
“ပြောင်းလဲနေတဲ့ကမ္ဘာ – ၂”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
‘နိုင်ငံခြားရေးပေါ်လစီ’
အမေရိကန်သမ္မတအသစ် ပြောင်းလဲတိုင်း သူတို့ရဲ့ နိုင်ငံခြားရေးပေါ်လစီတွေကို သမ္မတသက်တမ်းရဲ့ အစပိုင်းမှာ တရားဝင် ထုတ်ဖော်ပြောကြားလေ့ရှိတယ်။ ဘိုင်ဒန်လက်ထက်က နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဘလင်ကန်က အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီကို အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့တာ တွေ့ရတယ်။ ထရမ့်တက်လာတော့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ၂၀၂၅ ဇန်နဝါရီ ၂၂ မှာ ထရမ့် ဒုတိယသက်တမ်းရဲ့ ဦးစားပေးတွေနဲ့ ဆောင်ရွက်သွားမယ့်ကိစ္စတွေကို သတင်းထုတ်ပြန်ခဲ့တာ တွေ့ရတယ်။
နိုင်ငံခြားရေးပေါ်လစီနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်မှာ ရူဘီယိုက သမ္မတကိုယ်တိုင် သူ့ကိုလမ်းညွှန်တဲ့ အချက်ရှိတယ်။ တခုခုလုပ်မယ်ဆိုရင်မေးခွန်း ၃ ခု မေးပါတဲ့၊ ဒါလုပ်ရင် အမေရိကန်လုံခြုံရေး ပိုကောင်းလာမလား၊ အမေရိကန် ပို အင်အားတောင့်တင်းလာမလား၊ ပိုပြီး ကြွယ်ဝချမ်းသာလာမလား ဆိုတာတွေဖြစ်တယ်။ အတိုချုပ်ပြောတော့ အမေရိကန် ပိုပြီးလုံခြုံ၊ တောင့်တင်းခိုင်မာပြီး ကြွယ်ဝချမ်းသာလာမယ့်ကိစ္စတွေကို ဦးစားပေးလုပ်ဖို့ ဆိုတာပဲဖြစ်တယ်။
ခုဖော်ပြထားတာတွေဟာ ရိုးစင်းတယ် (ပညာမပါဘူး)၊ ကိုယ်ကျိုးကြည့်တယ် (ကမ္ဘာကြီးရဲ့ အကျိုးစီးပွားကို မကြည့်ဘူး) လို့ ပြောလို့ရပေမယ့် နိုင်ငံခြားရေးပေါ်လစီတွေ ဆိုတာဟာ အခြေခံမှာ ခုလို ရှင်းလင်းနေဖို့လိုမယ်လို့ ယူဆရတယ်။
ကိုယ့်ပေါ်လစီဟာ လူကြားကောင်းရုံလောက်ဖြစ်ပြီး တကယ်လက်တွေ့ ဘယ်လိုဆောင်ရွက်ရမလဲ မသဲကွဲတာမျိုးတွေက အလုပ်မဖြစ်တာ တွေ့ရတယ်။
သူ့ထုတ်ပြန်ချက်ထဲမှာ ရူဘီယို ဆက်ပြောထားတာက ဒီ့အတွက် ပထမဆုံး အစုလိုက်အပြုံလိုက် အမေရိကန်နိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်မှုတွေကို တားရမယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် လုပ်ငန်းခွင်တွေမှာ တော်ရင်တော်သလို ချီးမြှောက်ရမယ်၊ မတူကွဲပြားမှု၊ ညီမျှမှု၊ အားလုံးပါဝင်နိုင်မှု စတဲ့ ဒီအီးအိုင်အေလိုအပ်ချက် (D – Diversity, E – Equity, I – Inclusive, A – Accessibility) တွေကို ပယ်ဖျက်ရမယ်။ (Dhaka Principles လို့သိကြတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ရပိုင်ခွင့်တွေကို ငြင်းဆိုတဲ့သဘောဖြစ်တယ်)။
နောက်တချက်က အမေရိကန်တွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ကာကွယ်ဖို့လို့ ဖော်ပြတယ်။ တိုင်းပြည်ရဲ့ ရပိုင်ခွင့်တွေနဲ့ အကျိုးစီးပွားတွေကို (တခြားနိုင်ငံတွေရဲ့ ရပိုင်ခွင့်နဲ့ အကျိုးစီးပွားတွေကို အလေးအနက်ပြုရင်း) ဦးစားပေး ဆောင်ရွက်မယ်လို့ဆိုတယ်။ နောက်ဆုံးမှာတော့ အမေရိကန်ရဲ့ စွမ်းအင်ပိုင်းမှာသာလွန်ကြီးစိုးနိုင်မှုကို (ရှေ့အပတ်မှာပြောခဲ့တဲ့ ရေနံကို နိုင်ငံတွင်းသုံးစွဲရုံမက စီးပွားဖြစ် ထုတ်လုပ်ရောင်းချမှုကို ဆိုလိုတယ်) အသုံးချဖို့နဲ့ ဆက်မြှင့်တင် သွားနိုင်ဖို့ဖြစ်တယ်။ ဒီ့အတွက် ရာသီဥတုပြောင်းလဲမှု ဆုတ်ယုတ်မှုဆိုတာတွေကို ထည့်သွင်းစဥ်းစားပြီး ကိုယ်အသာစီးရထားတဲ့ စွမ်းအင်ကဏ္ဍမှာ စိမ်းလန်းစွမ်းအင် ပေါ်လစီလိုမျိုးဘက် ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဆိုလိုတဲ့သဘောပါ။
ဒီအချက်တွေဟာ အမေရိကန်ပြည်တွင်းကို အားပြုထားတဲ့ နိုင်ငံခြားရေးပေါ်လစီတွေဖြစ်တယ်။ ဆိုလိုတာက နိုင်ငံခြားရေးပေါ်လစီဆိုတာ ပြည်တွင်း နိုင်ငံရေးရပ်တည်ချက်ပေါ် မူတည်ပြီး အပြင်မှာ ဘာလုပ်ချင်သလဲ ဘာလုပ်နိုင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး ချမှတ်ကြရတာမျိုးဖြစ်တယ်။
‘ပထဝီနိုင်ငံရေး’
အမေရိကန်ဟာ အိန္ဒိယလို တခြားနိုင်ငံ ၉ နိုင်ငံ၊ တရုတ်လို တခြားနိုင်ငံ ၁၄ နိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာမျိုးမရှိဘူး။ မြောက်ဘက်မှာ ကနေဒါနဲ့ တောင်ဘက်မှာ မက္ကဆီကိုပဲရှိတယ်။ ဒီတော့ အခြေအနေမကောင်းတဲ့ တောင်ဘက်ကနိုင်ငံကို ခြံစည်းရိုးခတ်ပြီး မြောက်ဘက်ကနိုင်ငံကို ၅၁ ခုမြောက် ပြည်နယ်လုပ်မလား ကမ်းလှမ်းလိုက်တာမျိုးဖြစ်တယ်။ ဆိုလိုတာက နိုင်ငံခြားရေးပေါ်လစီဟာ တိုင်းပြည်ရဲ့ ပကတိ ပထဝီနိုင်ငံရေး အခြေအနေကို နားလည် ထည့်သွင်း တွက်ချက်ထားတဲ့သဘော တွေ့ရတယ်။
ဒီနှစ်နိုင်ငံကလွဲရင် အမေရိကန်ရဲ့ နယ်စပ်တွေဆိုတာက အတ္တလန်တိတ်နဲ့ ပစ္စဖိတ် သမုဒ္ဒရာနှစ်စင်းပဲ။ နေတိုးဟာ မြောက်အတ္တလန်တိတ်စာချုပ်ဖြစ်ပြီး ဥရောပနဲ့ ဆက်စပ်နေတယ်။ တနည်းပြောရရင် ရုရှား-ယူကရိန်း စစ်ဖြစ်တဲ့နောက်ပိုင်း ရုရှားရဲ့ ကျဆင်းလာတဲ့ စစ်ရေးအရည်အသွေးကြောင့် ရုရှားက အနောက်ဥရောပကိုဝင်လာပြီး အတ္တလန်တိတ်သမုဒ္ဒရာကို ခြိမ်းခြောက်ထားနိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ တပြိုင်နက်တည်းမှာ အမေရိကန်ဟာ ဥရောပကို ဂျီဒီပီရဲ့ ၅% စစ်စရိတ်အဖြစ်သုံးဖို့ မောင်းသွင်းနိုင်ခဲ့ပြီ၊ ယူကရိန်းက သယံဇာတကို စာချုပ်ချုပ်နိုင်ခဲ့ပြီးပြီ။
ဒီမှာ နောက်ဆုံးကျန်နေတာက ပစိဖိတ်သမုဒ္ဒရာပဲဖြစ်တယ်။ အာရှပစိဖိတ်ကနေ အင်ဒိုပစ္စဖိတ် ဖြစ်လာတဲ့အတွက် အိန္ဒိယသမုဒ္ဒရာဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီ ထည့်သွင်းစဥ်းစားတဲ့အထဲမှာ အရင်ကတည်းက ရှိနေသလို အခုလည်း ဆက်ရှိနေမှာဖြစ်တယ်။ ဒါပေမယ့် အိတ်စိုက်ပြီး စစ်တိုက်မှာမျိုးကို ထရမ့်အစိုးရက လုပ်မှာမဟုတ်။ ဘာအကျိုးအမြတ်ရှိမလဲလို့တော့ စိစစ်ကြည့်နေမှာဖြစ်တယ်။ လတ်တလော ကြုံခဲ့ရ ကြားလာရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအပြောင်းအလဲနဲ့ အမေရိကန်စစ်သင်တန်းတွေ၊ အိန္ဒိယ-ပါကစ္စတန်စစ်ကို ဝင်ထိန်းလိုက်တာတွေ၊ ထိုင်းနိုင်ငံရေး လှုပ်ခတ်မှုတွေ၊ ရခိုင်ကို အေအေထိန်းချုပ်ထားနိုင်တဲ့ သက်ရောက်မှုတွေ၊ တရုတ် ရှမ်းမြောက်ဖိအားတွေနဲ့ အိန္ဒိယနယ်စပ် ပြဿနာတွေအားလုံးဟာ အမေရိကန် ပထဝီနိုင်ငံရေးနဲ့ နိုင်ငံခြားရေးပေါ်လစီအောက်မှာ မရှိဘူးဆိုတာ လုံးဝ မဖြစ်နိုင်တာမျိုးဖြစ်တယ်။
ဦးစားပေးအခန်းမှာ မရှိရတာကတော့ အရှေ့အလယ်ပိုင်းလို အမေရိကန်မက်လောက်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး မရှိလို့ဖြစ်တယ်။ ဒါပေမယ့် မြေရှိရင် ငွေရှိတယ် ဆိုတာလောက်တော့ ထရမ့်လိုလူမျိုးက ကောင်းကောင်းနားလည်မယ် ယူဆရတယ်။ ဒီမိုကရက်တွေရဲ့ အာရှဦးစားပေး (Asia Pivot) ပေါ်လစီဟာ ထရမ့်လက်ထက်မှာ ပြောင်းလဲသွားပေမယ့် ပစိဖိတ်မှာ တရုတ်ကို ဖိအားပေးထားနိုင်ရေးဟာ အမေရိကန် နိုင်ငံခြားရေးပေါ်လစီရဲ့ အစိတ်အပိုင်းတခု ဖြစ်နေဆဲပဲဖြစ်တယ်။
‘အမျိုးသားလုံခြုံရေးအကြံပေး’
ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့လ်ဟာ ဟူသီသူပုန်တွေကိုတိုက်ဖို့ ဖုန်းမက်ဆေ့ချ်တခု ဂျာနယ်လစ်တယောက်ကို မှားပို့မိခဲ့လို့ မေလဆန်းမှာ ပြန်ဖြုတ်ခံရတယ်။ လူရင်းဖြစ်လို့ ထရမ့်က သူ့ကို ယူအန်သံအမတ် ပြောင်းခန့်မယ်လို့ ထုတ်ပြန်ထားတယ်။ ဒါပေမယ့် ထရမ့် ခုသက်တမ်း လူလျှော့ခံရတဲ့အထဲ အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့လည်း အပါအဝင်ဖြစ်တယ်။ ဝန်ထမ်း ၁၀၀ ကျော်ကနေ ထက်ဝက်လောက်လျော့မယ်လို့ သတင်းတွေကဆိုတယ်။ NSA (National Security Advisor) နေရာဟာ ဆီးနိတ်ထောက်ခံချက်မလိုဘဲ သမ္မတသဘော နဲ့ခန့်အပ်ပိုင်ခွင့်ရှိတဲ့နေရာဖြစ်ပြီး ဘိုင်ဒန်လက်ထက်က (ဘိုင်ဒန် အသက်ထောက်နေလို့) အရေးပါတဲ့ နိုင်ငံခြားရေးပေါ်လစီနဲ့ လုပ်ဆောင်ချက်တချို့ကို လွှဲပေးထားတာ တွေ့ခဲ့ရတယ်။
ထရမ့်လက်ထက်မှာတော့ ပါဝါကို အပေါ်မှာ တင်းနေအောင်ကိုင်ထားဖို့ ကြိုးစားမယ့်သဘောဖြစ်တယ်။ ဆိုတော့ တလောက အသံထွက်လာတဲ့ အမေရိကန်လော်ဘီဆိုတာဟာ စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စတာတွေနဲ့ အလုပ်မဖြစ်နိုင်ဘဲ အမေရိကန်အကျိုးစီးပွား ဘာရှိမလဲဆိုတာကို ဖော်ပြနိုင်ဖို့ဖြစ်တယ်။ သမ္မတကို တိုက်ရိုက်မချဥ်းကပ်နိုင်ဘဲ ထူးခြားလာဖွယ်မရှိဘူးလို့ သုံးသပ်မိတယ်။ (အနည်းဆုံး နိုင်ငံခြားရေးဝန်ကြီးလောက်နဲ့ နီးစပ်ဖို့လိုတယ်။ ရူဘီယိုဟာ လတ်တလောမှာ NSA နေရာကိုပါ တွဲကိုင်ထားသူဖြစ်တယ်)။
‘အထွေထွေထိုးစစ်’
သတင်းတွေအရ တရုတ်လုံခြုံရေးတွေက ကျောက်ဖြူမှာ ဒရုန်းသုံးပုံ သင်ပေးရင်း ဝင်တိုက်နေတာပဲဖြစ်ဖြစ်၊ ကျောက်ဖြူကနေ ဆုတ်ခွာနေတာပဲဖြစ်ဖြစ် တရုတ်ရဲ့ စကစပံ့ပိုးမှုဟာ တော်ရုံအခြေအနေနဲ့ ပြောင်းလဲလာမှာ မဟုတ်သေး။ တဘက်မှာ အမေရိကန်ရဲ့ အိန္ဒိယသမုဒ္ဒရာ အကျိုးစီးပွားဟာ တွက်ချက်နေဆဲအဆင့်မှာပဲ ရှိသေးတယ်လို့ ယူဆရတယ်။
စုစည်းဖို့လိုနေတဲ့ တော်လှန်ရေးကို ဆိုက်ဝါးတွေ အတွင်းရော အပြင်ကပါ ဝင်နှောက်ဖို့ ကြိုးစားနေပေမယ့် စကစ စစ်ရှုံးနေတဲ့ သတင်းကိုတော့ ပြောင်းလဲသွားအောင် မလုပ်နိုင်သေး။ ထိုင်းနယ်စပ်ကို အထိုင်ထားပြီး ရှေ့ဆက်တိုးလာမယ့် ကေအန်အယ်လ်အေ တိုက်ပွဲတွေ အနိုင်ဆက်နေသလို အိန္ဒိယဟာ နယ်စပ်မှာ တော်လှန်ရေးအင်အားစုတွေကို ရန်လိုလာတဲ့ အရိပ်အယောင်တွေ ပေါ်လာတာ တွေ့ရတယ်။
အားလုံးမျှော်လင့်နေကြတဲ့ အထွေထွေထိုးစစ်ရဲ့ အနေအထားကတော့ ခန့်မှန်းရ ခက်နေဆဲပဲဖြစ်တယ်။
Be the first to comment