
“ဖုန်းဆိုးမြေက တော်လှန်ရေး”

ဖုန်းဆိုးမြေကို တိုက်ရိုက်အဓိပ္ပါယ်အားဖြင့် လူသူမနေထိုင်တော့၍ တိမ်ကောပျက်စီးနေသော နေရာများ၊ ချုံနွယ်ပိတ် ပေါင်းများ ဖုံးလွှမ်းနေတဲ့ မြို့ပျက်၊ ရွာပျက်များ အစရှိသဖြင့် ဖော်ပြကြပါတယ်။ အချို့ကတော့ သုဿန်တစပြင်ကိုလည်း ဖုန်းဆိုးမြေအဖြစ် တင်စားတာကို တွေ့ရပါသေးတယ်။ ကျနော်ကတော့ အထက်ဖား အောက်ဖိ အာဏာရ လက် ကိုင်တုတ်များနဲ့ အောက်ခြေပြည်သူတွေအပေါ်ကို နည်းလမ်းအမျိုးမျိုးနဲ့ ဖိနှိပ်ရက်စက်နေကြတဲ့၊ သူရို့တွေ စိတ်တိုင်းကျ အနိုင်ကျင့် နှိပ်စက်တာကို ခံကြနေရတဲ့ နေရာတိုင်းဌာနတွေကိုလည်း ဖုန်းဆိုးမြေများအဖြစ် တင်စားချင်မိပါတယ်။
အိန္ဒိယပြည်တောင်ပိုင်းက တမီးလ်ဒါရိုက်တာ Vetrimaaran ဟာ အဲဒီလိုအရာတွေကို ရုပ်ရှင်ဇာတ်လမ်းများနဲ့အတူ အနုပညာမြောက်စွာ ဖော်ထုတ်တဲ့ ဒါရိုက်တာတယောက်လို့ ပြောလို့ရပါတယ်။ သူ့ရဲ့ ရုပ်ရှင်အများစုတိုင်းမှာ ထင်ရှား ပေါ်လွင်လွန်းလှတဲ့ ဇာတ်ကောင်စရိုက် ခိုင်ခိုင်မာမာတွေကို တွေ့နိုင်ပြီး Narrative ဆန်ဆန်ဖော်ပြတဲ့ ဇာတ်အိမ်အကြီးကြီးတွေထဲမှာ များမြောင်တဲ့ ဇာတ်ကောင်တွေက မှေးမှိန် ပြည့်ကျပ်နေတာမျိုး မရှိဘဲ နိုင်နိုင်နင်းနင်းနဲ့ပဲ ထိန်းကျောင်း အလုပ်လုပ်စေတယ်။ သဘာဝကျနေစေတယ်။ ချောမွေ့ညင်သာတဲ့ ဇာတ်လမ်းအကူးအပြောင်းနဲ့ ကင်မရာအရွေ့တွေကို လှလှပပနဲ့ ပေါင်းစပ်ထားနိုင်သလို ကျနော်တို့ ကြည့်ရှုသူတွေကိုပါ သူပြချင်တဲ့ ဖုန်းဆိုးမြေများထဲကို ဇာတ်ဆောင်များရဲ့ စကားပြောပုံ၊ Nonlinear ဆန်ဆန် Plot တွေနဲ့အတူ ဖမ်းထားပြီး ရုပ်ရှင်ဇာတ်အိမ်ထဲကို တပါတည်း ဆွဲခေါ်သွားတာမျိုးပါ။
အဲလိုထဲမှာ တမီးလ်ဘက်ပိုင်းက ဇာတ်နိမ့်နင်းပြားများရဲ့ ဘဝလူနေမှုသရုပ်တွေ၊ အစိုးရလက်ကိုင်တုတ် ခွေ-း သာသာ ဟောင်ဖို့ကိုက်ဖို့ပဲသိတဲ့ ရဲ*တပ်ဖွဲ့ရဲ့ စုတ်ပဲ့ယုတ်*မာလွန်းလှပုံ၊ တလွဲဖြစ်နေတဲ့ အုပ်ချုပ်ပုံ ယန္တရား အထက်ဖားအောက်ဖိ စနစ်များ၊ နောက် ဇာတ်နိမ့်/ဇာတ်မြင့် ခွဲခြားမှုများနဲ့ ဆင်းရဲတွင်းနက်နေကြရတဲ့ အောက်ခြေပြည်သူများရဲ့ ဘဝတွေနဲ့ အဲဒီလိုဘဝမျိုးထဲမှာ ရောင့်ရဲပျော်ရွှင်အောင် ဖြတ်သန်းကြပုံတွေ၊ ရှိရင်းစွဲ လူနေမှု ထုံးတမ်းတွေကိုပါ ယက်ဖောက်ပုံဖော်ထားတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံတွေကို ပြတ်သား ထင်လင်းစွာ တွေ့ရှိနိုင်ပါတယ်။ အထူးသဖြင့် ကျနော်ကိုယ်တိုင် စိတ်ကူးယဉ်ကြည့်ဖူးတဲ့ ငါတို့ ကျေးလက်အညာမြေတွေမှာလည်း အဲသလိုတွေ ရိုက်လို့ မရဘူးလား ဆိုတဲ့အတွေးမျိုးကို ခု သူ့ရုပ်ရှင်တွေမှာ မြင်လိုက်ရတာမျိုးပါ။ ကောင်းမွန်တဲ့ ရုပ်ရှင်ဇာတ်ကားတကားဖြစ်ဖို့ ရှာရွတ်ခမ်တို့လို ဩဇာကောင်း ပါဝါကြီးလွန်းတဲ့ မင်းသားတွေ၊ ဆက်တင်အမိုက်စားတွေ လိုအပ်တာ ဟုတ်လို့လားဆိုတာကို သူ့ရုပ်ရှင်လက်ရာတွေက အဖြေဖြစ်မှာပါပဲ။
ဆိုတော့ သူ့ အကောင်းစား ရုပ်ရှင်လက်ရာများဖြစ်ကြတဲ့ Aadukalam (2011)၊ Asuran (2019)၊ Vada Chennai (2018)၊ Viduthalai Part 1 (2023)၊ Visaranai (2015) တို့က စလို့ ဒီ သူ့လက်ရာ ငါးကားစလုံးက လက်လွတ်လို့ မရတဲ့ အမိုက်စားရုပ်ရှင်ကားတွေ ဖြစ်လာတယ်။ Aadukalam ဆိုရင် တမီးလ်နယ်က လူနေမှုသဘာဝတွေနဲ့ ရိုးရာ ကြက်တိုက်ပွဲတွေ၊ နောက် လူ့စရိုက်တွေကို အကောင်းဆုံး ဖော်ပြနိုင်တဲ့ ရုပ်ရှင်။ Asuran ဆိုရင် သူတို့ အိန္ဒိယပြည် တွင်းမှာကို Remake လုပ် ပြန်ရိုက်တာတွေ့ရပြီး ကြေးရတတ် ဖိနှိပ်သူလူတန်းစားများရဲ့ နှိပ်စက်မှုဒဏ်ကို မခံရပ်နိုင် တော့တဲ့အခါမှာ ပြန်လည်တန်ပြန်တဲ့ နင်းပြားမိသားစုက ဖခင်တယောက်ရဲ့ ဇာတ်ကြောင်း။ Vada Chennai က တော့ တမီးလ်နယ်ဘက်က ဂန်းစတားတွေအကြောင်းကို ရိုက်ပြတာဖြစ်ပြီး သူ့ရဲ့ ဇာတ်ညွှန်း တည်ဆောက် ပဲ့ကိုင် တာ ဘယ်လောက်ကျွမ်းကျင်သလဲ ဆိုတာကို မြင်ရမယ့် ရုပ်ရှင်ဖြစ်တယ်။
ဒီဇာတ်လမ်းမှာ ဇာတ်ကောင်တွေ အများကြီးပါဝင်ပြီးတော့ တမီးလ်နယ်အတွင်းမှာ အာဏာရလက်ကိုင်တုတ်တွေ၊ လူမိုက်ဗိုလ်တွေနဲ့ ပူးပေါင်းပြီး လုပ်ကွက်ရဖို့ ကြိုးစားတဲ့ အရင်းရှင်ဆန်ဆန် လုပ်ငန်းရှင်များအကြောင်းကို ဖော်ပြတာဖြစ်တယ်။ လှိုင်လှိုင်ကဲနေတဲ့ Violence Crime Scene တွေကို မြင်ရသလို အရိုင်းဆန်လှတဲ့ ချစ်စရာ့ လူနေမှု စရိုက်တွေကိုလည်း ယှဉ်တွဲ ဖော်ပြထားပြီးတော့ ကျနော်တို့ဆီမှာပါ ခေတ်စားတဲ့ ဇယ်တောက်ကစားနည်းနဲ့ ပတ်သက် တာတွေကိုပါ ထည့်သွင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းရှည်ကြီးဖြစ်တယ်။ ဒီဇာတ်ကားက အပိုင်းနှစ် ဆက်ထွက်ရဖို့ ဖြစ်ပေမဲ့ ဘာလို့လဲတော့ မပြောတတ်ဘူး။ ခုထိ ဆက်ထွက်မလာသေးတာ တွေ့ရတယ်။
Viduthalai Part (1) ကတော့ လက်ရှိ ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ အတော်လေး ဆင် တူပါတယ်။ ၈၀ ကျော် ၉၀ ကာလတုန်းက အဖြစ်အပျက်တွေကို အခြေခံပါတယ်။ ဘာတွေလဲဆိုတော့ တမီးလ် နင်းပြားပြည်သူတွေအပေါ်ကို အာဏာရလက်ကိုင်တုတ်တွေဟာ အမျိုးမျိုး ဖိနှိပ်နေကြလို့ အရပ်သားတွေထဲကနေ တော်လှန်ရေးတပ်တွေ ဖွဲ့စည်းပြီးတော့ ပြန်လည် သူပုန်ထတဲ့ ရုပ်ရှင်ဇာတ်ကြောင်းဖြစ်တယ်။ သို့ပေတဲ့ ဒါရိုက်တာ Vetrimaaran က အဲဒါတွေကို အဓိကမပြဘဲ ဘာကြောင့် ဒီလိုတွေဖြစ်ရသလဲ ဆိုတာကိုပဲ ဇောင်းပေးပြသတာဟာ ယခု ရုပ်ရှင်ဇာတ်လမ်းကြောင်းကို အကောင်းဆုံး ဖြစ်လာစေတာပါ။ ဒီရုပ်ရှင်ထဲမှာ ရဲဌာနက ရဲအရာရှိတွေနဲ့ အောက်ခြေရဲသားတွေအကြားက စုတ်ပြတ်သ_တ်နေတဲ့ အင်စတီကျုးရှင်းကြီး လည်ပတ်နေပုံကို အသေးစိတ်ပြတယ်။
သူတို့ ရဲအများစုက လက်ညှိုးထောင် ခေါင်းညိတ်ဆိုတာထက် စိတ်ဆန္ဒ ပိုမရှိကြဘဲ ခရိုနီဆန်ဆန် စီးပွားရေးသမားများရဲ့ ခိုင်းစေခံသာသာအဖြစ်သာ ရောက်လို့နေတယ်။ နောက် တာဝန်ကျ ရဲသားတွေအတွက် စားနပ်ရိက္ခာ အသုံးစရိတ်အဖြစ် ထုတ်ပေးတဲ့ ရန်ပုံငွေအထိ အဆင့်ဆင့် ခိုးထားကြတာတွေ၊ ရဲအရာရှိ အဆင့်ဆင့်ကလည်း ရာထူးတိုးဖို့ တခုသာ အာရုံထဲရှိတာတွေနဲ့ တခုခုဖြစ်တာနဲ့ မဆိုင်တဲ့ အရပ်သူအရပ်သားတွေ ဖမ်းဆီးသ_ တ်ဖြတ်ပစ်တာ စလို့ အဲဒါတွေကိုပဲ အသေးစိတ်ပြပြီး ဘာကြောင့် သူပုန်တွေ ထရသလဲ၊ ပြည်သူဟာ ရဲသားတွေကို ရွံရှာ နာကျည်းရသလဲ ဆိုတာကို ကြည့်နေရင်း မိမိတို့တိုင်းပြည်ကိုပါ လာကြည့်ရင်း ရိုက်ထားသလားလို့တောင် ထင်မှတ်မှားစေမိတဲ့ ရုပ်ရှင်ကားကောင်းတခုဖြစ်တယ်။ လက်ရှိ ၂၀၂၄ ထဲမှာတင် အပိုင်းနှစ် ထပ်ထွက်လာဖို့ ရှိပါတယ်။
ဒီလိုရုပ်ရှင်တွေထဲကမှ သူ့ရဲ့ မိုတီဗိတ်ပုံစံရစေဖို့ တည်ဆောက်ထားတယ်လို့ ခံစားရတဲ့ Female Characters များရဲ့ ဖော်ထုတ်မှုကလည်း ချီးကျူးဖွယ်ရာ ကောင်းလွန်းပါတယ်။ အားလုံးသိကြတဲ့အတိုင်း အိန္ဒိယပြည်က အမျိုးသမီးများရဲ့ ဘဝတွေဟာ လက်ရှိကာလအထိ ခွဲခြားဖိနှိပ်ခံနေကြရဆဲ။ မကြာခဏဆိုသလို ကျော်မကောင်း ကြားမကောင်း ရင်နင့် ဒေါသဖြစ်ဖွယ် အကြောင်းအရာများနဲ့ စော်ကား သ-တ်ဖြတ် ခံနေရမှုတွေ။ အရွယ်မရောက်သေးပါဘဲ မယားအဖြစ်၊ မယားငယ်အဖြစ် အတင်းအဓမ္မ ပေးစားပစ်တာမျိုးတွေ။ လက်ထပ်ပုံ အိမ်ထောင်မှု ဖြစ်စဉ်အထိ တဘက်သတ် ဆန်လွန်းတာကို သူ့ရုပ်ရှင်ထဲမှာ ပြတယ်။ သို့ပေမဲ့ သူ့ရုပ်ရှင်ထဲက အမျိုးသမီး ဇာတ်ဆောင်တွေဟာ အဲဒီလို ဘဝဖြစ်ရမှုအတွက် ခံစား အားငယ်နေတဲ့ ပုံသဏ္ဌာန် မရှိ။ သွက်လက် ထက်မြက်ပြီး ပွင့်လင်းလှတဲ့ ဘဝလောကဓံကို ဒူးမထောက် လက်မမြှောက်ဘဲ သွားနေကြသူများအဖြစ် တည်ဆောက်ပေးထားကို မြင်ရပါတယ်။
အထက်က အကြောင်းအရာတွေကတော့ အပိုင်းတစ်ကို ကြည့်ရှုပြီးချိန်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာဖြစ် သူဟာ သူ့စိတ်ထဲမှာရှိနေတဲ့ တမီးလ်နယ်က မျိုးစဉ်အဆက်ဆက် ခံစားနာကျင်ခဲ့ရတဲ့ လူ့အခွင့်အရေး ပျောက်ဆုံးမှုတွေ၊ နောက် အောက်ခြေနင်းပြားတွေအပေါ်ကို မြေရှင်ကြေးရှင်တွေရဲ့ ဖိနှိပ်ညှဥ်းပန်းမှုတွေနဲ့ အုပ်ချုပ်သူ လူတန်းစား ရဲတပ်ဖွဲ့အထိ သူတို့ရဲ့ လက်ကိုင်တုတ်သာလျှင် ဖြစ်တယ်ဆိုတာကို ခုရုပ်ရှင်ကနေ အားပါးတရ သွန်ချပစ်တယ် လို့ပဲ ခံစားရပါတယ်။ နှစ်ကားစာ ငါးနာရီကျော်လောက် ရှည်လျားမယ့် ရုပ်ရှင်မှာ ဖိနှိပ်မှု အခံရဆုံး ၉၀ မတိုင်မီ ကာလကို သူဟာ အသေးစိတ်ကျကျနဲ့ ဆွဲခေါ်သွားပါတယ်။
တော်လှန်ရေးအခြေပြု ရုပ်ရှင်ဆိုပေမဲ့ အဓိကဇာတ်ဆောင် ဗီဂျေးရဲ့ ကာရိုက်တာကို သူရဲကောင်းသဖွယ် မြင်ရအောင် ဇောင်းပေးတာမျိုးမဟုတ်ဘဲ အုပ်ချုပ်ရေးယန္တရားက ဘယ်သို့ဘယ်ပုံ ပျက်စီးဆုတ်ယုတ်နေတာတွေနဲ့ ယင်းသို့ အဖိနှိပ်ခံတွေ များလာတဲ့အခါ ဘယ်လို နိုင်ငံရေးဝါဒမျိုးက သူတို့တွေကြားထဲမှာ စိမ့်ဝင်လာစေတာနဲ့ အဆုံးမှာတော့ အလုံးစုံ ပျက်စီးယိုယွင်းရတဲ့ လူမှုဘဝကိုသာ ရောက်သွားတဲ့အကြောင်းကို ဇာတ်အိမ်တဘက်၊ အိန္ဒိယပြည်မှာ ဖြစ်နေခဲ့တဲ့ အရှိတရားက တဘက်ကို များပြားလှတဲ့ ဇာတ်ကောင်တွေ ဇာတ်အိမ်တွေကို နိုင်နိုင်နင်းနင်းနဲ့ မျှမျှတတ ပေါင်းစပ်နိုင်စွမ်းဟာ ခုရုပ်ရှင်ရဲ့ အကောင်းဆုံး အချက်အလက်တွေ ဖြစ်လာစေပါတယ်။
အပိုင်းနှစ်မှာ ဗီဂျေအနေနဲ့ နင်းပြားလူထုအကြားမှာ တော်လှန်ရေးခေါင်းဆောင် ဖြစ်လာပုံနဲ့ သူ့ရဲ့ ခရီးရှည်ကြီးကို ခမ်းခမ်းနားနားပြပါတယ်။ ပထမပိုင်းမှာ မြန်မာပြည်က ရဲတပ်ဖွဲ့တွေလို ရာထူးတက်ဖို့နဲ့ အထက်ဖားအောက်ဖိဖို့သာ အဆင့်ဆင့်လုပ်ကိုင်နေကြတဲ့ အုပ်ချုပ်ရေးယန္တရားကို ပြသတာဆိုရင် ဒုတိယပိုင်းကတော့ ဒါနဲ့ဆန့်ကျင်ဘက် နင်းပြားတယောက်ရဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ သူတို့ ကျနော်တို့ရဲ့ လက်ရှိ ဖိနှိပ်ခံအခြေအနေများမှာ ခုလိုမျိုး ငါတို့ထားရာမှာနေ၊ စေရာကိုသွား။ မသေချင်ရင် ငါတို့ပြောသလိုလုပ်ဆိုတဲ့ အကြောက်တရားနဲ့ ဖိနှိပ်လို့မရတဲ့အကြောင်းကို ပေါ်လွင်အောင် ပြတယ်။
လူထုခေါင်းဆောင် ဗီဂျေးက မြေရှင်တွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းကြပြီး နင်းပြားလူထုကို ဖိနှိပ်နေတာကို သိလာရချိန်မှာတော့ သူဟာ ဆရာသခင်နဲ့အတူ နိုင်ငံရေးသဘောတရားတွေကို သင်ကြားလေ့လာခဲ့တယ်။ မဟတ္တမ ဂန္ဓီ ကိုင် စွဲခဲ့တဲ့ အဟိံသ လမ်းစဉ်ကဲ့သို့ပဲ နင်းပြားလူထုအနေနဲ့ ဘာကြောင့် ခုလိုတွေ သူတို့ အနိုင်ကျင့် နှိပ်စက်နေတာကို ခံနေရတာနဲ့ ကျနော်တို့တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပေါင်းစည်းပြီး သူတို့ကပေးတဲ့ အကြောက်တရားနဲ့ ခြောက်လှန့်မှုကို တန်ပြန်ပစ်ကြရင် အရင်လို အနိုင်ကျင့်စော်ကားတော့မှာ မဟုတ်တဲ့အကြောင်း စလို့ ပညာပေးရင်းကနေ ဖိနှိပ်ခံလူထုရဲ့ တန်းတူရည်တူ ရပိုင်ခွင့်ရှိရမယ့် လုပ်အားခနဲ့ နိုင်ငံတကာနဲ့တူညီသော အလုပ်ချိန် စတာတွေကို ကိုယ်စားတောင်းဆိုကြတာ ဖြစ်တယ်။
အပြင်ဘက်လောကမှာက မြေရှင်တွေဟာ ကျနော်တို့ဆီက ခရိုနီများနဲ့ ဘာမှ မကွာခြားလှ။ သူတို့အတွက် လိုအပ်တဲ့ မြေကို အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အဓမ္မ သိမ်းယူလေ့ရှိကြသလို လယ်သမား အခိုင်းအစေတွေထိ သားသည်မိခင် တွေဆိုရင်လည်း နို့တိုက်ခွင့်တောင် မပေးဘဲ တနေကုန် ဖိနှိပ် ခိုင်းစေမှု စလို့ ကြားထဲမှာ ဇာတ်နိမ့်၊ ဇာတ်မြင့် အရိုးစွဲ အစွန်းရောက် ယုံကြည်မှုတွေ၊ ဘာသာရေးဓလေ့တွေအထိ သူတို့ပြည်ဟာ အလုံးစုံ ချွတ်ခြုံကျနေတယ်။ စာသင် ကြားခွင့် မရခြင်းကနေ အသိဉာဏ် စုံလုံးကန်းစေအောင် လုပ်ဆောင်ထားခြင်းကနေတဆင့် ပြည်သူဟာ မြင်လျက်နဲ့ ကန်းနေကြသူတွေ ဖြစ်လို့နေခဲ့တယ်။
ဒီလိုကနေ အဟိံသ လမ်းစဉ်နဲ့ မိမိတို့ရပိုင်ခွင့်ကို တိုက်ယူနေကြပေမဲ့ မြေရှင်တွေဘက်က အပြောင်းအလဲ ဖြစ်မလာတဲ့အခါ ဗီဂျေးဟာ မက်စ်ဝါဒီနဲ့စပ်ဆိုင်တဲ့ လက်ဝဲယိမ်းသော နိုင်ငံရေးစနစ်ကို ကူးပြောင်းတယ်။ မြေရှင်တို့ပိုင်သသမျှသည် ဆင်းရဲသားလူတန်းစားနဲ့လည်း ထပ်တူပိုင်သရမည်သာ ဖြစ်သည်ဆိုတဲ့ ဟစ်ကြွေးသံတွေ ပြောင်းလဲလာခဲ့ပြီး သွေးစွန်းတဲ့အခြေအနေကို ပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေကတော့ ပြေလည်ချုပ်ငြိမ်းအောင် အပြောင်းအလဲလုပ်ပြီး ကြိုးပမ်းမယ်မရှိကြဘဲ တော်လှန်ရေးခေါင်းဆောင် ဗီဂျေးကို ကာဗာပြုပြီး အထက်ကနေ ရန်ပုံငွေတောင်းဖို့၊ ပြီးလျှင် မိမိတို့အချင်းချင်း ခွဲဝေယူကြဖို့သာ ကြိုးစားနေကြပါတော့တယ်။ ဗီဂျေးတို့ နင်းပြားတော်လှန်ရေးသမားတွေဟာ ဒီလို လူစုတ်၊ လူယု_တ်တွေချည်းပဲ အသက်ဝင်ခိုင်မာနေတဲ့ ယန္တရားကြီးကို ပြောင်းလဲအောင် တွန်းလှန်နိုင်ပါ့မလားပေါ့။
ရုပ်ရှင်နှစ်ပိုင်းစလုံးဟာ ဖျော်ဖြေရေးနဲ့ အရှိတရားကို မျှမျှတတနဲ့ ပေါင်းစပ်ပြီး လည်ပတ်ထားတော့ ကြည့်ရှုခံစားနေသူ ကျနော့် စိတ်ပုံရိပ်ထဲမှာ ဗီဂျေးကနေတဆင့် အာရကန်ပြည်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ပုံရိပ်တွေ စကားတွေ ဆင့်ပွားရောက်ရှိလာပါတယ်။ သူသည်လည်း ကနဦးဘဝက တိုးရစ်ဂိုက်လို အလုပ်ကလေးနဲ့ပဲ ဒီထဲက တော်လှန်ရေးခေါင်းဆောင် ဗီဂျေးကဲ့သို့ ရိုးသားအေးချမ်းတဲ့ ဘဝတခုကိုသာ လိုချင်ခဲ့တာပဲ။ ဒါပေမဲ့ သူသိလာရတဲ့အချိန်မှာ အဖ ရခိုင်ပြည်ဟာ စ_စ် အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ သေငယ်ဇောနဲ့ မျောနေရတဲ့ လူတယောက်ပမာကဲ့သို့ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အာဏာပိုင်တွေ၊ ဆင့်ပွား လက်ကိုင်တုတ်တွေ၊ ခရိုနီတွေ ဒီလူတွေကနေပဲ ရခိုင်ပြည်က ထွက်ရှိသမျှ အသီးအပွင့်ကို လက်ဝါးကြီးအုပ်ထားကြတယ်။ မူလဘူတ ပိုင်ဆိုင်ထားရသော ရခိုင်သူ/သား ပြည်သူပြည်သားတွေမှာ ယင်းအသီးအပွင့်ကို ဘာတခုမှ ခံစားပိုင်ခွင့် မရ။ သူတို့တွေဟာ ယင်းအသီးအပွင့်တွေကို စုပ်ယူရင်း ဆယ်ဘဝပြောင်းလို့ စားမကုန်အောင် ကြွယ်ဝလာချိန်မှာ အောက်ခြေပြည်သူတွေကိုတော့ အကြောက်တရားတွေ၊ တသက်တာလုံး ပြိုကွဲမှု ပဋိပက္ခတွေကိုသာ ဖြစ်စေမယ့် ဘာသာရေး လူမှုရေး ပဋိပက္ခတွေနဲ့ လောင်မြိုက် ထားစေမှန်းကို သူ သိလာခဲ့ရတယ်။
သူကိုယ်တိုင်လည်း ဗီဂျေးကဲ့သို့ ငြိမ်းချမ်းတဲ့လမ်းစဉ်နဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရနိုင်မလား စဉ်းစားကြည့် ပေမဲ့ ဘယ်လိုမှ ဖြစ်နိုင်ချေမရှိတဲ့ အကြောင်းကို သိရှိလာခဲ့တယ်။ အင်တာဗျူးတခုထဲမှာတော့ မိမိတို့ ရခိုင်သားတွေမှာ ဘေးပြည်နယ်က နည်းတူ အစုအဖွဲ့တခုရှိမှ ဒီလိုလူတွေဆီကနေ ဆုံးရှုံးထားရသမျှကို ပြန်ရမယ်၊ လေပြည်ထိုးလို့ မရ၊ တရားဓမ္မတွေနဲ့ ကြေးစည်ထုပြနေလို့မရ။ အခြားမကြည့်နဲ့ ဝပြည်ကကိစ္စပဲ ကြည့်ပါတော့။ သူတို့ပေးချင်တဲ့ အကြောက်တရားနဲ့ ဖိနှိပ်သွေးထိုးမှု လမ်းစဉ်တွေက အဲဒီပြည်နယ်ဘက်မှာ အလုပ်မလုပ်တော့တဲ့အခါမှာ အာဏာရှင် စစ်ခေါင်းဆောင်ကိုယ်တိုင် ငှက်သိုက်စွပ်ပြုတ် လာတိုက်ရတာ ရယ်ချင်စရာကြီးဗျ တဲ့။ ဒီလိုနဲ့ပဲ ဗိုလ်ချုပ်ထွန်းမြတ် နိုင်တို့ရဲ့ အာရက္ခပြည် လွတ်မြောက်ရေးလမ်းစဉ်ဟာ လက်နက်စွဲကိုင်မှ ဖြစ်တော့မယ့်အခြေအနေဆီကို ပြောင်းလဲခဲ့ရတော့တယ်။
တကယ်ဆို ဒီခရီးကြီး ပြီးစီးအောင် လျှောက်ရမယ့်လမ်းက မဖြစ်နိုင်လောက်တဲ့အထိ ခက်ခဲကြမ်းတမ်းလွန်းလှတာကို ယခုရုပ်ရှင်ထဲက ဗီဂျေးတို့ ဆက်လက်ခရီးဆက်ရင်း အနီးကပ်ဆုံး ရဲဘော်ရဲဘက်တွေ တိမ်းပါးသွားကြတဲ့အခါ ရူးမတတ်ဖြစ်ရအောင် နာကျင်ရသလိုမျိုး သူ မသိရှိဘဲ နေပါ့မလား။ အဖ ရခိုင်ပြည်ကို သူမျှော်ကြည့်တော့ စကစ ချကျွေးထားတဲ့ အရိုးအရင်းတွေကို ကိုက်ရင်း အသားထဲက ထွက်နေတဲ့လောက်တွေ၊ ဖိနှိပ်ခံရမှုတွေကြားမှာ မြင့်တက်လာနေတဲ့ ဆင်းရဲခေါင်ခိုက်မှုတွေ၊ ကမ်းခြေမှာ မြင်နေရတဲ့ အိမ်ခေါင်မိုးလက်လက်တွေဟာ သူတို့တွေနဲ့ ဘာမှ မသက်ဆိုင်သကဲ့သို့။ ငပလီရဲ့ ကမ်းစပ်တနေရာမှာ ဘီကီနီဝတ်စုံဝတ်ရင်း ဇိမ်ခံနေကြတဲ့သူတွေအမြင်မှာ ရှိရင်းစွဲ ပိုင်ဆိုင်ထားကြတဲ့ အမိအဖ ရခိုင် ပြည်သူပြည်သားတွေဟာ အပျင်းပြေကြည့်စရာ သူဆင်းရဲ အညမည လူတန်းစားလေးတွေအဖြစ် ရောက်ရှိခံစားနေကြရတာ။ ဘိုးဘေးဘီဘင် ပိုင်ဆိုင်ခဲ့သော ယာတောမြေတွေဟာ သူတို့ သေ န_တ်ပြောင်းဝမှာပဲ တပ်ပိုင်မြေ မကျူးကျော်ရဆိုပြီး တံဆိပ်ပြောင်း ကပ်ခံခဲ့ရတာ။ ပြီးတော့ မညီညွတ်အောင် ကျကျနန အဆိပ်ခပ်ထားသေးတဲ့ လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေအထိ။ ဒါတွေကို အလုံးစုံ ချုပ်ငြိမ်းပြောင်းလဲဖို့ ပညာတတ် တိုးရစ်ဂိုက် လူငယ်ကလေးဟာ ဆရာဝန်လူငယ်လေးကနေ ကျူးဘား တော်လှန်ရေးခေါင်းဆောင် ရဲဘော်ချေလို၊ ဒေါက်တာ ဟိုဇေး ရီဇားကနေ ဖိလစ်ပိုင်ရဲ့ လွတ်လပ်ရေးခေါင်းဆောင်အဖြစ်ကို ပြောင်းလဲခဲ့သလို၊ နောက် ယခုရုပ်ရှင်ထဲက ကျောင်းဆရာလေး ဗီဂျေးကနေ တမီးလ်ပြည်ရဲ့ အလုံးစုံ ဖိနှိပ်မှုမှ လွတ်မြောက်ရေးအတွက် ဦးစီးတော်လှန်ပေးခဲ့တဲ့ ခေါင်းဆောင်တယောက်အဖြစ် ပြောင်းလဲခဲ့သလိုမျိုး ဒီလူငယ်ကလေးမှာလည်း တော်လှန်ရေး ခရီးကြမ်းကြီးကို ကြံ့ကြံ့ခိုင် နင်းဖြတ်ခဲ့ရင်း ပြောင်းလဲပစ်ခဲ့ပါတော့တယ်။
တမီးလ်ဒါရိုက်တာ Vetrimaaran လက်ရာ ယခုရုပ်ရှင်ကို ကြည့်ပြီးချိန်မှာတော့ ကျနော့်မှာ အဲဒီလို အတွေးတွေနဲ့ အိပ်မပျော်။ တမီးလ်ပြည်ဟာလည်း အဲဒီလို သွေးအထပ်ထပ်စွန်းသော ဖုန်းဆိုးမြေထဲကနေ ယခုအခြေအနေကို ရောက်ရှိလာအောင် ကြိုးပမ်းခဲ့ရတာပါလား ဆိုတာကို သိလာတော့ အားကျမှုတွေ အပြည့်။ ယင်းမှစလို့ ခုလို တဖွဲ့တနွဲ့ဖော်ပြလိုက်မိတဲ့ အာရကန်ပြည်ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အထိ။ လက်ရှိ ကျနော်တို့ပြည်တခုလုံးဟာလည်း ဒီရုပ်ရှင်ထဲကအတိုင်း ထပ်တူထပ်မျှ ဖြစ်နေတာပဲ မဟုတ်ပါလား။ အာရက္ခပြည်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရှိနေသကဲ့သို့ ဖိနှိပ်မှု လွတ်မြောက်ရေး ရိုက်ခတ်မှုကနေတဆင့် ပြည်နယ်တွေတိုင်းမှာ ဗီဂျေးကဲ့သို့ ဆင့်ပွား တော်လှန်ရေးခေါင်းဆောင်တွေ၊ သူရဲကောင်းတွေ ဒုနဲ့ဒေး ပေါ်ပေါက်လာခဲ့ပြီ မဟုတ်ပါလား။
သံမဏိကျောက်သား၊ ကျောက်ပြားတွေနဲ့ ထပ်ထပ် ထုဆစ်ထားသလို ခိုင်မာနေကြပြီဖြစ်တဲ့ ဒီလူတွေ၊ နောက် ဒီလူတွေ ဦးစီးကြတဲ့ အလုံးစုံ လွတ်မြောက်ရေး တိုက်ပွဲကြီးကို သူတို့တွေ ဘယ်လိုများ တားဆီးနိုင်ပါ့မလဲ။ တွေးရင်း အားတက်ရပါဘိ။ ကြည်နူးရပါဘိရယ်နဲ့။
Be the first to comment