ပြိုင်တူညီညီ တွန်းကြပါစို့

“ပြိုင်တူညီညီ တွန်းကြပါစို့”

■ အယ်ဒီတာ့စကား

၂၀၂၃ ခုနှစ်အတွင်း ဝင်လာသည်ဆိုကတည်းက “စစ်ခွေးနိဂုံး ၂၀၂၃” ဆိုသည့် ကြွေး​ကြော်သံကို ခပ်စိတ်စိတ် တွေ့လာရသည်။ ၂၀၂၃ အတွက် အောင်ပွဲခေါ်သံအဖြစ် The Call က မှတ်ယူသည်။

အောင်ပွဲခေါ်သံအဖြစ် ရဲရဲ မှတ်ယူနိုင်စေသည့် ကြက်သီးထဖွယ် ရဲရင့်မှုကိုလည်း နိုင်ငံတဝန်း ဒေသစုံရှိ လူထုက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ခိုင်မာပြတ်သားစွာ ပြသခဲ့ကြသည်။

ခေါင်းရွက်ဗျပ်ထိုး တနေ့လုပ်တနေ့စား သာမန်လူတန်းစားများပါမကျန် အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲပြီး လမ်းကြိုလမ်းကြားများသာမက လမ်းမကြီးများကိုပါ စစ်အာဏာရှင်တို့ သည်းခြေပျက် ထိတ်လန့်ဖွယ် တိတ်ဆိတ်ခြောက်ကပ်သွားစေခဲ့သည်။ မြန်မာလူထု၏ နိုင်ငံရေးရေချိန်ကို မည်သူမျှ မှန်ကန်စွာ ခန့်မှန်းတွက်ချက်နိုင်ခြင်း မရှိခဲ့ဖူးသည့် အစဉ်အလာကို ယခုတကြိမ်တွင်လည်း လူထုက ဆက်လက် ထိန်းသိမ်းပြလိုက်သည်။

ခုခံတွန်းလှန်စစ်၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍လည်း ခန့်မှန်းတွက်ချက်ရန် မဖြစ်နိုင်တော့သည်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကြားသိခဲ့ရသည့် သတင်းတပုဒ်က ညွှန်ပြနေသည်။

၎င်းနေ့ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီး တိုက်ပွဲအတွင်း စစ်ရဟတ်ယာဉ်တစီးကို မဟာမိတ် တပ်ပေါင်းစုများက ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့သည့်အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း စစ်တပ်နှင့် ပျူစောထီး အယောက် ၂၀ ခန့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် တွေ့ရသလို တန်ဖိုးရှိလှသည့် ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦး အသက်ပေးသွားသည်ကိုလည်း ဝမ်းနည်းစွာ သိခဲ့ရသည်။
အသက်ခန္ဓာပေးဆပ်၍ စွန့်လွှတ်စွန့်စားသွားသည့် ပြည်သူ့ရင်သွေး ရဲဘော်နှစ်ဦးကို The Call က အလေးအမြတ် ဦးညွှတ် ဂုဏ်ပြု မှတ်တမ်းတင်ပါသည်။

အသံတိတ်သပိတ်ကြောင့် တုန်လှုပ်ခြောက်ခြားနေသည့် စစ်အုပ်စုအတွက်ကား ညဘက် အိပ်မပျော်စေမည့် သွေးပျက်ဖွယ် အိပ်မက်ဆိုးတခု ထပ်တိုးစေခဲ့ပြီဖြစ်သည်။ စစ်အာဏာသိမ်းမှုကို ကျားကန်ပေးနေသည့် စစ်တပ်တွင်းက အရာရှိ အရာခံ အကျပ် တပ်သားများအနေဖြင့်လည်း အိပ်မက်ဆိုးမှ နိုးထနိုင်ရန် ယခုထက် အချိန်အခါသင့်သည့်ကာလ မရှိတော့ပေ။ CDM လုပ်ခြင်း၊ ဖရဲသီးလုပ်ခြင်း စသည့် အခွင့်အလမ်းတခုခုကို အချိန်မနှောင်းမီ အမိအရ ဆုပ်ကိုင်ကြရန် The Call က အထူး တိုက်တွန်းလိုက်သည်။

စစ်အာဏာသိမ်း နှစ်နှစ်ပြည့်ကာလ နိုင်ငံတကာ၏ အရေးယူ ဆောင်ရွက်ချက်များသည်လည်း လူထုနှင့် တော်လှန်ရေးအင်အားစုများ၏ မဆုတ်မနစ် စွန့်လွှတ် စွန့်စား အားထုတ် ကြိုးပမ်းမှု အတိုင်းအတာ ပမာဏနှင့် နှိုင်းယှဉ်၍မရသော်ငြား စစ်အုပ်စု အလေးမထား၍ မရလောက်အောင် တဆင့်ထက်တဆင့် တိုးမြင့်လာသည်ကို မျက်ဝါးထင်ထင် တွေ့နေရသည်။

အာဏာသိမ်း နှစ်နှစ်ပြည့်ကာလ နိုင်ငံတကာ၏ ကတိပေး ပြောဆိုချက်များ လက်တွေ့ဖြစ်လာစေရန် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ မြန်မာ့အရေး အားပေးထောက်ခံသည့် အင်အားစုအသီးသီးက ဆက်ပြီး တွန်းအားပေးသွားမည်ဟုလည်း The Call က အခိုင်အမာ ယုံကြည်သည်။

တော်လှန်ရေးတရပ်အနေဖြင့် “၁-ရန်သူ့ဘက်မှ မိမိဘက်သို့ ကူးပြောင်းမှု (Defection)၊ ၂-နိုင်ငံတကာဖိအား (International Pressure)၊ ၃-လူထုစွမ်းအား (People Power)” ဟူသည့် အခြေအနေသုံးရပ်ဖြင့် ပြည့်စုံလျှင် အောင်မြင်မှုရမည်ဟု ဒေါက်တာမီမီဝင်းဘတ်က ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောသွားသည်ကို မှတ်သားခဲ့ဖူးသည်။ သူက DIP ဟု အတိုကောက် ကင်ပွန်းတပ်သည်။

မြန်မာ့နွေဦးတော်လှန်ရေးသည်ကား ဤအခြေအနေသုံးရပ်ဖြင့် ပြည့်စုံတန်သလောက် ပြည့်စုံနေပြီဖြစ်သည်ကို မည်သူမျှ ငြင်းချက်ထုတ်နိုင်မည် မဟုတ်ပေ။ ပိုမိုပြည့်စုံနိုင်မည့် အလားအလာ အခင်းအကျင်းများလည်း အစုံအလင်ရှိနေပြီဖြစ်သည်။

ထို့အပြင် ဤအခြေအနေ သုံးရပ်ထဲတွင်မပါသည့်၊ ထပ်ဆောင်း အားသာချက်တခုဖြစ်သည့် ခုခံတွန်းလှန်ရေး အင်အားကလည်း ပို၍သာ အားကောင်းလာဖွယ်ရာရှိသည်။

DIP+ထပ်ဆောင်းအင်အားကို မည်သူမျှ ရပ်တန့်နိုင်မည်မဟုတ်။
နွေဦးတော်လှန်ရေး အောင်မြင်မှုကို မည်သူမျှ တားဆီးနိုင်မည်မဟုတ်။

“စစ်ခွေးနိဂုံး ၂၀၂၃”ဟူသည့် ကြွေး​ကြော်သံအတိုင်း လက်တွေ့ဖြစ်လာစေရေး ပြိုင်တူညီညီ တွန်းကြရန်သာ လိုအပ်ပါကြောင်း The Call က တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

About The Call 716 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*