
‘ဖေဖေဖြေပါ (ရသင့်ရထိုက်မှု)’

“ဘယ်တော့ မီးပြန်လာမှာလဲ ဖေဖေ …”
ပုံမှန် လျှပ်စစ်မီးလာရက် ညပိုင်းအချိန်အတွင်းမှာပဲ မီးက ရုတ်တရက် ပြန်ပြတ်သွားတာမို့ အင်ဗာတာဖွင့်ဖို့ လုပ်နေတဲ့ ကျနော့်ကို သားတော်မောင်က မေးလာပါတယ်။
မီးပြတ်သွားတဲ့အချိန်က တိုက်တိုက်ဆိုင်ဆိုင် သူရုပ်ရှင်ကြည့်နေတဲ့အချိန် ဖြစ်တာမို့ မီးပြန်မလာတော့ဘဲ ရုပ်ရှင် ဆက်မကြည့်ရမှာကို သားတော်မောင်က စိတ်ပူနေပုံရပါတယ်။ အင်ဗာတာကလည်း အိမ်တွင်း မီးလင်းရုံလောက်သာ ဝပ်အားရှိတာမို့ တီဗီအပါအဝင် အခြားသော အီလက်ထရောနစ်ပစ္စည်းတွေကို အသုံးပြုနိုင်လောက်အောင် အထောက်အပံ့ ရှိမနေခဲ့ဘူးဖြစ်တယ်။
၂၁ ရာစုခေတ်ကြီးထဲ ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့ နည်းပညာ၊ ဖန်သားစခရင်၊ အီလက်ထရောနစ် ကိရိယာတွေနဲ့ ရင်းနှီးကျွမ်းဝင်နေပြီးဖြစ်သလို ၂၄ နာရီ နီးပါးမျှ မပြတ်မတောက်ဘဲ အမြဲလို လျှပ်စစ်မီးရရှိတဲ့ အချိန်ကာလအတွင်း ကြီးပြင်းလာခဲ့တဲ့ သားတော်မောင်အတွက်က အခုလို လျှပ်စစ်မီး ပြတ်တောက်တာ၊ အချိန်ခွဲတမ်းနဲ့ ရရှိတာတွေဟာ အထူးအဆန်းလို ဖြစ်နေခဲ့တယ်။
“ဖေဖေ မီးက အခု လာရမယ့်အချိန်လေ။ ဘာလို့ ပြန်ပြတ်သွားတာလဲ၊ ရုပ်ရှင်က ပြီးခါနီးပြီကို …”
သားတော်မောင်က သူကြည့်နေတဲ့ရုပ်ရှင် ပြီးခါနီးမှ ရုတ်တရက် မီးပြတ်သွားတဲ့အပေါ် အတော်လေး မကျေမနပ်ဖြစ်နေပုံ ရပါတယ်။ သားတော်မောင်မေးတဲ့ မီးက ဘာလို့ ပြန်ပြတ်သွားတာလဲ ဆိုတာကို ရုတ်တရက် လွယ်လွယ်ကူကူ ရှင်းပြနိုင်ဖို့ ကျနော့်မှာလည်း စကားလုံးရှိမနေဘူး ဖြစ်တယ်။
တိုင်းပြည်တွင်း နေ့စဉ်အမြဲနီးပါးလောက် လျှပ်စစ်မီးရရှိခဲ့ပြီး သာယာအေးချမ်းနေခဲ့တဲ့ အခြေအနေကနေ လူတစုရဲ့ ရူးသွပ်မိုက်မဲမှုကြောင့် အလုံးစုံပျက် သုဉ်းကာ အရာရာ ခက်ခဲကျပ်တည်းလာနေတဲ့ အခြေအနေကို သားတော်မောင် နားလည်အောင် ဘယ်လိုရှင်းပြရမလဲလို့ တွေးမိတယ်။
တဆက်တည်း သဘာဝသယံဇာတတွေ အလျှံပယ်ရှိနေပြီး လျှပ်စစ်မီးထုတ်လုပ်နိုင်ဖို့ ရင်းမြစ်တွေ အများကြီးရှိနေတဲ့ တိုင်းပြည်ဟာ လူတစုရဲ့ စိုးမိုးခြယ် လှယ်မှုအောက်မှာ ဘယ်တုန်းကမှ လျှပ်စစ်မီးကို ပြည့်ပြည့်ဝဝ မရရှိခဲ့တဲ့အကြောင်းကို ဆင့်ပွားတွေးမိတော့ စိတ်ဟာ နာနာကျင်ကျင်ဖြစ်မိတယ်။
လက်တွေ့မှာလည်း ကျနော်တို့ အဖေ၊ အမေ၊ အဘိုး၊ အဘွား၊ အဘေ၊ အဘီ လက်ထက်တွေကစပြီး တိုင်းပြည်ရဲ့ လျှပ်စစ်မီးဟာ ခွဲတမ်းအချိန်နာရီနဲ့ ရရှိခဲ့တာ၊ လာချင်တဲ့အချိန်လာ၊ ပြတ်ချင်တဲ့အချိန်ပြတ် ကြုံတွေ့လာခဲ့ရတာ၊ တိုင်းပြည်ကို လျှပ်စစ်မီးထုတ်လုပ်ပေးတဲ့ အရင်းအမြစ်ကြီးကို ပိုင်ဆိုင်ထားခဲ့ပေမဲ့ လျှပ်စစ်မီးဆိုတာကို မြင်ခွင့်မရရှာတဲ့ ပြည်သူတွေ ရှိနေခဲ့တာဟာ ကျနော်တို့မျိုးဆက်တိုင်ထိ အာဏာရှင်စနစ်ဆိုးမှာ တကယ့်ကို နှစ်ပေါင်းများစွာပါပဲ။
ဒါပေမဲ့ အဲဒီရဲ့အလွန် ကျနော်တို့ကဖြစ်တဲ့ မျိုးဆက်တခုကာလအရောက်မှာ ဒီအကြောင်းတရားတွေဟာ ကုန်လွန်ပြီးဆုံးပြီလို့ မှတ်ယူရခါနီးမှာပဲ အခြေအနေတွေက ကပြောင်းကပြန်တွေဖြစ်ခဲ့ရင်း ခေတ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားခဲ့ရတယ်။
“မီးက ဘာလို့ ခဏခဏ ပြတ်နေတာလဲ ဖေဖေ”
အာဏာရှင်စနစ်ဆိုးအောက် မျိုးဆက်တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လျှပ်စစ်မီးပြဿနာကစပြီး ဟိုတွေးဒီတွေး ပျံ့ လွင့်နေတဲ့ ကျနော့်စိတ်က သားတော်မောင်ရဲ့ အမေးစကားမှာ ပစ္စခက်ကို ပြန်ရောက်လာခဲ့တယ်။ တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ လျှပ်စစ်ဝပ်အားတွေ၊ တိုင်းပြည်က အမှန်တကယ်ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ဝပ်အားတွေကို တွက်ချက်ပြမှုဟာ သားတော်မောင်အမေးရှိတဲ့ မီးက ဘာလို့ပြတ်နေတာလဲဆိုတဲ့ မေးခွန်းအတွက် စစ်မှန်တဲ့အဖြေ မဟုတ်ဘူးဆိုတာ ကိုယ့်ဘာသာ သိနေမိတယ်။
“မကောင်းတဲ့ လူတွေကြောင့်မို့ ဖေဖေတို့က ဖေဖေတို့ ရသင့်ရထိုက်တာကို မရဘဲ ရှိနေတာပေါ့ သားရဲ့”
သားတော်မောင် နားလည်နိုင်ရဲ့လား၊ နားမလည်နိုင်ဘဲ ရှိမလား မစဉ်းစားဖြစ်တော့ဘဲ စိတ်မှာပေါ်လာတဲ့ စကားကို ရုတ်တရက် ပြောဖြစ်လိုက်မိတယ်။ ကျနော့်စကားကြားတော့ သားတော်မောင်က တချက် တွေဝေသွားတယ်။ ပြီးတော့ တခုခုဆိုရင် စဉ်းစားဟန်လို သူပြုမူလေ့ရှိတဲ့ ပုံစံအတိုင်း ခေါင်းကလေးစောင်းပြီး ပါးကို လက်ညိုးနဲ့ တို့ထိတို့ထိ လုပ်နေခဲ့တယ်။
“ရသင့်ရထိုက်တာဆိုတာ ဘယ်လိုမျိုးလဲ ဖေဖေ”
ကျနော့်စကားအပေါ်မှာ သားတော်မောင်က စဉ်းစားသလိုပြုပြီး မေးခွန်းမေးလာပါတယ်။ ကိုယ် စထားပြီးသား ဖြစ်တဲ့ဇာတ်မို့ ကိုယ်နိုင်အောင် ကမှ ဖြစ်မယ်လို့တွေးရင်း ဒီတခါတော့ သားတော်မောင် နားလည်နိုင်မယ့် ကားကို အသေအချာ စဉ်းစားရပါတယ်။
“ဒီလိုလေ သားရဲ့ …”
သားတော်မောင်ကိုရှင်းပြဖို့ စကားအစပျိုးလိုက်ပေမဲ့ ကျနော်အခုပြောမယ့် စကားက သားတော်မောင်သိလိုတာနဲ့ အံကိုက်ဖြစ်ပါ့မလား တွေဝေနေမိရင်း ရှေ့မဆက်ဖြစ်ဘဲ တုံ့ဆိုင်းနေမိတယ်။ သိမှတ်မှုပုံစံ ယွင်းချော်သွားမှာလည်း မလိုလားမိဘူးဖြစ်တယ်။ ဒါပေမဲ့ ဒါက ဦးဆောင်မှုနဲ့ ရသင့်ရထိုက်မှု အကြောင်း ဥပမာပြုသဘောပဲမို့ သားတော်မောင်အတွက် အကောင်းဆုံး နားလည်သိမှတ်နိုင်မှုကို ဖြစ်စေမယ်လို့တွေးမိရင်း စကားဆက်ဖြစ်တယ်။
“ဒီလိုလေ သားရဲ့၊ သား အခု ရုပ်ရှင်ကြည့်တာ၊ ကျောင်းသွားတာ၊ ဘောလုံးကစားတာ၊ ကစားကွင်းတွေသွားတာ၊ စားချင်တာစားရတာ အဲဒါတွေ ဘာကြောင့် သားလုပ်လို့ရနေတယ်ဆိုတာ သားသိလား …”
ကျနော့်စကားကြားတော့ သားတော်မောင်က ခဏစဉ်းစားသလိုရှိပြီး “မသိဘူး ဖေဖေ” လို့ ဆိုတယ်။
“ဖေဖေပြောတာကို သေချာနားထောင်နော်သား။ သားမေးတဲ့ ရသင့်ရထိုက်တယ်ဆိုတာ ဘာလဲလို့ သားနားလည်အောင် ဖေဖေ ကြိုးစားရှင်းပြပေးမယ်။ သား ဂရုစိုက်ပြီး သေချာနားထောင်နော်”
“ဟုတ် ဖေဖေ”
“ခုနကပြောတဲ့အရာတွေကို သားလုပ်ခွင့်ရနေတယ်ဆိုတာ ဖေဖေက သားကို လုပ်ခွင့်ပြုထားခဲ့လို့ဆိုတာ သားသိတယ်မို့လား”
“ဟုတ် ဖေဖေ”
“ဘာကြောင့် အဲဒီလို လုပ်ခွင့်ပြုထားတယ်၊ ဘာကြောင့် သားက လုပ်ခွင့်ရနေတယ်ဆိုတာကိုရော သားသိလား”
ဒီတခါတော့ သားတော်မောင်ရဲ့ အမေးစကားကို ကျေကျေလည်လည် ရှင်းပြနိုင်ဖို့ သားတော်မောင်ကို ကျနော် ပြန်ပြီး မေးခွန်းတွေ ထုတ်နေခဲ့ရပါတယ်။ တလွဲနားလည်မှုမျိုးနဲ့ တကြောင်းစွဲသိမှတ်မှုမျိုး ဖြစ်မသွားအောင် မေးခွန်းတချို့ကို သားတော်မောင်ကို ပြန်မေးရင်း တဆင့်ချင်း ရှင်းပြသွားနိုင်ဖို့ ကြိုးစားနေမိတာဖြစ်တယ်။
“ဖေဖေက သားဖေဖေမို့ လုပ်ခွင့်ရနေတာလား ဖေဖေ”
ကျနော် သူ့ကိုပြန်မေးတဲ့ မေးခွန်းကို သားတော်မောင်က အဖြေမကျ မေးခွန်းမကျပုံစံ ပြန်တုံ့ပြန်ပါတယ်။
“အခု ဖေဖေတို့နေတဲ့အိမ်မှာ ဘယ်သူက အိမ်မှာလိုအပ်နေတဲ့ ကိစ္စတွေကို လိုက်ပြီး လုပ်ဆောင်ပေးလဲ သား”
“ဖေဖေလုပ်တာလေ”
“ဟုတ်တယ် သား … အဲဒါ ဘာလို့လဲဆိုတော့ ဒီအိမ်မှာ ဖေဖေက ဦးဆောင်သူအဖြစ် အခြားသူတွေက သတ်မှတ်ပေးထားလို့ပဲ သား၊ သဘောက အိမ်မှာရှိတဲ့လူတွေက ဒီနေရာအတွက် ဖေဖေ့ကို ရွေးချယ်ပေးခဲ့ကြလို့ပဲ သား၊ ဖေဖေ အခုပြော တာကို သား နားလည်ရဲ့လား သား”
“ဟုတ် နားလည်တယ် ဖေဖေ”
ကျနော်ရှင်းပြတာကို သားတော်မောင်က နားလည်တယ်ဆိုတာမို့ ဆက်ပြီးရှင်းပြဖို့ အားတက်သွားမိတယ်။ ရာနှုန်းပြည့် အမှန်ဆိုတာမျိုးထက် သူ့အရွယ် သူ့စဉ်းစားဉာဏ်မှာ သူ့အတိုင်းအတာနဲ့သူ တွေးခေါ်မြော်မြင်သိလေး ရှိသွားတဲ့အခါ ကြီးပြင်းအရွယ်ရောက်လာချိန်မှာ လှေနံဓားထစ်မဟုတ်ဘဲ အကောင်းအဆိုး အကြောင်းအကျိုးကို ဆင်ခြင်နိုင်ဖို့ အခုလို ရှင်းပြနေမိတာပဲဖြစ်တယ်။
“ဟုတ်ပြီ သား။ အဲဒီလို ဦးဆောင်သူအဖြစ် အိမ်မှာရှိတဲ့သူတွေက ရွေးချယ် သတ်မှတ်ပေးထားတဲ့အခါ ဖေဖေက အဲဒီ အိမ်မှာရှိတဲ့လူတွေ၊ အိမ်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ တာဝန်ယူလာရတယ် သား။ အဲဒီအတွက် အိမ်မှာရှိတဲ့သူတွေ ရသင့်ရထိုက်တာ၊ သား ရသင့်ရထိုက်တဲ့ ကျောင်းတက်တာတို့၊ ကစားကွင်းသွားတာတို့၊ ဘောလုံးကန်တာတို့တွေ လုပ်ခွင့်ရအောင် ဖေဖေက ဆောင်ရွက် ဖြည့်ဆည်းပေးရတာပေါ့ သား”
“အဲဒါတွေနဲ့ မီးပြတ်တာနဲ့က ဘာဆိုင်လို့လဲ ဖေဖေ”
ကျနော့်စကားဆုံးတော့ သားတော်မောင်က ချက်ချင်းပဲ မေးခွန်းဆိုလာပါတယ်။ သားတော်မောင်ဆိုလာတဲ့ မေးခွန်းဟာ အစောပိုင်းတုန်းက ကျနော်ပြောဖြစ်ခဲ့တဲ့ မကောင်းတဲ့လူတွေနဲ့ သားတော်မောင်ရဲ့ မေးခွန်းအစဖြစ်တဲ့ ရသင့်ရထိုက်တာဆိုတဲ့ အရာအတွက် အကောင်းဆုံး အချိတ်အဆက်မိ ဖြေနိုင်ဖို့ လမ်းစတခုပါပဲ။
အိမ်တအိမ်ကို နိုင်ငံတခုလို့ မြင်ယောင် စဉ်းစားကြည့်စေပြီး ဒီအိမ်ရဲ့လိုအပ်ချက်၊ အိမ်မှာရှိနေသူတွေရဲ့ လိုအပ်ချက်၊ အိမ်ရဲ့ ဦးဆောင်သူနေရာအတွက် ရွေးချယ် သတ်မှတ်ပေးခံထားရသူရဲ့ အိမ်သူအိမ်သားတွေနဲ့ အိမ်အပေါ် လေးစားမှု၊ တန်ဖိုးထားမှု၊ တာဝန်ခံမှု၊ စီမံခန့်ခွဲဆောင်ရွက်ပေးမှုလိုပဲ နိုင်ငံရဲ့ ဦးဆောင်မှုနေရာ ရှိနေသူတွေရဲ့ စိတ်ရင်းစေတနာက နိုင်ငံသူနိုင်ငံသားတွေနဲ့ နိုင်ငံရဲ့ ကောင်းခြင်းဆိုးခြင်းအပေါ် ဘယ်လို ဖြစ်ပေါ် သက်ရောက်စေလဲ ဆိုတာကို သားတော်မောင် သိနားလည်ရှင်းလင်းအောင် ကောင်းကောင်းကြီး နှိုင်းယှဉ်ပြောပြဖို့ ဖြစ်စေခဲ့တာပါပဲ။
ကိုယ့်တဘို့တည်းကြည့်ပြီး တန်ဖိုးထား အလေးအမြတ်ပြု ဆက်ဆံရမယ့် အိမ်နဲ့ အိမ်သူအိမ်သား မိသားစုကို ဖြစ်ချင်ရာဖြစ် ပစ်ပယ်ထားတဲ့ အိမ်ထောင် ဦးစီးလို တိုင်းပြည်နဲ့လူထုရဲ့ ရသင့်ရထိုက်မှုအားလုံးကို လျစ်လျူရှုပြီး ကိုယ့်အကျိုးစီးပွားတခုတည်းမှာ အရာရာတိုင်းကို ဖျက်ဆီးပစ်ခဲ့တဲ့၊ ဖျက်ဆီးပစ်နေတဲ့ လူ့အန္ဓတွေအကြောင်း သားတော်မောင် စွဲမှတ် နာကျည်းနေအောင် ပြောပြရဦးမှာဖြစ်ပါတယ်။
Be the first to comment