ဖေဖော်ဝါရီခြေသံများ

“ဖေဖော်ဝါရီခြေသံများ”

■ အယ်ဒီတာ့စကား

အခုလက အမှတ်တရနေ့တွေ များလွန်းလှသည်။ မနေ့က ပြည်ထောင်စုနေ့။ ဖက်ဒရယ်အုတ်မြစ်၊ ဒီမိုကရေစီအုတ်မြစ် အစပြုဖို့ ဖြစ်ပေါ်လာသည့် ပင်လုံစာချုပ် ချုပ်ဆိုသည့်နေ့။ တရားမျှတမှု၊ လွတ်လပ်မှု၊ အခွင့်သာတူညီမျှမှု စသော ရည်မှန်းချက်များ …။ အေးအတူ ပူအမျှ၊ ဥမကွဲ သိုက်မပျက် အတူယှဉ်တွဲနေထိုင်ကြဖို့ အိပ်မက်များနဲ့ နိုးထခဲ့ရသည့်နေ့တနေ့ပင်။

ယနေ့ကတော့ တောင်ပေါ်မြေပြန့်ရှိ တိုင်းရင်းသားအားလုံး ပိုမို စည်းလုံးညီညွတ်မှုရအောင် ကြိုးစားခဲ့ပြီးတိုင်းပြည် ကို ကိုလိုနီဘဝကလွတ်မြောက်အောင် စွမ်းဆောင်ခဲ့သည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့။

ဗိုလ်ချုပ်တွင်ရှိသော လွတ်လပ်ရေးစိတ်အားထက်သန်မှု၊ ခြိုးခြံမှု၊ ဖြောင့်မတ်မှု၊ အနေရိုးမှုများ၏ သင်္ကေတသည် ပဲပြုတ်နှင့်နံပြားပင်ဖြစ်သည်။ ဖြူစင်ခြင်းနှင့် ရိုးသားခြင်းသည် ဗိုလ်ချုပ်၏ ပင်ကိုအရည်အချင်းဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ ကျဆုံးခဲ့ရသည်။

တေးရေးဆရာ သဟာယဆရာတင်၏ အာရှသူရဲကောင်း ဗိုလ်အောင်ဆန်းသီချင်းတွင် “ငါတို့ဗမာပြည် … မိဘတိုင်းကရယ် … ဗိုလ်အောင်ဆန်းလို … သူရဲကောင်းတွေ မွေးကြရမယ် … ငါတို့ဗမာပြည် … မိဘအပေါင်းတို့ကကွယ် … အာဇာနည်အစစ်ကိုရှိဖို့မွေးကြရမယ် …” ဟု ပါဝင်သည်။ ထိုစာသားသည်ပင် တိုင်းပြည်၏ ဗျာဒိတ်ပေလော၊ နိမိတ်ပေလောမသိ။

တိုင်းတပါး၏ သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့သော်လည်း စစ်ကျွန်ဘဝသို့ကျရောက်နေဆဲ မြန်မာနိုင်ငံအဖို့ “ငါတို့နိုင်ငံမှာ အာဇာနည်ဟာ ၉ ဦးမကဘူး” ဆိုသော ကြောက်ခမန်းလိလိကြွေးကြော်သံ ဟိန်းထွက်လာသည်။ အသက်ကိုစွန့်လွှတ်ဝံ့သော ရဲစိတ်ရဲမာန်များ တဖွားဖွားဖြစ်ပေါ်ခဲ့သည်။ မြန်မာပြည်တလွှားရှိ တိုင်းရင်းသားပြည်သူများ၊ မိဘများက သူရဲကောင်းအထောင်အသောင်း၊ အာဇာနည်အထောင်အသောင်းကို မွေးဖွားခဲ့ကြသည်။ အာဇာနည်တွေနေတဲ့တိုင်းပြည်ဖြစ်လာသည်။ အာဇာနည်မျိုး သေရိုးမရှိဟူသော အောင်စိတ်ဖြင့် အကြမ်းဖက်စစ်အာဏာရှင်တို့အားအမြစ်လှန်ခဲ့ကြသည်။

အာဏာသိမ်းပြီးစ ဖေဖော်ဝါရီလမှာ မနက်သပိတ်၊ ညသပိတ်၊ မီးမှိတ်သပိတ်၊ သံပုံးတီးသပိတ်၊ ရုံးမတက်နဲ့ ရုန်းထွက်သပိတ်၊ ထိုင်သပိတ် စသဖြင့် သပိတ်ပေါင်းစုံဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင်ခဲ့ကြသည်။ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုများ၊ မီးရှို့ဖျက်ဆီးခံရမှုများ ကြုံတွေ့လာရသောအခါ ကျောင်းသားလူငယ်များ၊ GZ များက ခုခံတွန်းလှန်စစ်ကို ရွေးချယ်ခဲ့ရသည်။ စာသင်ကျောင်းများ၊ ရုံးများ၊ လုပ်ငန်းခွင်များ၊ မိမိနယ်ပယ်များ၊ မိသားစုများ၊ အိုးအိမ်များကို စွန့်ခွာခဲ့ကြရသည်။ ချစ်သူ့လက်ဖျားနုနုများကို လွမ်းမောလှိုက်ရင်စွာ ဖြည်လွှတ်ခဲ့ရသည်။

အခု ဖေဖော်ဝါရီ ၁၄ ရက်၊ ချစ်သူများနေ့သည်လည်း လူငယ်ရဲဘော်များ၊ ဖော်မစုံကျွမ်းသူများအတွက် တမ်းတ၊ အမှတ်ရဖွယ်နေ့ ဖြစ်ပါလိမ့်မည်။ တော်လှန်ရေးနယ်မြေအသီးသီးမှာ တာဝန်ကိုယ်စီ ထမ်းနေကြသူတွေအဖို့ ဒီနှစ်မှာတော့ ချောကလက်တွေအစား နွေဦးအောင်ပွဲသတင်းတွေ၊ ဆုမွန်တွေသာ ဖလှယ်နိုင်ကြရဦးမည်။ ချစ်သူများ၊ လူငယ်ရဲဘော်များ လွမ်းစိတ် တိတ်တိတ်ဖြေကြရဦးမည်။ အားတင်းထားကြရပေဦးမည်။

စစ်အာဏာသိမ်း ၃ နှစ်မြောက်နှစ်ပတ်လည်နေ့ ထပ်ရှိလာတော့မည်မဟုတ်ဟု အမေရိကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ချောလက်က ပြောဆိုခဲ့သည်။ အမှန်တကယ် မြေပြင်တွင်လည်း ပြည်သူများ၏ ခုခံတော်လှန်စစ် တရှိန်ထိုးမြင့်တက်နေသည်။ အကြမ်းဖက် မအလကိုယ်တိုင် မြို့နယ်ပေါင်း ၁၃၂ မြို့နယ်ကို မထိန်းချုပ်နိုင်တော့ကြောင်း ကမ္ဘာကို ဖွင့်ဟဝန်ခံခဲ့ပေပြီ။ သူ့အာဏာမသက်ရောက်သော မြို့နယ်များကိုပင် (Martial Law) စစ်အုပ်ချုပ်ရေးအမိန့်များ အရှက်ပြေ ထုတ်ပြန်နေရသည်။

ပြည်သူတို့၏ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်သည် ခိုင်ကျည်လှသည်။ ထို အလံမလှဲစတမ်း မြင့်မားသောစိတ်ဓာတ်ကို အာဏာသိမ်းခြင်း၂ နှစ်ပြည့်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တနိုင်ငံလုံး အပြင်မထွက်သပိတ် တိတ်ဆိတ်ခြင်းအလှဖြင့် လှစ်ဟပြခဲ့သည်။

တရားမဝင်ရွေးကောက်ပွဲကို တိုက်ဖျက်ကြ၊ တိတ်ဆိတ်မှုနဲ့ သက်သေပြ ဟူသည့် မြန်မာပြည်သူများ၏ တခဲနက်စည်းလုံးညီညွတ်သော တွန်းလှန်မှုစွမ်းပကားကို ကမ္ဘာက တွေ့မြင်ခဲ့ရသည်။ တကယ်တော့ တရားမဝင်ရွေးကောက်ပွဲကိုသာ တိုက်ဖျက်ကြရမည်မဟုတ်။ ဖက်ဒရယ်အစစ်ကိုဗဟိုပြုကာ အတုဟူသမျှ တိုက်ဖျက်ကြရမည်ဖြစ်သည်။

ဆွေးနွေးပွဲအတု၊ ငြိမ်းချမ်းရေးအတု၊ ပညာရေးအတု၊ သာသနာအတု၊ အပစ်အခတ်ရပ်စဲရေးအတု၊ ဖက်ဒရယ်အတု၊ ရွေးကောက်ပွဲအတု စသည့် အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေမည့် ရေသောက်မြစ်မှန်သမျှ ဖြတ်တောက်ကြရမည်။ ယခု ၂၀၂၃ တော်လှန်ရေးအဆုံးအဖြတ်နှစ်မှာပင် နွေဦးအောင်ပွဲ၏ အောင်စည်သံများကို အတိုင်းသား ကြားနေရသည်။ ကျွန်ုပ်တို့ ညီနောင်အားလုံး ပိုမိုညီညွတ်ကြဖို့ လိုအပ်နေပေပြီ။

About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*