
”ပြောင်းလဲနေတဲ့ကမ္ဘာ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
ကျော်ဇောခိုင်
၁၉၄၅ ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရိကန်ဟာ ဥရောပ ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်ချက်နှစ်ခုနဲ့ မာရှယ်စီမံကိန်းကိုစတယ်။ ပထမရည်ရွယ်ချက်က အနောက်ဥရောပကို ကွန်မြူနစ်စနစ် ဝင်မလာအောင် (စီးပွားရေးအရ ပံ့ပိုးပေးရင်း) တားထားဖို့ဖြစ်ပြီး ဒုတိယရည်ရွယ်ချက်က စစ်အတွင်း ကျယ်ပြန့်လာတဲ့ အမေရိကန်စီးပွားရေးကို ပြန်ကျမသွားဖို့နဲ့ ဆက်လက် ချဲ့ထွင်နိုင်ဖို့ဖြစ်တယ်။
အမေရိကန် မာရှယ်ပလန်ကို အစပြုတော့ စတာလင်က အရှေ့ဥရောပနဲ့ ဥရောပအလယ်ပိုင်းကို သြဇာချဲ့ထွင်ဖို့ တန်ပြန်တယ်။ စစ်အေး (Cold War) ဟာ ဒုတိယကမ္ဘာစစ်ပြီးတာနဲ့ တဆက်တည်းလိုလို ဥရောပမြေကိုအခြေခံတဲ့ ပထဝီနိုင်ငံရေးနဲ့အတူ ထွက်ပေါ်လာတာဖြစ်တယ်။
‘အမေရိကန်တွေသုံးတဲ့ ဘဏ်နဲ့ ဖန်’
မာရှယ်စီမံကိန်းမှာ အဓိကအသုံးပြုတဲ့ အဖွဲ့အစည်းနှစ်ခုက ကမ္ဘာ့ဘဏ် (World Bank) နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF – International Monetary Fund) ဖြစ်တယ်။ ကမ္ဘာ့ဘဏ်က စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေးအတွက် ငွေချေးပေးဖို့ဖြစ်ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က နိုင်ငံတကာကုန်သွယ်ရေးကို အထောက်အပံ့ပေးဖို့ပဲ။ WB ကော IMF ကောဟာ စစ်အတွင်း ၁၉၄၄ ဘရက်တန်ဝုဒ် အစည်းအဝေးရဲ့ ရလဒ်တွေလည်းဖြစ်တယ်။ ဘရက်တန်ဝုဒ် သဘောတူညီချက်ဆိုတာမှာ စစ်ပြီးခေတ် ကမ္ဘာ့စီးပွားရေးအတွက် အမေရိကန်ဒေါ်လာကို အခြေခံ မောင်းနှင်ဖို့ဖြစ်တယ်။ ဒေါ်လာနဲ့ရွှေလဲနှုန်းကို အသေချိတ်ဆက်ထားပြီး တခြားနိုင်ငံတွေရဲ့ငွေတွေနဲ့ ဒေါ်လာလဲနှုန်းကို ပြန်ချိတ်ဆက်ထားတဲ့ ပုံစံဖြစ်တယ်။
ဒီတော့ စစ်အေးကို လွယ်အောင် အနှစ်ချုပ်ပြောရရင် အမေရိကန်နဲ့ ဆိုဗီယက်နှစ်နိုင်ငံရဲ့ အိုင်ဒီယော်လော်ဂျီနှစ်ခု နိုင်ငံရေးသဘောတရားတွေ ယှဥ်ပြိုင်ကြတာဖြစ်ပေမယ့် တကယ်တော့ နိုင်ငံရေးပြိုင်ဆိုင်မှုရဲ့အောက်မှာ အထိုင်ချထားတဲ့ စီးပွားရေးစနစ်တွေနဲ့ အင်စတီကျူးရှင်းတွေရဲ့ ပြိုင်ဆိုင်မှုလို့လည်း ပြောနိုင်တယ်။ ဒါကြောင့် ၁၉၈၉ မှာ ဘာလင်တံတိုင်းပြိုပြီး စစ်အေးပြီးတော့ အရင်းစနစ်ရဲ့ စျေးကွက်စီးပွားရေးနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးစနစ်က ကွန်မြူနစ်ရဲ့ ဗဟိုဦးစီးတဲ့ စီမံကိန်းစနစ်ကို အနိုင်ရသွားတယ်လို့ ပြောကြတာဖြစ်တယ်။
ဒီနေ့ခေတ်အခြေအနေတွေကို ပြန်ကြည့်တော့ စျေးကွက်ဟာ ကုန်သွယ်ခွန်တွေကောက်ခံလို့ မလွတ်လပ်တော့ဘူး (Free Trade မဟုတ်တော့ဘူး) လို့ ဆိုနိုင်လာတယ်။ ဒါပေမယ့် အမေရိကန်တွေ တကယ်စိုးရိမ်ခဲ့တဲ့ အနောက်ဥရောပကို ကွန်မြူနစ်သြဇာချဲ့ထွင်မှာ (တနည်း ဆိုဗီယက်တွေ အနောက်ဥရောပကို စစ်ရေးအရဝင်ရောက်သိမ်းပိုက်မှာ) ကို စိုးရိမ်ခဲ့ရမှုဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ မဖြစ်နိုင်တော့တာ တွေ့ရတယ်။ စစ်အေးဟာ စီးပွားရေးအရ အဖြေပေါ်ခဲ့တာ လွန်ခဲ့တဲ့ ၃၅ နှစ်လောက်ကဖြစ်ပေမယ့် စစ်ရေးအရအဖြေကို ခုမှ ထင်ရှားစွာတွေ့ရတယ်လို့ ပြောနိုင်တယ်။ ရုရှားဟာ အနောက်ဥရောပကို ဝင်တိုက်ဖို့မပြောနဲ့ ယူကရိန်းကို အနိုင်တိုက်ဖို့ကို မဖြစ်နိုင်တော့ဘူး။
ဒါဟာ ၂၀၂၁ မှာ မြန်မာစစ်တပ်ကသာ အာဏာမသိမ်းခဲ့ရင် စစ်တပ်ဟာ ဘယ်တိုင်းရင်းသား နယ်မြေတွေကိုမဆို အလွယ်နဲ့ နိုင်အောင် တိုက်နိုင်ပါတယ်ဆိုတဲ့ အထင်ကြီးမြင့်မှုကြီး ကွယ်ပျောက်သွားတာနဲ့ သဘောချင်းအတူတူပဲဖြစ်တယ်။ စစ်အာဏာရှင်စနစ်ဟာ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆုတ်ယုတ် ကျဆင်းစေတဲ့နည်းတူ ခေတ်မီစစ်တပ်တခုမှာ ရှိရမယ့် အဖွဲ့အစည်းပိုင်းဆိုင်ရာ တည်ဆောက်မှုနဲ့ စစ်ရေးစွမ်းရည်တွေ အားလုံးကို ပျက်စီးစေခဲ့တယ်လို့ ကောက်ချက်ချနိုင်မှာလည်းဖြစ်တယ်။
‘အရှေ့အလယ်ပိုင်းနိုင်ငံရေး’
အစ္စရေးလ်ကို ဟားမားတွေ ဝင်တိုက်တဲ့ ၂၀၂၃ အောက်တိုဘာဟာ ၁၉၇၃ အောက်တိုဘာ အရှေ့အလယ်ပိုင်းစစ်ရဲ့ အဆက် (နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်) ဖြစ်တယ်။ အီဂျစ်က တဘက်မှာ ဆူးအက်တူးမြောင်းကိုဖြတ်ပြီး ဆိုင်းနိုင်းကျွန်းဆွယ်ကို ဝင်တိုက်သလို တဘက်မှာ ဆီးရီးယားက ဂိုလန်ကုန်းမြင့်ကို ဝင်တိုက်တယ်။ (မှတ်ချက် – ဆိုင်းနိုင်း၊ ဂိုလန်နဲ့ အနောက်ဘက်ကမ်းခြေတို့ကို အစ္စရေးလ်က ၁၉၆၇ ခြောက်ရက်စစ်ပွဲမှာ သိမ်းယူခဲ့တာဖြစ်တယ်)။
ဆိုဗီယက်က ၁၉၇၃ စစ်ပွဲမှာ အီဂျစ်နဲ့ ဆီးရီးယားကိုလက်နက်ထောက်ပံ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အခြေအနေမဟန်လို့ အမေရိကန်နဲ့ညှိပြီး စစ်ပြေငြိမ်းခဲ့တယ်။ ဒီစစ်ပွဲရဲ့ အဓိကသက်ရောက်မှုက ကမ္ဘာ့စီးပွားရေးကို အမြဲလို ခြောက်လှန့်ခဲ့တဲ့ ရေနံထုတ်လုပ်မှု ဖြတ်တောက်ခြင်းနဲ့ တင်ပို့မှုကို ပိတ်ဆို့ခြင်း (Oil embargo) ကို ဖြစ်စေခဲ့တယ်။ အမေရိကန်က အစ္စရေးလ်ကို ထောက်ပံ့ပေးလို့ အာရပ်နိုင်ငံတွေပေါင်းပြီး ရေနံထုတ်လုပ်မှုကို လျှော့ချခဲ့တာဖြစ်တယ်။ ရေနံစျေး အဆမတန် မြင့်တက်ခဲ့လို့ ၁၉၇၃ ရေနံအကျပ်အတည်းလို့ နာမည်တွင်တယ်။ ဒီပြဿနာဟာ ၁၉၇၁ နစ်ဆင်လက်ထက် ဒေါ်လာကို ရွှေနဲ့ ချိတ် ဆက်ထားမှုကို ပျက်စေခဲ့တဲ့နောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ ဘရက်တန်ဝုဒ် စီးပွားရေးစနစ်ရဲ့ အကျကို အဆင်းမှာ ဘီးတပ်ပေးလိုက်သလိုဖြစ်တယ်။ အနောက်ကမ္ဘာရဲ့ စစ်ပြီးခေတ် စီးပွားရေးရွှေခေတ်ဟာ ၁၉၇၀ ပြည့်နှစ်တွေမှာ စတင် ကျပ်တည်းလာခဲ့ပြီး ဘရက်တန်ဝုဒ်ရဲ့ ဒေါ်လာအခြေခံစနစ်ဟာ တဝက်ပျက်သွားတယ်လို့ ပြောရမှာဖြစ်တယ်။
ဒီ ဒေါ်လာစနစ်အပျက်ဟာ ဒေါ်လာကို ရွှေနောက်ခံမထားဘဲ ကြိုက်သလောက် ရိုက်ထုတ်ပြီး စီးပွားရေးလုပ်စေခဲ့တဲ့ အမေရိကန် ငွေကြေးပေါ်လစီကို ဦးတည်စေခဲ့တယ်။ ဒီကနေ့ ထရမ့်လျှော့ချဖို့ ကြိုးစားနေတဲ့ အမေရိကန် ဘွန်းစျေးကွက်နဲ့ ဘတ်ဂျက်လိုငွေပြမှုရဲ့ အစပဲဖြစ်တယ်။ ၁၉၇၃ ရေနံပြဿနာအကျပ်အတည်း နောက်ဆက်တွဲကို အဓိကဖြေရှင်းဖို့ ကြိုးစားတဲ့ အဖွဲ့အစည်းနှစ်ခုက အထက်မှာပြောခဲ့တဲ့ WB နဲ့ IMF ဖြစ်တယ်ဆိုပေမယ့် ဒီစီးပွားရေးအကျပ်အတည်းဟာ ရေဂင်နဲ့ မာဂရက်သက်ချာ လက်ထက်တွေဖြစ်တဲ့ ၁၉၈၀ နောက်ပိုင်းမှာမှ သက်သာရာရခဲ့တာဖြစ်တယ်။
စီးပွားရေးထွက်ပေါက်ဟာ နီရိုလစ်ဘရယ်တွေရဲ့ သဘောတရားဖြစ်တဲ့ စျေးကွက်ကို အစွမ်းကုန်ဖွင့်ပေးရာက လာတာမို့ ငွေကြေးသဘောတရားက အစဥ်အလာ စီးပွားရေးသဘောတရားဖြစ်တဲ့ ဝယ်လိုအား ရောင်းလိုအားတွေထက် ပိုအရေးပါတယ်ဆိုတဲ့ နီရိုလစ်ဘရယ်ခေတ်သစ်ကို ရောက်ရှိလာခဲ့တာ ဖြစ်တယ်။ ဒါကပဲ ဒီကနေ့ ထရမ့်အစိုးရစိုးရိမ်နေတဲ့ အမေရိကန် ဘတ်ဂျက်လိုငွေကို အစွမ်းကုန် မြှင့်တင်ပေးခဲ့တာဖြစ်တယ်။
‘စွမ်းအင်လုံခြုံရေး’
၁၉၄၄ ဘရက်တန်ဝုဒ်မှာ အမေရိကန်ရဲ့ ဒေါ်လာကို ကမ္ဘာ့အရံငွေအဖြစ် လက်ခံသုံးစွဲစေဖို့အတွက် အမေရိကန်က တာဝန်ယူပေးခဲ့ရတာ တခုရှိတယ်။ အဲဒါက ကမ္ဘာ့ကုန်သွယ်ရေး ရေလမ်းကြောင်းရဲ့ လုံခြုံရေးကို အမေရိကန်ရေတပ်က တာဝန်ယူပေးဖို့ဖြစ်တယ်။ အဓိကမှာတော့ ကမ္ဘာ့ ရေနံ ရောင်းဝယ်ဖောက်ကားမှုတခုလုံးမှာ ကုန်သွယ်ရေးလမ်းကြောင်းကို အမေရိကန်ရေတပ်က လုံခြုံရေး ယူပေးရတာဖြစ်တယ်။ ရေနံအရောင်းအဝယ်အားလုံးဟာ စျေးသတ်မှတ်မှုကစလို့ ငွေပေးချေမှု အားလုံးကို ဒေါ်လာကို ကြားခံအသုံးပြုတယ်။
ဒါပေမယ့် ၁၉၇၃ ရေနံအကျပ်အတည်းကနေ အမေရိကန်တွေရခဲ့တဲ့ သင်ခန်းစာက စွမ်းအင်လုံခြုံရေးပါ။ ကိုယ်သုံးစွဲမယ့် စွမ်းအင်လောင်စာကို ကိုယ်တိုင် တူးဖော် ထုတ်လုပ်နိုင်ဖို့ဖြစ်တယ်။ ဒီမောင်းနှင်အားဟာ နောက် နှစ်ပေါင်း ၃၀ ကျော်ကြာတော့ သဲကျောက်လွှာထဲမှာ ခိုအောင်းနေတဲ့ ရေနံကို စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ နည်းပညာ (water cracking) ကို အမေရိကန်တွေ ရခဲ့တယ်။ ၂၀၁၀ နောက်ပိုင်းမှာ အမေရိကန်ဟာ ကိုယ်သုံးစွဲတဲ့ ရေနံပမာဏထက် ပိုထုတ်လုပ်နိုင်တဲ့ အခြေအနေထိ တိုးတက်လာခဲ့တယ်။ ဒီအခြေအနေဟာ အမေရိကန်တွေရဲ့ ရေနံတင်ပို့ရောင်းချနေတဲ့ ကုန်သွယ်ရေးလမ်းကြောင်း တခုလုံးကို ကာကွယ်ပေးဖို့မလိုတဲ့ နိုင်ငံခြားရေးပေါ်လစီတခုကို ဦးတည်စေခဲ့တယ်။
အိုဘားမား သမ္မတသက်တမ်း ရှစ်နှစ်တာကာလ (၂၀၀၉ ဇန် – ၂၀၁၇ ဇန်) မှာ ဟီလာရီကလင်တန်ကော အိုဘားမားကော ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ခဲ့တယ်။ အမေရိကန် နိုင်ငံခြားရေးပေါ်လစီရဲ့ အာရှဗဟိုပြုမှုနဲ့ ဘိုင်ဒင်သက်တမ်းအတွင်း အာဖဂန်က အမေရိကန်တပ်တွေအားလုံး ပြန်ရုပ်ခဲ့တာဟာ စွမ်းအင်လုံခြုံရေးပေါ်လစီ အပြောင်းအလဲကနေ လာတယ်။
( နောက်တပတ် ဆက်ရန်… )
Be the first to comment