရွယ်မိုး
မိုးဦးအကျစောသည်ဟု ဆိုရမည်။ နယုန်မိုးသေး မြက်သားမွေး ဆိုသည့်အတိုင်း သွေ့ခြောက်နေသည့် ပက်ကြားအက်များက ပျောက်ကွယ်ကုန်သည်။ မြက်ကလေးတွေက အစီအရီ ဟိုမှသည် တကွက်ပြီးတကွက် ပေါ်လာကာ ဆက်စပ်မိသွားကြပြီး တပြန့်တပြူး မျက်စိတဆုံး စိမ်းစိုလာသည်။ တနေ့ခင်းလုံးလိုလို မိုးက အမျှင်မပြတ်ဘဲ သည်း၍တဖုံ ဖွဲ၍တမျိုး ရွာသည်။
ချို့တဲ့လှသော ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတရင်းသည်လည်း မိုးအေးအေးမှာ စစ်ဆင်ရေးမထွက်နိုင်ဘဲ ငြိမ်နေကြရသည်။ ရိုင်ဖယ်သေနတ် ကို ဖြုတ် တပ် ဆီတိုက်နေရာမှ သိန်းဆောင်က အသံဝါကြီးနှင့် သီချင်းအော်ဆိုသည်။
“တနွေ တဆောင်းရယ်ပြောင်း တမိုးရောက်လေတိုင်း ပျော်တယ် မေရယ်”
သီချင်းသံ ကြားသဖြင့် တဲထောင့်မှာ ဝတ္ထုတအုပ်နှင့် နှပ်နေသည့် မြကြီးက နားမခံသာသည့်နှယ် ထအော်သည်။
“ဟေ့ကောင်ရ တနွေတမိုးရယ်ပြောင်း တဆောင်းရောက်လေတိုင်း ပါကွ”
သိန်းဆောင်က စပ်ဖြဲဖြဲနှင့် ပြန်ပြောသည်။
“အခုက မိုးတွင်းကွ အဲ့တော့ စာသားပြင်ဆိုတယ် ဘာဖြစ်တုန်း ဟဲဟဲ ဒါနဲ့ ည ဖားရိုက်ထွက်ရင် လိုက်ခဲ့ဦး တို့တပ်ရင်းကို ဖားသားအစပ်ချက်ကလေး ချက်ကျွေးကြရအောင်”
“ဖားထွက်ရိုက်တာက ရိုက်တာပေါ့ တာဝန်မှူးကို ခွင့်ရောတောင်းပြီးပြီလား ပြီးတော့ လိုအပ်တဲ့ မီးအုပ်ဆောင်းတို့ တုတ်တို့ ပလိုင်းတို့ ဘယ်မှာတုန်း …”
“မင်းကလည်း ငါ အကုန်စီစဉ်ထားပြီးသားပါကွ ဟဲဟဲ ကန်သင်းတက်ဖားကလေး လေးငါးဆယ်ပိဿာ ရအောင် ရိုက်ရမယ် တပ်ရင်းလည်း အူစိုသွားအောင် …”
မြကြီး အပြင်ကို မျှော်ကြည့်သည်။ မိုးသည် စဲမည့်ပုံ မမြင်ပေ။ လေးငါးရက် ဆက်တိုက် မိုးစွေလွန်းသည်ကြောင့် လယ်ကန်သင်းများတွင် မိုးရေတက်ရေ ဖွေးဖွေးလှုပ်နေပြီလည်း ဖြစ်သည်။ ပူပြင်းလှသည့် နွေတွင်းနှင့် ဆောင်းရာသီတလျှောက်လုံး မြေတွင်းတွေထဲမှာသာ ခိုအောင်းနေခဲ့ကြသည့် ဖားအိုင်း၊ ဖားလက်တက်၊ ဖားပြုတ်၊ စားဖား၊ ဖားဂုံညင်း၊ ဖက်သွပ်ဖား စသည့် ဖားမျိုးစုံတို့သည် သူ့ထက်ငါ ဦးအောင် မြသားမြေကမ္ဗလာပေါ် ထွက်လာကြကာ တညလုံး မိုးခေါ် အော်မြည်နေကြသည်မှာ ညစဉ် အတိုင်းသား ကြားနေရသည်။ ရှေ့ရက်တွေကပင် ဖားရိုက်ထွက်ကြဖို့ရာ ပြောထားဆိုထားကြပေမယ့် တာဝန်မှူးက အဆင်ပြေတဲ့တရက် ခွင့်ပြုတာပေါ့ဟု ဆိုထားသဖြင့် မချင့်မရဲဖြစ်ရသည်။ ယခုမူ ခွင့်ပြုချက်ရထားသည်မို့ အိုကေပြီဖြစ်ပြီး လျှာအရသာ စိုပြည်ဖို့ကတော့ လက်ဆကောင်း လျင်မြန်သွက်လက်မှ ရပေလိမ့်မည်။
ဖားရိုက်ထွက်မည့် ရဲဘော်တွေက တပ်စိတ်မှူးသိန်းဆောင် ခေါင်းဆောင်ပြီး ဒုတပ်စိတ်မှူးမြကြီး အပါအဝင် စုစုပေါင်း ရှစ်ယောက်ဖြစ်ကာ ပလိုင်းကိုယ်စီ တုတ်တချောင်းစီနှင့် နဖူးစည်းဓာတ်မီးများ ခေါင်းမှာ ပတ်ထားကြသည်။
တာဝန်မှူးက ဘယ်အချိန်လောက် ပြန်လာမည်လဲဟု မေးမြန်းနေပြီး မြွေဂရုစိုက်ဖို့ မှာသည်။ ပြည်သူလူထုက စိုက်ပျိုးထားသည့် လယ်ခင်းယာခင်းများ မိမိတို့တပ်ကြောင့် မပျက်စီးစေဖို့ရာ ဂရုစိုက်ရန် အတန်တန်မှာသည်။ လယ်ကွင်းပိုင်ရှင်ကိုလည်း ခွင့်တောင်းရဲ့လားဟု မေးနေသေးသည်။
အားလုံး၏ ခြေလှမ်းများက တက်ကြွနေကြသည်။ ကင်းတိုကင်းရှည် ကင်းတာဝန်ကျသူများက စစ်ဆေးသည်ကို စစ်မြေပြင်ထုံးစံအတိုင်း အဆင့်ဆင့် သတင်းပို့လာကြပြီး ယမန်နေ့တွေကတည်းက ဖားရိုက်မည်ဟု တေးထားသည့် လယ်ကွင်းပြင်များဘက် မြွေပါးကင်းပါး ဂရုစိုက်ရင်း ခပ်သော့သော့ လျှောက်လာကြသည်။ မိုးလေးက ဖွဲဖွဲကျနေသည်မို့ အားလုံး မိုးကာကိုယ်စီနှင့်ဖြစ်သည်။
လယ်ကွင်းပြင်ကြီးအစပ် ရောက်တော့ သိန်းဆောင်က ရပ်လိုက်သည်။
“ဒုတပ်စိတ်မှူးမြကြီးရယ် ဖိုးချိုနဲ့ ညိုကြီး သုံးယောက်တစု၊ ငါနဲ့ မောင်အေး နှစ်ယောက်၊ ကျန်သုံးယောက်တစု နေရာခွဲပြီး ရိုက်ကြမယ် သိပ်ဝေးဝေးလည်းမသွားကြနဲ့ ကောင်ရှည် ဂရုစိုက်ကြ ပြည်သူလူထုရဲ့စပါးနှံတွေ မပျက်စီးစေနဲ့ နောက် နှစ်နာရီလောက်နေရင် ဒီနေရာမှာ ပြန်ဆုံမယ် မရှင်းတာဘာရှိလဲ …”
အသီးသီး တာဝန်ခွဲဝေပေးပြီးတော့ သိန်းဆောင်နှင့် မောင်အေး အကွက်အကွင်းကောင်းသည့် လယ်ဘက် ထွက်လာသည်။
ကောက်ပင်ပျိုတို့သည် လေယူရာ ယိမ်းနွဲ့နေကြသည်။ ရေတွေက လယ်ကွင်းထဲ ဖောင်လောက်အောင် လျှံတက်နေသည်။ စပါးနှံတို့ကိုဖျက်မည့် ပိုးမွှားများကို ဖမ်းယူစားသောက်ကာ ညဘက် လယ်ကန်သင်းပေါင်ပေါ် တက်နေကြသည့် ဖားတွေကို ကန်သင်းတက်ဖားဟု ဒေသခံများက ခေါ်တတ်ကြသည်။
“ဖားကို မြင်တာနဲ့ ပြေးရိုက်ကွ နောက်မကျစေနဲ့ မင်း နှေးတာနဲ့ ဖားက လယ်ကွက်ထဲ စွပ်ကနဲ ခုန်ဆင်းသွားလိမ့်မယ်ရယ် ကွ …”
မောင်အေးကို ပြောပြရင်း သိန်းဆောင်မျက်ဝန်းများက လယ်ကန်သင်းပေါင်ပေါ် စူးစိုက်လျက်။ ဟော တွေ့ပါပြီ။ နှစ်ဆယ်ကျပ်သားခန့်ရှိမည့် ဖားကြီးတကောင်။ သိန်းဆောင် မီးထိုးထားရင်းမှ ခပ်သုတ်သုတ်ပြေးကာ ခပ်ဆတ်ဆတ်လေး ရိုက်ချလိုက်သည်။ ပြီးတော့ ပလိုင်းထဲ ကောက်ထည့်သည်။
“ဖားမကြီးကွ ဥချပြီး ကန်သင်းပေါ် တက်နားနေတာ”
နှစ်နာရီနီးပါးခန့် လှည့်ပတ် ရိုက်ပြီးကြတော့ နှစ်ဦးလုံး၏ ပလိုင်းမှာ ဖားးများ ပြည့်နေလေပြီ။
“ပြန်ကြစို့ကွာ …”
စုရပ်တွင် ကျန်ခြောက်ယောက်သည်လည်း ဆေးပေါ့လိပ်တဖွာဖွာနှင့် စောင့်နေကြတာမြင်ရသည်။
“ဘယ်လိုလဲဟေ့ အခြေအနေ …”
“လူစေ့ ပလိုင်းအပြည့်ပဲဗျို့ အူစိုပြီ ဟဲဟဲ …”
ရှစ်ယောက်ပေါင်း ရသည့်ဖားတွေက ပိဿချိန် မနည်းလှပေ။
အပြန် မျက်နှာပန်းလှချေတော့မည်။ မနက်စောစောထကာ ဆီပြန်လေးချက်ပြီး တပ်ရင်းတရင်းလုံးကို ကျွေးရမည်။
အပြန်လမ်းတလျှောက် တပျော်တပါးပင်၊ သီချင်းတွေ ကဗျာတွေ အော်ဆိုလာကြသည်။
“မိုးရွာရင် ဖားတွေရိုက်မယ် ဖေဖေလာရင် နို့စို့မယ် အဲ ဟုတ်ပေါင် …”
“မေမေ လာရင် နို့စို့မယ်ပါကွ”
ငယ်ဘဝသို့ပင် ပြန်ရောက်သွားသယောင် အားလုံး၏ မျက်နှာမှာ ပြုံးပန်းတွေ ဝေလျက် …
(စာရေးသူမှတ်ချက် – နာမည်အမှန်များ မဟုတ်ပါ၊ တပ်ရင်းတခု၏ ဟင်းစား ဖားရှာသည့်အကြောင်း သင့်လျော်သလို ရေးဖွဲ့ပါသည်။)
Be the first to comment