ဖူးချန်တောင်နားက အိမ်ရာတွေ

◼️ညီလင်းအိမ်
ဒီရုပ်ရှင်ကို ကြည့်ရတော့ ကျနော် အတော်လေးကို ထိတ်လန့်ရပါတယ်။ ထိတ်လန့်ရတဲ့ အကြောင်းရင်းကတော့ ရုပ်ရှင်က ရုပ်ရှင်နဲ့ မတူလို့ပါဘဲ။ ကြည့်နေရင်းနဲ့ ကျနော်ဟာ အတွေးတွေ တသီကြီးဖြစ်လို့နေပါတယ်။ အနုပညာမြောက် ပုံဖော်မှုဆိုတာမှာ ဘာတွေကို မျှော်ကြည့်ဖို့ လိုအပ်သလဲ။ ရင့်ကျက်မှုရှိမယ့် ဘဝဖြတ်သန်းမှု လိုသလား။ အကယ်ဒမစ်ကျကျ တည်ဆောက်တတ်ဖို့ ပညာရပ်ဆိုင်ရာတွေရော လိုအပ်သလား။ ဒီလိုတွေ တွေးမိနေချိန်မှာ လမ်းပျောက် ထိတ်လန့်ရပါတယ်။ ကျနော်တို့ဆီမှာ အလွှာပေါင်းများစွာ ခြားနားတဲ့ နိမ့်ပါးတဲ့ ဖန်တီးမှုတွေနဲ့ ဒီလိုဖြစ်နေရတာတွေကနေ ဘယ်လို ကူးပြောင်းရပလို့ တွေး‌မိနေချိန်မှာ တရုတ်က ခုလို မျိုးဆက်သစ် ဒါရိုက်တာတွေက အထက်ပါ မေးခွန်းတွေအားလုံးကို ခုလို ရုပ်ရှင်နဲ့ပဲ ဖြေပြလိုက်ပါတယ်။ မင်းတွေးသမျှ အရာတွေ ငါတို့ပြတဲ့ ရုပ်ရှင် တွေထဲမှာ ဘာတခုပါသလဲ ဆိုတာပါပဲ။
ခုရုပ်ရှင်မှာ မင်းသားလည်း မပါ၊ မင်းသမီးလည်း မပါ၊ ဘာမှ ထူးထူးခြားခြား ချွန်ထွက်နေတာလို့လည်း မပါ။ လက်တွေ့ လူ့လောကကြီးထဲမှာလည်း ကျနော်တို့တွေက ချွန်ထွက်နေရတဲ့ ဇာတ်လိုက်တွေမှ မဟုတ်တာဘဲလေ။ တွယ်ငြိစရာတွေ များများလာရတဲ့ ဘဝထဲမှာပဲ လှုပ်လေမြုပ်လေ ခရီးဆက်ကြရတာ မဟုတ်လား။ ဒီရုပ်ရှင်ဟာ အဲသလို ဘဝအပိုင်းအကန့်များနဲ့ ခြားနားနေတယ် ထင်သမျှကို တခုမှမကျန်အောင် ဖယ်ထုတ်ပြီးမှ လက်တွေ့ လူတွေအနားကို မရောက်ဘဲမနေအောင် တွန်းပို့လိုက်တာဆိုတော့ ကြည့်ရင်းနဲ့ ထိတ်လန့်ရတော့တာပဲ။ ခုလို ရုပ်ရှင် ထဲကနေ အာသာဖြေ စိတ်ပြေဖို့ ဘာတခုမှ ရှာတွေ့နိုင်တာမျိုး မဟုတ်တော့လေ။
ခုရုပ်ရှင်ထဲက ဇာတ်လမ်းကြောင်းက ဖူချန်တောင်နံဘေးက မိသားစုတစုအကြောင်း။ ဒါရိုက်တာက သူတို့တွေကြားထဲကို ဘာတခုမှ ချယ်လှယ်တာမျိုး မပါဘဲ ပြတယ်။ ကျနော်တို့ တတ်နိုင်တာက သူတို့တွေ လုပ်ဆောင်နေသမျှကို ထိုင်ကြည့်ဖို့ သက်သက်ပဲ။ ထိုင်ကြည့်ရင်းနဲ့ပဲ ငါကရော ဘာများဖြစ်နေရသလဲ ဆိုတာကို တဖန်တွေးမိဖို့ အကြောင်းပဲဖြစ်တယ်။ ငါးသားပေါက်များလို များပြားတိုးတက်လာတဲ့ တရုတ်လူနေမှု ထုထည်ကြီးအတွင်းမှာ ဘဝ‌တနေရာ ရပ်တည်နိုင်ရဖို့ ခက်ခဲလွန်းလှချည်ပေါ့။ သားလေးယောက်ရဲ့ မိခင်ဖြစ်သူက ဖူချန်တောင်ဘေးက ဆိပ်ကမ်းမြို့ကလေးမှာပဲ ဒီသားတွေကို လူလားမြောက်အောင် မွေးခဲ့တာလေ။ ကျနော်တို့ စမြင်ရတော့ နှစ်သစ်ကူးမှာ သူတို့မိသားစုမျိုးဆက်တစုလုံး ပျော်ရွှင်နေတဲ့ ပုံမျိုးတွေ။ သို့ပေတဲ့လည်း မတူညီကြတဲ့ အသက်မွေးဝမ်းကြောင်း ရပ်တည်မှုတွေကနေ သူတို့တွေအကြားမှာ အက်ကြောင်းတွေ ဖြစ်နေပြီ။
သားအကြီးဆုံးမှာလည်း စားသောက်ဆိုင် ဖွင့်ထားပေမဲ့ ပြောင်းလဲတိုးတက်လာတဲ့ လူနေမှု စားရိတ်တွေ၊ ဘဝရပ်တည်ဖို့အတွက် လိုအပ်ချက်တွေကြားမှာ ပခုံးထမ်းရင်း ခပ်ယဲ့ယဲ့ပါပဲ။ အထူးသဖြင့်တော့ တရုတ်အိမ်ထောင်ရှင်မများရဲ့ ဘဝတွေကို ပိုမို နီးကပ်စွာ မြင်လာရတယ်။ သူတို့တွေမှာ ခုလို အိမ်ထောင်ရက်သားကျဖို့ ခင်ပွန်းရဖို့ ရောင်းကုန်လှလှကလေးများလို ဘဝကို လွယ်လာရတာလေ။ အိမ်ထောင်ရက်သား ကျတော့လည်း တိုက်တာအိုးအိမ်တွေ၊ အဆင့်အတန်းမီ နေနိုင်ဖို့အတွက် တဘက်၊ အိမ်ကခင်ပွန်းသည်ကို မယားဝတ္တရားကျေပွန်ဖို့က တဘက်နဲ့ ရုန်းကန် လှုပ်ရှားကြရပုံတွေကို မြင်ရတယ်။
ကျန်တဲ့သားတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ တယောက်မှာ အိမ်ရယ်လို့တောင် မရှိတော့ဘဲ တိုက်သစ်အိမ်ယာ စီမံကိန်းထဲကို ပါသွားလို့ ဖြိုချခံလိုက်ရတာကနေ လင်မယားနှစ်ယောက် တံငါလှေကိုပဲ အိမ်လုပ်နေကြရသတဲ့။ နောက်တယောက်ကျတော့ရော ကျန်းမာရေးမပြည့်စုံရှာတဲ့ မိတဆိုးသားကလေးနဲ့ ဘဝကို ကူးဖြတ်နေရတယ်။ အကြွေးက ဗလပွနဲ့။ အကိုတွေကတောင် သူ့မြင်ရင် ရန်လုပ်လွှတ်နေရတယ်။ အကြွေးရှင်တွေကလည်း တမြို့လုံးနီးပါးအလားပဲ။ ပတ်ရှောင်ပြေးနေရတယ်။ အငယ်ဆုံးတယောက်ကတော့ ဉာဏစွမ်းရည်က တချက်တချက် ကလစ်ပြုတ်သလိုမျိုး ဖြစ်နေတာ။ ညီအကိုတွေကတော့ ပြောရှာပါတယ်။
လူတယောက် ဘဝပီသဖို့က ခုလိုနေလို့ မရဘူးကွတဲ့။ မိန်းမယူရမယ်။ တအိုးတအိမ် ထူထောင်ရမယ်။ သားသမီးမျိုးဆက်တွေ ထားခဲ့ရမယ် စလို့ အဲသလို ဆိုလိုက်တော့ရော ခင်ဗျားဘဝကြီးကျတော့ရော ဘဝပီသနေရဲ့လား ပျော်ရွှင်စိတ်ချမ်းသာရဲ့လား ညီဖြစ်သူက မေးခွန်းပြန်ထုတ်ဖို့တောင် ကောင်းပါရဲ့။ မြင့်တက်လာတဲ့ လူနေမှု အသုံးစရိတ်တွေ၊ ပြိုင်ဆိုင်မှုတွေအောက်မှာ ရုန်းကန်နေကြရတာ၊ မနက်မိုးလင်းကနေ ညအိပ်တဲ့အထိ ဒီငွေကြေး၊ ဒီစားဝတ်နေရေး။ နောက် မိသားစုအရေး။ စလို့ ဒါတွေကို ပုခုံးထမ်းနိုင်မှ လူ့ဘဝ ပီသတာတဲ့လား။ သို့ပေမဲ့လည်း တရုတ်လူနေထုကြီးကို ကြည့်လိုက်တော့ စနစ်ကြီးကိုကပဲ ဒီလောက်ပဲတွေးလို့ရအောင် ဒီလိုပဲတွေးတတ်မှ မှန်ကန်ရတာမျိုးဖြစ်အောင် ပစ်ထည့်ထားသလိုမျိုးပဲလေ။
အရွယ်ရောက်တာနဲ့ မိန်းကလေးဆိုလည်း မိန်းကလေးမို့၊ သားယောက်ျားလေးဆိုလည်း သားယောက်ျားလေးမို့ မိဘတွေမှာ အရိပ်တကြည့်ကြည့်နဲ့ ရွယ်တူ ဘယ်သူ့သားသမီးက စီးပွားဖြစ်နေတယ်။ တိုက်ခန်းအသစ်တွေ ရှိနေတယ် စလို့ လိုက်အကဲခတ်ရင်း ရွှေပင်နား ရွှေကျေးဘဝဖြစ်‌ဖို့ပဲ လုံးပမ်းကြရတယ်။ လူရယ်လို့ဖြစ်တာနဲ့ ခေတ်ဆိုတာကြီးက လတ်လျားလတ်လျား နေမရ၊ ပုံမှန်အလုပ်ကလေး ရှိ၊ ဝင်ငွေကလေးလည်း ရှိမှ ပိုးရပန်းရမယ့် သတို့သမီးလောင်း မိဘတွေက ကြည်ဖြူမှာလေ။ နှစ်ကူး အခါထူး အခါရက်မြတ်မျိုးမှာ ကိုယ်က ဘာလက်ဆောင်ကလေးရယ်လို့မှ မပေးနိုင်ရင် ကြည်သာရွှင်ပျမယ့် အနေအထားကို ရမှာမဟုတ်ဘူး။ ဒီတော့ အဲသလို သားနဲ့မယားနဲ့ အိမ်ကလေးဝိုင်းကလေးရယ်လို့ ရှိနေ ပိုင်ဆိုင်တာမျိုးဖြစ်နေမှ လူပီသတဲ့ဘဝကို ရတာဆိုပြီး သူတို့က သတ်မှတ်ကြတာပေါ့။
ရုပ်ရှင်ငေးသူ ပရိသတ်ကျနော်ဟာ ကြည့်နေရင်းနဲ့ပဲ ဖူချန်တောင်ဘေးက မြို့ကလေးရဲ့အတွင်းသားထဲနဲ့ အဲဒီက ဒါရိုက်တာပြလိုတဲ့ မိသားစုကြားကို အချိန်ကြာလာတာနဲ့ အမျှ တသားတည်း စိမ့်ဝင်လာပြီး ကိုယ်ပါရော‌ယောင်ပြီး ဇာတ်ကောင်တယောက် ဖြစ်လို့သွားပါတယ်။ ညီအကိုလေးယောက်စလုံးရဲ့ ဘဝကို မျှော်ကြည့်ရပုံကနေ လူ့အဖွဲ့အစည်းတခုလုံးကို မျှော်ကြည့်ရသလိုမျိုး ဖြစ်လာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အယ်လ်ဇိုင်းမားလို ဝေဒနာကိုပါ ခံစားလာရတဲ့ မုဆိုးမ မိခင်ကြီးရဲ့ အခြေအနေကို မြင်ရတာကလည်း အိုမင်းရမယ့်အရေးအတွက် ထိတ်လန့်စေပါတယ်။ ရှိနေတဲ့သားလေးယောက်မှာ မိခင်ကြီးကို တာဝန်ယူဖို့ ပြဿနာတရပ်သဖွယ် ဖြစ်လာတာကို အသေးစိတ် ပြတယ်။
အကိုကြီးက အကိုကြီးဆိုတော့ အဖအရာဆိုတဲ့အတိုင်း တာဝန်ယူမယ်ပြောပေမဲ့ အိမ်ခေါ်လာတော့လည်း သူကိုယ် တိုင်က မသက်ဆိုင်သလို ဒါတွေက ယောက်ျားသားတွေနဲ့ မသက်ဆိုင် မိန်းမတွေပဲ လုပ်ရမယ့်အရာမျိုးလို့ သတ်မှတ် ထားတဲ့ ပုံစံမျိုးဆိုတော့ ယောက္ခမရဲ့ ဗာဟီရကိစ္စတွေကို ပခုံးထမ်းရပြန်တာကလည်း ချွေးမဖြစ်သူရယ်ပါ။ သူ့မှာလည်း စီးပွားရှာရ၊ အိမ်ရောက်တော့ မိသားစုအလုပ်ကိုပါ ဆက်လုပ်ရဆိုပြန်တော့ ရေရှည်မှာ ဘယ်ကြည်ဖြူနိုင်ပါ့မလဲလေ။ ဒီလိုနဲ့ ဒုတိယသားကို အလှည့်ပေးမယ်ကြံတော့ တံငါလှေကို အိမ်လုပ်နေရသူတွေလေ။ နောက်နှစ်ယောက်ကျလည်း လူပျိုဖြစ်သူက စိတ်က သိပ်မမှန်ချင်တာမျိုး။ ဟိုတယောက်ဘဝက ပိုဆိုး။ အကြွေးတွေ ပိနေရာကနေ သေသလား ရှင်သလားတောင် မသိ။ ပျောက်ဆုံးနေပြီ။ အကိုတွေမှာလည်း ကိုယ့်ဘဝနဲ့ကိုယ်ဆိုတော့ ဂရုတောင်မပြုနိုင် တော့တဲ့ အခြေအနေ။
ဒါရိုက်တာက သူကိုယ်တိုင်ပါ ဒါတွေကို မွန်းကြပ်လာတဲ့အခါမှာ ဖူချန်မြစ်ဘေးကို ထွက်ထွက်ပြေးပြပါတယ်။
မြစ်ဆိပ်ကတော့ ဘယ်အချိန်ကြည့်ကြည့် လူ့ဘဝထဲက အနာတွေကို စုပ်ယူသန့်စင်ထားသလို အလှတွေနဲ့ ဖူချန် တောင်ကရော ကလေးလေးတယောက် မျက်နှာသစ် အဝတ်အစားလဲထားတဲ့ သွင်ပြင်မျိုးနဲ့ အစဉ်သဖြင့် စိမ်းစိုလတ် ဆတ်နေတာ။ ဆိုတော့ အဲဒီနေရာတွေမှာပဲ၊ တောင်ခါးပန်းနားက လှေကားတွေမှာပဲ လမ်းတွေလျှောက်ကြရင်း ပန်းတွေကောက်ကြရင်းနဲ့ အရာအားလုံးကို မေ့ပစ်လိုက်ဖို့ ကောင်းပါရဲ့။ ဒီလိုတွေးရင်း ဆက်လက်ငေးလိုက်တော့ မြစ်နံဘေးမှာ မြူတွေ ဆိုင်းလို့။ မြစ်ပြင်ထဲမှာလည်း မော်တော်ဘုတ်သံက နီးလိုက် ဝေးလိုက်နဲ့ ဖြေးညင်းသလို အသွင်နဲ့ တရွေ့ရွေ့။ ဖူချန်က တကယ့်ကို စင်စစ် ပန်းချီကားတချပ်ပမာ။ လူတွေကို မမြင်ရသေးသရွေ့ အရမ်းလှပလို့နေတာ။
ငေးကြည့်ရင်း ကိုယ့်ကိုယ်ကို ပြန်လည်ကြည့်ရှုလိုက်တဲ့အခါ ကျနော့်မှာလည်း ဖူချန်တောင်ဘေးက လူတယောက်ရယ်သာ မဟုတ်ပါလား။ ဘဝအရေးကို ပြန်တွေးလိုက်တော့ ယခုထက်တိုင် မြစ်များထဲက မျောချင်ရော သွားနေတဲ့ ဝါးဆွေးတချောင်းလိုပါပဲ။ ဘယ်တနေ့မှာများ နစ်မြုပ်သွားမလဲ မသိနိုင်။ ခုအရွယ်ထိတိုင် ဘာတခုရယ်မှ ခိုင်ခိုင်မာမာ မရှိ။ ကျနော့် အနာဂတ်ဘဏ်ကတ်ထဲမှာ အိမ်ရာအသစ်တွေ ဝယ်ဖို့။ မိသားစုတွေနဲ့ သက်သောင့်သက်သာ ညနေခင်းတွေကို ဖြတ်သန်းနိုင်ဖို့ ကျန်းမာရေးမကောင်းရင် အာမခံချက်အပြည့်နဲ့ ကုသခွင့်ရဖို့ ဘာငွေ ခြူးတပြားရယ်မှ မရှိ။ လဲပြိုလို့သာသွားခဲ့ရင် သက်တမ်းလွန် အိမ်ရာတွေကို အပြီးဖြိုဖျက်လိုက်သလိုမျိုးသာ အမှုန်အမွှား၊ အလွင့်အပါးတခုအဖြစ်သာ ပျောက်ကွယ်သွားရမယ့် ဘဝမျိုး ဖြစ်လို့နေတာကို သိရှိနေမိပါတယ်။
ဒီအခါမှာတော့ ဖူချန်တောင်ဘေးက ကျောက်သားလမ်းတွေပေါ်ကို လမ်းထွက်လျှောက်ချင်စိတ် ဖြစ်လာခဲ့ပါတယ်။ အပြင်မှာတော့ မိုးမလင်းသေးပါဘူး။ သားလေးယောက်ကို မွေးခဲ့တဲ့ မိခင်အိုကြီးကတော့ အဲသလို မြူထူထူတွေကျတဲ့ညမှာပဲ အထုပ်ကလေးဆွဲပြီး သူတို့အိမ်ရာတွေထဲကနေ တိတ်တိတ်ကလေး ထွက်သွားခဲ့တာလေ။ တွေ့မယ်တွေ့တော့လည်း မြစ်အလယ်က လှေကလေးပေါ်မှာတဲ့။
ရုပ်ရှင်ပြီးလို့ တီဗီရှေ့က ထထွက်ပြီး ဖုန်းကနာရီကို ကြည့်လိုက်တော့ ည ဆယ့်နှစ်တောင် ထိုးလုပြီ။ အခန်းအပြင်ကို ထွက်ပြီး အပြင်ကို လှမ်းကြည့်မိတယ်။ မီးခိုးတွေ တလူလူထွက်နေတဲ့ စက်ရုံထိပ်က မီးခိုးခေါင်းတိုင်ကြီးကို မြင်နေရတယ်။ ညနက်ပေမဲ့ သိပ်ကြီး မမှောင်လှသေး။
[ရုပ်ရှင်ရည်ညွှန်း – Dwelling in the Fuchun Mountains လို့ အမည်ရတဲ့ ယခုရုပ်ရှင်ဟာ ၂၀၁၉ ခုနှစ်ထုတ်ဖြစ်ပြီး မျိုးဆက်သစ် တရုတ် လူငယ်ဒါရိုက်တာ Xiaogang Gu ရဲ့ လက်ရာဖြစ်ပါတယ်။ သူ့ရဲ့ ငယ်ဘဝကို အခြေခံထားတဲ့ ဒီရုပ်ရှင်ကို Trilogy အဖြစ် ဆက်လက်ထုတ်လုပ်မယ် ဆိုထားပြီး ယခုရုပ်ရှင်ဟာလည်း အခက်အခဲပေါင်းများစွာနဲ့ ထုတ်လုပ်ထားတဲ့ ရုပ်ရှင်လို့ဆိုပါတယ်။ ဘတ်ဂျက်ပြဿနာတွေ ရှိတော့ ထုံးစံအတိုင်းပဲ အိမ်က အမျိုးတွေကို ရုပ်ရှင်ထဲ ထည့်ရိုက်ထားတာပါတဲ့။]
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*