ပြာ၍ လွင့်သော

ညီလင်းအိမ်

by The Call
1 views
“ပြာ၍ လွင့်သော”
◾️ ညီလင်းအိမ်
သူက ဒီကောင်မလေးအတွက် ကောင်းကင်ကြီး တခုလုံးတော့ ဝယ်မပေးနိုင်ခဲ့ပေမဲ့ အာမခံရုံးကို ဓားမြတိုက်ပြီး ငွေတွေတော့ တနင့်တပိုး သယ်လာခဲ့ပါတယ်။
အချစ်နဲ့ဘဝမြဲမြံမှုဟာ တသားတည်းကျနေမယ်လို့ မထင်မိပါဘူး။ တဘဝလုံးစာထိ ချစ်ပါ့မယ်လို့ ကတိပြုမိခဲ့ကြပြီး လက်ထပ်ပြီးကြချိန်မှာ တနှစ်တောင် မခံဘဲ ကွဲကြပြဲကြ၊ အချစ်ကြီးချစ်ခဲ့ပါတယ် ဆိုရာကနေ မျက်နှာချင်းတောင် မဆိုင်ချင်တော့လောက်အောင် အမုန်းကြီး မုန်းသွားခဲ့ကြတဲ့ စုံတွဲတွေလည်း အများကြီးပဲ မဟုတ်ပါလား။ ကဲ ကြည့်ပါဦး။ သူကတော့။ ချစ်ရသူလိုအပ်သမျှအတွက် ပိုက်ဆံက အရေးပေါ် ရှိမနေတာမို့ မိန်းကလေးလို ဝတ်စားဆင်ယင်ပြီး အဲဒီ ရုံးထဲကို ခပ်တည်တည်နဲ့ ဝင်ပြီး ဓားမြတိုက်ပါသတဲ့။
ရယ်တော့ရယ်ရတယ်။ အဲဒီမှာ လုံခြုံရေးကင်မရာ စောင့်ကြည့်တဲ့ ကောင်က CCTV ကို ကြည့်တာမဟုတ်ဘဲ ရှေ့က ဖော်ချွတ်မဂ္ဂဇင်းကို ကြည့်နေတာ။ လုံခြုံရေးအစောင့်အလုပ်ကို လုပ်နေသူအဖို့ သူ့ရဲ့ အဓိပ္ပါယ်ရှိမှုက ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပေမယ့် လုပ်နေရတဲ့ တသက်တာလုံး ဒီအဓိပ္ပါယ်အတိုင်း ခရီးဆက်နေရင်တော့ ဘဝက အချည်းနှီးသာတည်းလို့ ငြီးငွေ့နိုင်ကောင်းပါတယ်။ ဆိုတော့ အဲဒါတွေကို ပြောင်းလဲနိုင်ဖို့ ညစ်ညမ်းမဂ္ဂဇင်းတွေကို ငေးကြည့်ရတယ်။ ဟော်မုန်းတွေကို နိုးကြားစေရတယ်။ အခုတော့ သူ့ဘဝက ပိုလို့ ပြည့်စုံမှန်း သိသွားပြီ။ မိန်းမတယောက်က ဓားမြလာတိုက်တာ ခံလိုက်ရလို့။ ကြည်ကြည်ဖြူဖြူနဲ့ပဲ လိုချင်သမျှကို ပေးပေးလိုက်ပါသတဲ့။ ဟုတ်တယ်မလား။ လက်တွေ့ဘဝကြီးဆိုတာက ကိုယ်ထမ်းတိုင်းလည်း ပြိုယိုင်မသွားတော့ဘဲ တည့်မတ်ရတဲ့ အရာရယ်လို့ ရှိမှ မရှိနိုင်တာ။ ဓားမြလာတိုက်တဲ့ သူကတော့ တပ်မက်မှုအပြည့်နဲ့ ကြည့်နေတဲ့ သကောင့်သားကို ငွေစက္ကူတအုပ် ပစ်ပေးခဲ့ပြီး အသာလစ်လာခဲ့တာပဲ။
အဓိကကတော့ ဘတ်တီ ပျော်ဖို့ပဲလေ။ သူမရဲ့ တစက်ကလေးမှ ရယ်တယ်မထင်ရတဲ့ နှုတ်ခမ်းထူထူထဲထဲကလေးထဲက မညီမညာပေါက်နေတဲ့ သွားဖြူဖြူကလေးတွေ လှစ်ခနဲ ပေါ်လာတဲ့အထိ ရယ်သလိုလို ငိုသလိုလို မြင်ရဖို့ လုပ်ဆောင်ပေးရဖို့က ကောင်းကင်ကြီးကို ထမ်းတင်လာရမယ် ဆိုလည်း ကြိုးစားကြည့်မိမှာပဲ။ ဘာလို့ဆိုတော့ ဘဝကို စာလုံးပေါင်းကြည့်တိုင်း လေဟာပြင်နယ် အလွတ်ကြီးပဲလို့ မြင်သိခဲ့တဲ့ သူ့ထံကို ဒီကောင်မလေးကပဲ သာနေတဲ့ ကြယ်ပျိုးခင်းတွေ၊ ပုဇွန်ဆီရောင်သမ်းနေတဲ့ ညနေဝါဝါတွေကို သယ်ပေးလာခဲ့တာမို့လို့။
ပြင်သစ်က အစုတ်ပြတ်ဆုံးနေရာလို့ ပြောလို့ရတဲ့ ကမ်းခြေတနေရာမှာ အိမ်အစုတ်၊ ဘဝအစုတ်နဲ့ မျောနေတဲ့ နေရာဆီကို ဒီကောင်မလေး ရောက်လာပုံကလည်း ဆိုင်းမဆင့်၊ ဗုံမဆင့်ပါဘဲ။ အိမ်ထဲကို လာတယ်။ ဘယ်ကိုမှ မသွားတော့ဘူးတဲ့။ အချစ်ဆိုတာ ရမ္မက်ကြောင့် ဖြစ်တာလား။ ရမ္မက်ရှိလို့ပဲ အချစ်ရှိရတာလား။ စဉ်းစားဖို့ အချိန်မရခဲ့ပါဘူး။ နွေးထွေးတဲ့ အနမ်းတွေကို ငံ့လင့်နေဟန်ရှိတဲ့ သူမကို ပြင်းပျစွာ နမ်းရင်း အချစ်ကမ္ဘာကြီးထဲကို အရုပ်ကြိုးပြတ်သွားခဲ့ကြတယ်။ တရက်ရက်တော့ ဒီကောင်မလေးကလည်း ထွက်သွားမယ်လို့ မှတ်ထင်ထားပြီးတဲ့ အတွေးတွေလည်း ရှိနေခဲ့ပြီးသားပါ။ ကားအစုတ်ကြီးတစင်းနဲ့ ကြုံရာကျပန်း လုပ်ကိုင် ရပ်တည်နေရတဲ့ သူလို လူအနားကို ဘယ်လိုမိန်းမမျိုးကမှ ရောက်လာမှာ မဟုတ်ဘူး။ ခုတော့လည်း ဖြစ်လာတာပဲ။
ကောင်မလေးနာမည်က ဘတ်တီတဲ့။ အသက်က ဆယ့်ကိုးနှစ်လောက် ရှိသေးတယ်။ ငယ်ဂုဏ်ကြောင့်သာ လှ‌သယောင် ထင်ရတာ။ နေပုံထိုင်ပုံက လုံးဝမှဆွဲဆောင်မှု မရှိ။ အသံဂျမ်းထော်နဲ့ တကယ့်ဗရုတ်။ သို့ပေတဲ့ အသားကလေးကတော့ ဖြူဖြူမွတ်မွတ်ကလေး ရှိ‌နေတာနဲ့ တပ်မက်ဖွယ် အလှကောက်ကြောင်းကလေးတွေ ရှိတာကလွဲလို့ မြို့ကြီးသူတွေလို ဆိုက်ကျ ဂိုက်ကျ နေတတ်သူလည်း မဟုတ်။ စကားတွေပြောရင်လည်း တောင်စဉ်ရေမရ၊ ရယ်လိုက်ရင် ပိုဆိုး။ တစက်ကလေးမှ မိန်းကလေးပုံလည်း မပေါက်။ ဒီလို ဘာတခုမှ မပြည့်စုံတဲ့ မိန်းကလေးကို ချစ်မိသွားတာဟာ ဘာကြောင့်လဲ သူမဆန်းစစ်နိုင်။ ဒီအတိုင်းပဲ တပ်မက်မှုများနဲ့ အတူအိပ်မိကောင်း အိပ်မိမယ်။ အတူနေလို့ အနည်းငယ်ကြာလာတဲ့ အခါ ကိုယ်စီ ငြီးငွေ့မှုတွေ ပြန်ဖြစ်လာပြီး ကိုယ်ပိုင်ဘဝထဲကို ပြန်သွားကောင်း ပြန်သွားမယ်။ သူနဲ့ငါနဲ့ ရက်သတ္တပတ် ခုနစ်ခုကြာမျှ ရှည်ကြာခဲ့တဲ့ ချစ်သူတွေလေ မှတ်တမ်းမှာပဲ ကျန်ရစ်ခဲ့ကြမယ်ပေါ့။
ဘတ်တီကိုကျတော့ ဒီလို မဟုတ်။ ဒီကောင်မလေးက သူဘာလိုအပ်နေတာ။ သူလိုချင်တဲ့ နွေးထွေးမှုဆိုတာဟာ ဘယ်လိုဆိုတာကို ဘတ်တီက ‌အထူးတလည် အလိုက်တသိ လုပ်ပြနေတာလည်း မဟုတ်ဘဲနဲ့ သိမိသွားခဲ့တာမျိုးပါ။ သူက တချိန်က စာတွေရေးခဲ့တယ်။ လုံးချင်းဝတ္ထု အမျိုးအစားတွေ။ ဘယ်သူမှလည်း ဖတ်မကြည့်ခဲ့။ ဘယ်ကိုမှ ပြဖို့လည်း ဆန္ဒမရှိခဲ့။ အဲဒါတွေကို သေတ္တာထဲ ထည့်ထားပြီး ဘဝကို ကြုံသလို ရေစုန်မျောနေတာ။ အခု ဘတ်တီနဲ့ကျမှ ကောင်မလေးက သူရေးထားတဲ့ စာမူထုပ်ကြီးတွေကို တွေ့ပြီး ထုတ်ဖတ်သတဲ့။ ဖတ်ပုံက အပေါ်ယံ ဟန်လုပ်ဖတ်တာမျိုး မဟုတ်။ သူအလုပ်က ပြန်လာတဲ့တိုင်အောင် ကောင်မလေးက အလေးအပေါ့တောင် ထသွားရဲ့လား မသိဘူး။ အဲနားက မထဘဲ ဖတ်နေတာ။ ဖတ်လည်းပြီးရော သူက ကမ္ဘာကျော်မယ့် စာရေးဆရာကြီးတဲ့။ ဒါကို အောင်မြင်အောင် လုပ်ရမယ်။ လုပ်ကို လုပ်ရမယ်ဆိုပြီး ပြောပါသတဲ့။
သူ့ကို ထွေးဖက်ပြီး သူနဲ့ပတ်သက်တာမှန်သမျှ အဲဒီလောက်အထိ လေးနက်လွန်းလှတဲ့ ကောင်မလေးကို သံယောဇဉ် ငြိတွယ်လာတာ ဘယ်လောက်နွေးထွေးရတဲ့ အချစ်ရဲ့ စေစားမှုပါလဲ။ တကယ်တန်း သေချာနေထိုင်လာတော့မှ ဘတ်တီဟာ အင်မတန်မှ သနားစရာကောင်းတဲ့ ကောင်မလေး။ တခါတလေ သူမစိတ်အခန့်အသင့် မဖြစ်တဲ့ အချိန် ကြောင်ရိုင်းမလေးလို ရန်ပြုတိုက်ခိုက်ချင်တာ။ ကတောက်ကဆ ဖြစ်တာကြုံတိုင်း အရူးတယောက်ကဲ့သို့ ပြုမူတာမျိုးတွေဟာ မြင်ကြရသူအဖို့ အထင်သေးနှာခေါင်းရှုံ့စရာ ပြမူမှုတွေ ဖြစ်ပေမဲ့ ဘတ်တီကို ဒီလိုဖြစ်အောင် ဒီလောကကြီးထဲက ဒီလူသားတွေကပဲ လုပ်ပစ်ခဲ့ကြတဲ့၊ စိတ်နှလုံး နုနယ်လွန်းလှတဲ့အရွယ်ကလေးနဲ့ မမျှအောင် စိတ်ဒဏ်ရာ တနင့်တပိုးတွေက သူမကိုယ်ထဲမှာ ရှိနေတာ။
အဲဒါတွေဖိစီးလာပြီဆိုရင် ဘတ်တီမှာ ဘယ်လိုမှ မခံစားနိုင်တော့ဘူးတဲ့။ အသံတွေက နေရာတိုင်းကနေ ခေါင်းထဲမှာ လာကြားနေရပြီး ပေါက်ကွဲလုမတတ် ကိုက်ခဲလာရတယ်တဲ့။ အဲဒီလို သနားစဖွယ် ဘတ်တီ။
ဆိုတော့ ဒီလိုမိန်းကလေးမျိုးကို သေတပန်
သက်တဆုံး လက်တွဲသွားနိုင်ဖို့။ ညနေခင်းတွေတိုင်းမှာ အတူတူရှိနိုင်ဖို့။ ဘယ်လိုမျိုးပဲ ကြောင်ရိုင်းတကောင်လို သူ့ကို ကုတ်ခြစ်ရန်မူပြီး အဆုံးစွန်သော ခက်ထန်မှုတွေ ပြုလုပ်ပြုလုပ် ဒါတွေကို သည်းခံလိုက်လျောပြီး သူကလေး နာကျင်ခဲ့ရသမျှ စိတ်ဒဏ်ရာတွေ သက်သာစေဖို့က တခြားသော ဘယ်လိုအရာမျိုးတွေကမှ ဖေးကုစားပေးနိုင်ဖို့ အကြောင်းမရှိ။ ဒီအချစ်တွေ၊ နွေးထွေးမှုကို ပေးစွမ်းစေတတ်တဲ့ နားလည်နိုင်မှု အရာတွေပဲ ရှိနေမှ ဖြစ်မှာလေ။
ကမ္ဘာကျော်စာရေးဆရာဖြစ်မယ့် ကျွန်မကိုကိုကို ရှင်က စော်ကားရဲတယ်ပေါ့လေ ဆိုပြီး သူ့အလုပ်ရှင်ကို သွေးထွက်သံယို ဖြစ်တဲ့ အထိ ရန်မူသလို ။ ကိုကို ဘတ်တီရှိတယ်၊ ဘာမှမဖြစ်စေရဘူး အေးဆေး ဆိုတဲ့ သဘောနဲ့ ပါရီကို သွားဖို့ ဆွဲခေါ်တဲ့ ကောင်‌မလေး။ အလုပ်ရှင်ပေးထားတဲ့ အိမ်ကလေးကို ကို့ကိုကို စော်ကားဦးဆိုပြီးတော့ မီးနဲ့တိုက်ပစ်ခဲ့တဲ့ ကောင်မလေး။ အဲဒီလို သူ့အတွက် ရှိနေပေးခဲ့တဲ့ ကြောင်ရိုင်းမကလေးကို အရာရာမြံမြဲဖို့အတွက်ပဲ တွေးရင်း ခုလို ဘဝဆိုးကြီးထဲကို ဘာပလန်၊ ဘယ်လိုပြင်ဆင်မှုမျိုးမှ မပါပါဘဲ အချစ်တွေ သယ်ဆောင်ပြီးတော့ပဲ ခရီးဆက်ခဲ့ကြတာလေ။
ဘတ်တီကတော့ ဘတ်တီပုံစံ ဆက်ပေါက်နေတုန်းပါပဲ။ မြို့ကြီးပြကြီးထဲ တိုးဝင်လာလည်း သူမ စိတ်ဒဏ်ရာတွေကို ချန်မထားနိုင်သေးဘူး။ တခုခုဖြစ်တိုင်း ယဉ်ကျေးတဲ့ တုံ့ပြန်မှုမပြဘဲ ပိုပိုဆိုးလာတယ်။ စကားများတဲ့ သူတိုင်းကို ခက်ရင်းနဲ့ ထိုးတာမျိုး။ ဒေါသအရှိန်တွေ ပိုတက်လာရင် အခန်းထဲက ရှိသမျှ ပစ္စည်းတွေကို တခုမှ မကျန်အောင် ရိုက်ခွဲတာမျိုးတွေကို ပိုလုပ်လာတယ်။ အဲလိုကနေ လမ်းမဘက်တွေပေါ်ကို စိတ်ဝေဒနာသည်လို ထွက်ထွက်ပြေးသွားလို့ သူမှာ လိုက်လိုက်ဖမ်းရတယ် ။
ဘတ်တီ ဘယ်လောက်ဆိုးသလဲ ဆိုဗျာ။ သူ့အရေးအသားတွေကို သဘောမကျဘူး လို့ ပြောတဲ့ ပါဘလစ်ရှာကိုလည်း သွေးထွက်သံယို ဖြစ်တဲ့ အထိ ရန်မူတယ်။ သူ့မှာ ပါဘလစ်ရှာမှ တရားစွဲရင် ဒုက္ခရောက်မှာမို့ အကွက်ပြန်ဆင်ပြီး ခြိမ်းခြောက်ရတယ်။ သူ့ကိုတော့ ဘာမှ မလုပ်စေချင်ဘူးဗျာ ကျနော့်ဘဝမှာ ပိုင်ဆိုင်မှုဆိုတာလည်း သူပဲ ရှိတာမို့လိုပါတဲ့။ သူ့အတွက်တော့လေ အဲဒီ တစက်ကလေးမှ မလှပလွန်းတဲ့ ဘတ်တီရယ်တာလေးကို မြင်ရတိုင်း အတိုင်းအဆမဲ့ ထပ်တူ ပျော်ရတာ။ ဒီလို တူနှစ်ကိုယ် ထပ်တူပျော်ရတာ။ အဲဒီလို သူကလေးပျော်ရင် ဖြစ်တယ် ဆိုတဲ့ အတွေးနဲ့ ဘာမဆို လုပ်ပေးရတာဟာ၊ နောက် တခုခုလုပ်ပေးဖို့ပဲ တွေးနေမိစေတာဟာ လူ့ဖြစ်ရမှု ဘဝအတွက် ဘယ်လောက်အထိချိုမြိန်လွန်းလှတဲ့ ခံစားမှုပါလဲ။ အဲဒါဟာ ဟန်ဆောင်ပြီး လုပ်နေလို့။ ပြဇာတ်ရေးသလို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ကြိုတင် ဖန်တီးလို့ မရ။ ဒီလို ဖြစ်ဖို့၊ ဒီလို နားလည်ဖို့၊ ဒီလို သူဆိုးသမျှကို ခွင့်လွှတ်တတ်စေဖို့ အချစ်ဆိုတာကြီး ရှိနေမှ၊ အဲဒီလို ချစ်ခြင်းထုထည်ကြီး ဖြစ်ပေါ်လာဖို့ ပိုင်ဆိုင်လာဖို့ ကိစ္စကလည်း နတ်ကြီးတယ်၊ လူတသန်းမှ တယောက် ရှိနိုင်မယ် မထင်ဘူး။ ခက်တယ်။ အဲဒါကိုမှ သူတို့နှစ်ယောက်အကြားမှာ ချိတ်ငင် ရရှိရတာ။ ဆိုတော့ ဒါလေးတွေ မပျောက်ကွယ်သွားဖို့ အရေးအတွက် အချင်းချင်း ပိုချစ်ပေးရမယ်။ တယောက်လိုအပ်လာရင် တယောက်က ရှိနေပေးရမယ်။ အဆိုးတွေ လုပ်မိလည်း အပြစ်ဖို့ နောင်တရဖို့ ဖြစ်မနေရ။ ငါဘာလို့ ဒီလိုမိန်းကလေးမျိုးကို လက်တွဲမိနေတာလဲ ဆိုတဲ့ အတွေးမျိုး။ နိုးနိုး။
ဒါကလည်း စကားအရသာ ပြောရတာမျိုးပါ။ တကယ် ချစ်နေမိမှတော့ ဘယ်လို လုပ်တွေးမိမှာလဲပေါ့။ အဲဒီတော့ သူဟာ အချိန်တိုင်းပဲ ဘတ်တီကလေးကို ဘယ်လိုပျော်ရွှင်အောင် ထားရမလဲ ဆိုတာကိုပဲ အချိန်ပြည့်စဉ်းစားနေတော့တာပါတဲ့။ အဲဒါကြောင့်လည်း မိုးကောင်းကင်ကြီးတခုလုံး ထမ်းမယူလာနိုင်တာအတူတူ ‌အဲဒီ ငွေကြေးဆိုတာ‌တွေကနေ သူကလေး ပျော်ရွှင်ရစေဖို့ အတွက် အာမခံရုံးထဲဝင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဓားမြတိုက်လာခဲ့တာ ဆိုပါတော့။
ဆိုတော့ ဒါတွေဟာ သူတို့ရဲ့ ပြာ၍လွင့်သော အချစ်ကမ္ဘာကလေး ဒါမှ မဟုတ် အချစ်ပုံပြင်ကလေးဟာ ‌ကြေကွဲနာကျင်ခြင်းများနဲ့ မပြီးဆုံးသေးခင် ခဏ ဆိုပါတော့။ ဘတ်တီဆိုတဲ့ ကောင်မလေးကို အရမ်းချစ်ပေးတတ်တဲ့ သူ့ကိုယ်စား ကြည့်ရှု့နေကြသူတွေ အားလုံး လက်ခုပ်တီး မျက်ရည်ဝဲကြရင်း သူရို့ ဇာတ်လမ်းကလေးအကြောင်း ပြန်ပြောင်းပြောကြားနေကြတာတွေကို ဒီနေရာမှာပဲ ရပ်တန့် လိုက်ကြပါစို့။
( ရုပ်ရှင် ရည်ညွှန်း – 1986 ထုတ် Betty Blue လို့ အမည်သညာရှိတဲ့ ပြင်သစ်ရုပ်ရှင်ဟာ ဖန်တီးသူ ဒါရိုက်တာ Jean-Jacques Beineix အတွက် အခမ်းနားဆုံး လက်ရာရှည် ဖြစ်စေပြီး အဲဒီနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ပြင်သစ်ရုပ်ရှင်ထဲမှာပါခဲ့တယ်။ ထို့အတူ ယင်းနှစ်အတွက် အော်စကာမှာလည်း Best Foreign နေရာကနေ ဆန်ကာတင်ခဲ့ပါတယ်။ သုံးနာရီကျော် ရှည်လျားတဲ့ ဒီရုပ်ရှင်ဟာ ပထမ Version မှာတော့ ကော်မရှယ်သဘောအရ တနာရီကျော်နီးပါး ပြန်လည် တည်းဖြတ်ခဲ့ရပြီး Director’s Cut မှာတော့ သူပြချင်တဲ့ အလုံးစုံသော ရုပ်ရှင်လက်ရာကို ပြန်မြင်ရမှာ ဖြစ်ပြီး ကျယ်ဝန်းပြီးပြည့်စုံ လှတဲ့ အချစ်ပန်းချီကားတခုကို ရှု့စားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်း သဘော အနှစ်ချုပ်ဟာ စိတ်ဒဏ်ရာတွေရနေရှာတဲ့ မြီးကောင်ပေါက်မလေးကို ချစ်မိသူတယောက်ရဲ့ ဘဝကို ဖော်ပြတာ ဖြစ်တယ်။ ကောင်မလေးက အဲဒီလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိပေမဲ့ အပြည့်အဝ နားလည်ခွင့်လွှတ်ပြီး ဘဝကို ရှေ့ဆက်နိုင်ဖို့ ကြိုးစားကြပုံ၊ ပါရီဘက်က ကြည်နူးရယ်ရွှင်ဖွယ်ရာ ဘဝတွေကနေ အဆုံးမှာ အချစ်ပျောက်ရှကြရမှုတွေ အကြောင်းကို တလုံးတဝကြီး မြင်ကြရမယ့် အချစ်ကြောင်းကို အခြေခံထားတဲ့ ရုပ်ရှင်ကားရှည်ဖြစ်ပါတယ်။ နှလုံးကွဲကြေထားတဲ့ ဒဏ်ရာများနဲ့ လူတွေအဖို့ ကြည့်ရန်မသင့်ကြောင့် သတိပေးဆိုင်းဘုတ်လေး ထည့်ပေးလိုပါတယ်။ ချစ်တတ်ကြဖူးသူတွေဆိုရင်ပေါ့ )
.

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment