ဖြစ်ပုံကိုယ်တွေ့တခု (၂)

‘ဖြစ်ပုံကိုယ်တွေ့တခု (၂)’
◼️ထွင်
သည် ဖြစ်ပုံကိုယ်တွေ့တခုကလည်း ကျွန်ုပ်တသက် မှတ်မှတ်ရရ ရှိနေဦးမှာပါ။
***
တော်လှန်စားဖိုမှူးဖြစ်သော ကျွန်ုပ်ထံ အိမ်က မက်ဆေ့ပို့လာသည်။ စာအုပ်ချုပ်စရာတွေ အများကြီးရှိလို့ အိမ် ခဏပြန်ခဲ့ပါဦး တဲ့။
ကျွန်ုပ် အလွန်ပျော်သွားရသည်။ စာအုပ်များ ချုပ်ရတော့မည်ကြောင့် မဟုတ်။ ပျော်ရသည့်အကြောင်းများက အများကြီးပါ။
ကျွန်ုပ်မှာ စာအုပ်ချုပ်စက်ကြီး ရှိသည်။ အပေါက်ဖောက်ပြီး ချုပ်ရသည်မဟုတ်။ စာအုပ်ကို စက်အောက်မှာထားပြီး ဂျိုင်းကနဲ တချက် နှိပ်လိုက်ရုံသာ။
ကျွန်ုပ်က စာဖတ်ဝါသနာပါသဖြင့် စာအုပ်မျိုးစုံ ဝယ်သည်။ လေးစားရသည့် စာရေးဆရာတွေ စာအုပ်ထွက်တိုင်း အားပေးသည်။ ခေတ်ရနံ့မဂ္ဂဇင်း၊ ကာလာရိန်းဘိုးမဂ္ဂဇင်းတို့ဆို လစဥ်ဝယ်ဖတ်သည်။ ယခုဆို ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့်ရော၊ မင်းအောင်လှိုင် အာဏာသိမ်းလိုက်သောကြောင့် ပြည်တွင်းစစ်ဖြစ်ပြီး မည်သည့်မဂ္ဂဇင်းမှ မထွက်တော့ပါ။ ပြည်တွင်းစစ်ကာလကြီးမှာ ထွက်သော မဂ္ဂဇင်းများ၊ စာအုပ်များကိုတော့ အားမပေးတော့။
ရှိပါစေတော့လေ။ ကျွန်ုပ်ပြောချင်သည်က ကျွန်ုပ်သည် စာအုပ်များစွာ ဝယ်ယူအားပေးခဲ့ဖူးရာ ထိုစာအုပ်များကို မြတ်နိုးသောအားဖြင့် မစုတ်မပြဲစေရန် ချုပ်စေချင်စိတ်ဖြင့် စာအုပ်ချုပ်စက် ဝယ်ခဲ့သည်။ အဲသည်မှာတင် ကျွန်ုပ်သည် စာအုပ်ချုပ်သမားကြီး ဖြစ်မှန်းမသိ ဖြစ်သွားခဲ့သည်။
ရွာမှာ ရွာသင်ကျောင်း ရှိသည်ကိုး။ ရွာမှာ တခြား စာအုပ်ချုပ်သမားလည်း မရှိ။ သည်တော့ ကျောင်းဖွင့်တိုင်း ကျွန်ုပ်ထံ ကျောင်းသူကျောင်းသားများက စာအုပ်လာချုပ်ကြသည်။ ကျောင်းဖွင့်စဆိုလျှင် ကျွန်ုပ်မှာ ချုပ်စရာစာအုပ်တွေ အပုံလိုက်၊ အထပ်လိုက်။ တနေကုန် ချုပ်ရသည်။ ညလုံးပေါက် ချုပ်ရသည်။ ကျွန်ုပ်မှာ စာအုပ်ချုပ်သော စီးပွားရေးသမားကြီး ဖြစ်မှန်းမသိ ဖြစ်သွားခဲ့သည်။ အစက သည်လိုဖြစ်ဖို့ လုံးဝ မရည်ရွယ်ခဲ့။ သို့ပါသော်လည်း တနှစ်မှ တကြိမ်မို့ ပိုပိုလျှံလျှံတော့ မရခဲ့ပါ။
ကိုဗစ်ကပ်ရောဂါများလည်း ဖြစ်၊ ပြည်တွင်းစစ်ကြီးလည်းဖြစ်၊ စစ်ကာလမှာ မည်သည့်စာအုပ်မှလည်း မဝယ်တော့သဖြင့် ကျွန်ုပ်၏ စာအုပ်ချုပ်စက်ကလေးမှာ ငါးနှစ်ကျော်မျှ ချောင်ကြိုချောင်ကြားထဲ ရောက်နေခဲ့ရသည်။ ယခုတော့ စာအုပ်ချုပ်စက်ကလေး ချောင်ကြားထဲက ထုတ်ရတော့မည်။ သည့်ကြောင့် ပျော်ရတာလည်းပါသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နှင့် ပြည်တွင်းစစ်ဖြစ်သောကြောင့် ကျောင်းများမဖွင့်ရသည်မှာ ငါးနှစ်ဝန်းကျင် ကြာမြင့်ခဲ့ပါသည်။ သည့်အတွက် ကျွန်ုပ်မှာ အလွန် ဝမ်းနည်းခဲ့ရသည်။ ကျွန်ုပ်တွင် ကျောင်းတက်ရဦးမည့် ညီလေးနှင့် တူမလေးလည်းရှိသည်။ သူကလေးတို့ ကျောင်းမတက်ရတာ ငါးနှစ်ပြည့်တော့မည်။ သူက​လေးတို့ ပညာငတ်မွတ်နေခဲ့ရသည်။ ယခု သူကလေးတို့ ကျောင်းတက်ရတော့မည်မှန်း သိလိုက်ရသဖြင့် ပျော်ရသည်။
ပြည်တွင်းစစ်ကာလ စစ်အာဏာရှင် မင်းအောင်လှိုင်၏ လက်အောက်တွင်ဖွင့်သော ကျောင်းကို ခွေးကျောင်းဟု ပြည်သူများက လှောင်ပြောင်ကြသည်။ စစ်အာဏာရှင်ကို တော်လှန်ရင်း ဖွဲ့စည်းလိုက်သော NUG အစိုးရ၏ လက်အောက်တွင် ဖွင့်သောကျောင်းကို လူကျောင်းဟု ပြည်သူများက သတ်မှတ်ကြသည်။ ကျွန်ုပ်တို့ရွာသည် စစ်အာဏာရှင်အား ရွံမုန်းသောရွာမို့ ခွေးကျောင်းဖွင့်ခွင့် မပြုခဲ့ကြပါ။ သည့်အတွက်လည်း ရွာကလေးသည် စစ်ဒဏ်ကို အလူးအလဲ ခံခဲ့ကြရပြီးပြီ။ သည်လို အလူးအလဲ ခံနေရသည့်ကြားက မဆုတ်မနစ်ဇွဲနှင့် NUG ကျောင်းလေးကို ဖွင့်နိုင်ခဲ့ပြီ။ သည်လိုဖွင့်နိုင်ဖို့အတွက်လည်း နယ်မြေစိုးမိုးနိုင်အောင် အသက်များစွာ ပေးဆပ်တော်လှန်ခဲ့ကြရသည်။ ကျွန်ုပ်၏ ညီနှင့် တူမလေးတို့သည် လူကျောင်းတွင် ပညာသင်ရတော့မည်။
အိမ်ကနေ ထိုမက်ဆေ့ ရောက်လာသောအခါ တော်လှန်စားဖိုမှူးဖြစ်သော ကျွန်ုပ်သည် ပကဖခေါင်းဆောင်အား ခွင့်သုံးရက်တောင်းပြီး အိမ်ပြန်ခဲ့သည်။ ကျွန်ုပ်တို့၏ ကန့် (ဋ္ဌာနေ) သည် ရွာနှင့် ရှစ်မိုင်မျှ ဝေးသည်။ ပကဖခေါင်းဆောင်ကလည်း NUG ပညာရေးကို အားပေးသူမို့ ​ရှောရှောရှူရှူ ခွင့်ပြုသည်။
အိမ်ရောက်ရောက်ချင်း စာအုပ်များ အထပ်လိုက်၊ အပုံလိုက် ရှိနေသည်ကို တွေ့ရသည်။ အမေကလည်း ရောက်ရောက်ချင်း တန်းပြောသည်။ သန်ဘက်ခါဆို ကျောင်းဖွင့်တော့မှာ၊ ကျောင်းအမီ ပြီးအောင် ချုပ်ပေးပါတဲ့။ ကျွန်ုပ်လည်း ပြီးသလောက်တော့ ချုပ်မည်ဆိုပြီး ရောက်ရောက်ချင်း ချုပ်လေတော့သည်။
နောက်ထပ် နှစ်ရက်ကြာသည်အထိ ကျွန်ုပ်မှာ စာအုပ်တွေက ချုပ်လို့မပြီးသေး။ ချုပ်ရတာ မကြာပေမယ့် မျက်နှာဖုံးပလပ်စတစ်ကို တိုင်းတာရ၊ ညှပ်ရတာ လက်မလည်နိုင်။ နောက်ထပ်နောက်ထပ် ချုပ်ပေးဖို့ လာလာအပ်သူတွေကလည်း ခဏခဏ။ သည့်ကြောင့် ကျွန်ုပ်မှာ ပကဖခေါင်းဆောင်အား လှမ်းပြောရသည်။ အလုပ်တွေမပြီးနိုင်လို့ ပြီးအထိ ရွာမှာ နေပါရစေ ဟု။
တနေ့တွင်တော့ မိခင်တဦးက သူ၏သားကလေးအတွက် စာအုပ်ချုပ်ဖို့ လာအပ်သည်။ ထိုမိခင်က ကျွန်ုပ်ထက် တနှစ်ငယ်သည်။ ထို့ကြောင့် ကျွန်ုပ်က ရင်းရင်းနှီးနှီး နင်ဟု သုံးနှုန်းသည်။
ထိုမိခင်ကိုမြင်တော့ ​သူ့လင်ကို သတိရပြီး လောကွတ်သဘောနှင့် မေးမိသည်။ နင့်ယောကျ်ား ဘယ်ရောက်နေသလဲ ဟု။ ကျွန်ုပ်အထင် အဲ့ကောင် တော်လှန်ရေးလောကထဲတွင် မတွေ့သဖြင့် ပြည်ပတနေရာရာတွင် အလုပ် လုပ်နေလိမ့်မည်ဟု။
ကျွန်ုပ်မေးတော့ ထိုမိခင်၏မျက်နှာတွင် ကျွန်ုပ်မဖတ်နိုင်သော အရိပ်တခု ဖြတ်ပြေးသွားခဲ့သည်။ နောက်မှသိရသည်မှာ ထိုအရိပ်မှာ ပြောမထွက်နိုင်သော အရိပ်ပဲဖြစ်သည်။ သည့်အတွက် ကျွန်ုပ်မှာ အလွန်အမင်း စိတ်မကောင်းဖြစ်ရသည်။
ကျွန်ုပ်မေးတော့ ထိုမိခင်က ပြုံး၍သာ ဖြေပါသည်။ အနိုင်နိုင် အားယူရသော အပြုံး။ သို့ပါသော်လည်း ထိုအပြုံး၏ အဓိပ္ပါယ်ကို ကျွန်ုပ် မဖတ်နိုင်သေး။ ထိုအပြုံးထဲမှာ ကျွန်ုပ်အား မသိလို့မေးတာပဲ အပြစ်မတင်ရက်ပါဘူး ဆိုသော အဓိပ္ပါယ်များလည်း ပါဝင်သည်ကို နောက်မှ သိရသည်။ ထိုမိခင်အဖြေက မသိဘူး ပျောက်သွားတယ် တဲ့။
ထိုသို့ဖြေကတည်းက အဓိပ္ပါယ်ကို ကျွန်ုပ် ရိပ်မိခဲ့ဖို့ ကောင်းပါသည်။ မရိပ်မိရုံမက ကျွန်ုပ်အထင်ကိုသာ ဆက်ပြောလိုက်မိသေးသည်။ ဟင် အဲ့လိုကြီးလား၊ အေးဟ ယောကျ်ားတွေဆိုတာ အဲ့လိုပဲ၊ လိုတာရပြီးရင် မလိုကြတော့ဘူး၊ သူ့မိဘတွေကို စုံစမ်းခိုင်း၊ သူ ဘယ်ရောက်နေတာလဲလို့၊ နောက်မိန်းမ ရနေတာလားလို့၊ နင် ငါ့ကို မပေါင်းတော့ဘူးဆိုရင် အလျော်ပေးရမယ်လို့ အဲ့လိုပြောပစ်။
ထိုမိခင်ကတော့ ပြုံးပြုံးလေးသာ နေပါသည်။ ဘာမျှ ပြန်မပြောတော့။ ဤသည်ကို ကျွန်ုပ်က သည်သို့ ထင်လိုက်ပြန်သည်။ အင်းပေါ့လေ။ မိန်းမဘဝဆိုတာ နာဘက်ချည်းပဲလေ။ လင်ကို မပေါင်းချင်တော့ရင်တောင် သားသမီးမျက်နှာထောက်ပြီး အောင့်အည်းပေါင်းရတာပဲ ဟု။ သည့်အပြင် အင်းပေါ့ ၊ သူက မချစ်တော့ပေမယ့် နင်ကတော့ ချစ်တဲ့စိတ်နဲ့ အပြစ်မတင်ရက်ဘူးပေါ့ ဟုလည်း ကျွန်ုပ်က ထပ်ဆင့် ထင်လိုက်ပြန်သေးသည်။
စာအုပ်ကို မနက်ဖြန်မှ ပြီးမယ်ဟု ပြောလိုက်သဖြင့် မိခင်က ပြန်သွားသည်။ သည်တော့ ဘေးနားတွင်ရှိနေသော ဧည့်သည်တချို့က ကျွန်ုပ်အား ဆူပူကြိမ်းမောင်းကြတော့သည်။
တော်လှန်စားဖိုမှူးကြီးရယ် နင့်မလည်း တော်လှန်ရေးတွေလုပ်ပြီး ဘာမှကို မသိရှာပါလား ခက်ပါရဲ့ဟယ် ဟု အပြစ်တင်ကြသည်။ သည်တော့ ကျွန်ုပ်လည်း နားမလည်စွာ မေးရပါသည်။ ဘာလို့လဲဟ ဟု။
နင်က ငါတို့ထက်တောင် ပိုသိရမှာ၊ သူ့လင်က မရှိတော့ဘူးဟဲ့၊ ပီဒီအက်ဖ်တွေက သတ်ပစ်လိုက်ကြပြီဟဲ့။ ဟင် ဘယ် ဘယ် ဘယ်လို။ နင့်အဖြစ်က အလိုက်ကန်းဆိုး မသိလိုက်တာဟယ်၊ နင် အဲ့လိုမေးတော့ သူ့စိတ်ထဲ ဘယ်လိုဖြစ်သွားမလဲ နင်တွေးကြည့်။ ဟာ ငါမှ ဘာမှမှမသိတာ၊ ပြောလေ၊ သူ့လင်က ဘာလဲ ဒလန်လား။ အေး ဟုတ်တယ် ဒလန်၊ ဟို ဝက်ရွာက ပျူခေါင်းဆောင် ဝင်းငွေရဲ့ တပည့်လေ၊ ဝင်းငွေက သူ့လင်ကို ငါးသိန်းပေးပြီး ပီဒီအက်ဖ်တွေ ဘယ်မှာရှိတယ်ဆိုတာ လိုက်စုံစမ်းခိုင်းတာ၊ ပီဒီအက်ဖ်စခန်းတခုကို အလည်လာသယောင်နဲ့ လာစုံစမ်းတာပေါ့၊ ညပါ အိပ်တာ၊ တခါကျတော့ မနက်အစောကြီး ပျောက်သွားလို့ လိုက်ရှာပြီး မေးခါမှ ဝင်းငွေရဲ့တပည့်ရင်း ဖြစ်နေတာကို သိခဲ့ရတာတဲ့၊ အာ့နဲ့ သုတ်သင်ပစ်လိုက်တာဆိုပဲ၊ ဒါတွေ နင် တကယ် မသိတာလား။ ဟင့်အင်း ငါ လုံးဝ မသိခဲ့ဘူး၊ ငါ့ကို ဘယ်သူကမှလည်း မပြောကြဘူးလေ၊ ငါလည်း စားဖိုမှူးဆိုတော့ ထမင်းချက်နေရင် တာဝန်ကျေပြီဆိုပြီး ဘာသတင်းမှလည်း မမေးမိဘူး။ ဖြစ်ရလေဟယ်၊ အင်းလေ သူ့လင်ကို သုတ်သင်တဲ့အဖွဲ့က နင်တို့အဖွဲ့မဟုတ်တော့ နင်မသိတာလည်း မဆန်းပါဘူး။
ထိုသို့ကြားရသည့်အခါ ကျွန်ုပ် ထိုမိခင်၏လင်ကို အံ့သြရသည်။ မိုက်လိုက်လေခြင်းဆိုပြီး လက်ဖျားခါမိသည်။ သည်ကောင် သည်လို လုပ်လိမ့်မည်ဟုလည်း ကျွန်ုပ် လုံးဝ မထင်မိ။ အင်းလေ သည်ကောင်က ကျွန်ုပ်တို့ရွာသားမှ မဟုတ်တာ။ သည်ကောင့်အကြောင်း ကျွန်ုပ် ဘယ်ကောင်းကောင်း သိပါ့မည်လဲ။
ပြီးတော့မှ ထိုမိခင်၏ ခုနက မျက်နှာပေါ်က အဓိပ္ပါယ်များကို ကျွန်ုပ် နားလည်သွားရပြီး များစွာ စိတ်မကောင်းဖြစ်ရသည်။ ဟုတ်ပါသည်။ ကျွန်ုပ်အဖြစ်က အလိုက်ကန်းဆိုး မသိရာကျသည့် အဖြစ်ပေပဲ။ ကျွန်ုပ်မေးတုန်းက ဘေးကဧည့်သည်တွေက ဘယ်လောက်တောင် တားချင်နေလိမ့်မလဲ။ ထိုမိခင်၏ မျက်နှာပေါ်မှာ ကျွန်ုပ် တကယ်မသိလို့ မေးတာပါပဲ အပြစ်မယူရက်ပါဘူး ဆိုသော အဓိပ္ပါယ်များလည်း ပါဝင်ခဲ့သေးသည်ပဲ။ ကျွန်ုပ်ကိုမှ မဟုတ်၊ ပီဒီအက်ဖ်တွေကိုလည်း စိတ်နာမည်မဟုတ်။ ကျွန်ုပ်က တော်လှန်စားဖိုမှူးဖြစ်တော့ ပီဒီအက်ဖ်တွေကို တကယ်စိတ်နာလျှင် ကျွန်ုပ်ကို ပြုံးပြမည်မဟုတ်သလို စာအုပ်လည်း လာချုပ်လိမ့်မည်မဟုတ်ပေ။
နောက်နေ့မနက်မှာ ထိုမိခင်က သား၏လက်ကလေးကိုဆွဲပြီး စာအုပ်လာရွေးသည်။ သားကလေးက သနပ်ခါး ပဲကြားလေးနှင့်။ အဖြူအင်္ကျီ၊ ကြက်သွေးရောင်ဘောင်းဘီလေးနှင့်။ မျက်နှာကလေးက ဖြူစင်ပြီး အပြစ်ကင်းစင်လှသည်။ ထိုမိခင်က ကျသင့်ငွေရှင်းပြီး ထွက်သွားသည့်အခါ ကျွန်ုပ် အတွေးပွားနေမိသည်။
သားကလေးကတော့ ဘာမျှ သိရှာလိမ့်မည်မဟုတ် ဟု။ တနေ့နေ့ သားကလေးသိသည့်အခါ သူ့ဖခင်ကို သတ်ဖြတ်ကြသူများဟာ ပီဒီအက်ဖ်များမှန်း သိသွားခဲ့လျှင် ထိုစဥ်တုန်းက ပီဒီအက်ဖ်များအပေါ် မုန်းတီးနေလိမ့်မလား ဟု။ သို့မဟုတ်လျှင်လည်း ခွင့်လွှတ်လိမ့်မည်လား။ သားကလေးရဲ့ ဖခင်ဟာ မတရားမှုဘက်မှာ ရပ်တည်ပြီး တရားသည့်ဘက်မှာ သူလျှိုလုပ်နေခဲ့သည်ကို သားကလေး နားလည်နိုင်ပါ့မည်လား။
သေချာတာတခုကတော့ အဖြစ်မှန်ကို သားကလေးသိလျှင် စိတ်ဒဏ်ရာတော့ ရမည်မှာ အသေအချာပါပဲ။ ပြီးလျှင် ခွင့်လွှတ်နိုင်ဖို့၊ နားလည်နိုင်ဖို့အတွက်ဆိုလျှင် ယခု သားကလေးအား သင်ပေးနေသော ပညာရေးထဲတွင် အမှား၊ အမှန်၊ မျှတမှု၊ ကိုယ်ကျင့်တရားများအကြောင်း သိနိုင်၊ မြင်နိုင်၊ ခွဲခြားနိုင် အောင် ထဲထဲဝင်ဝင် သင်ပေးနိုင်ဖို့အပေါ်မှာပဲ မူတည်ပါသည်။
About The Call 697 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*