
‘ဖွင့်ထားတဲ့ မျက်ခွံပါးပါးလေးအောက်က ကိန်းအောင်းနေမှုတွေကို ဘာသာပြန်ဆိုဖို့ရာ မရဲပါ’

ဒီခေတ်၊ ဒီစစ်ကြီးအတွင်းမှာ ဘယ်သူ့မျက်လုံးကိုမှ သေချာ စိုက်မကြည့်နိုင်ခဲ့တာ ကြာပါပြီ။ ဘယ်အချိန်က စဖြစ်ခဲ့လဲ မသေချာပေမယ့် အိမ်ကထွက်လာကတည်းက ဖြစ်ဖို့များပါတယ်။ ဒါဟာ နှုတ်ကထွက်ရတဲ့ စကားလုံးတွေထက် မျက်လုံးတွေကနေတဆင့် ဆက်သွယ်ရတာ ပိုပြီး အဆင်ပြေတဲ့ ကျမအတွက်တော့ အတော့်ကို သက်သောင့်သက်သာမဖြစ်တဲ့ ကိစ္စတခုပါ။ အဲဒီလို မျက်လုံးကနေတဆင့် သိမှုတွေမှာ နေသားကျခဲ့ပေမယ့် အခုအချိန်မှာတော့ တယောက်ယောက်ရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်နိုင်ဖို့ မပြောပါနဲ့၊ ငေးကြည့်ဖို့ဆိုတာတောင် ကျမ မလုပ်နိုင်တဲ့ ကိစ္စတခု ဖြစ်လို့လာနေပါတယ်။ ဘေးနားကလူတွေရဲ့ မျက်လုံးတွေထဲကို သေချာ စိုက်မကြည့်ရဲတော့သလို ကျမအပေါ် ခံစားချက်တွေကို နှုတ်ကနေမဟုတ်ဘဲ မျက်လုံးကနေတဆင့် ပြောပြလို့ ရပါတယ်လို့ ဆိုခဲ့ဖူးရလောက်အောင် သိရသူတွေရဲ့ မျက်လုံးထဲကိုလည်း စိုက်မကြည့်နိုင်တော့ပါဘူး။ မျက်လုံးကနေတဆင့် ထုတ်လွှင့်နေတဲ့ သိမှုလှိုင်းတွေ၊ အသံလှိုင်းတွေကို သိသည့်တိုင်အောင် သိနေ၊ ကြားနေရမှုတွေမှာ အဆင်ပြေနိုင်ဖို့ရာ အတော့်ကို ခက်ခဲလှပါတယ်။
ရိုးဖြောင့်ပွင့်လင်းသူ တယောက်ဟာ ခံစားရမှု၊ သိရှိမှုတွေကို နှုတ်ကနေ စကားလုံးအဖြစ် ဖော်ပြလိုက်ရမှ ရင်မှာ ရှင်းလင်းသလိုပဲ မျက်လုံးထဲကနေ တဆင့် သိရှိမှုတွေကိုတော့ စကားလုံးတွေနဲ့ ဖော်ပြနိုင်ဖို့ရာလည်း မရဲတော့သလို၊ မဖြစ်နိုင်တော့သလို ရင်မှာ မရှင်းလင်းမှုတွေသာ အစိုင်လိုက်၊ အခဲလိုက် ကျန်နေခဲ့ရပါတယ်။ မီးခိုးလုံးတွေကြား သားကို ရင်မှာပိုက်ထားတဲ့ မိခင်ရဲ့ သားလေး အန္တရာယ်ကင်းကြောင်း မြင်ရတဲ့အခါ တွေ့ရတတ်တဲ့ ဝင်းလက်သွားတဲ့မျက်ဝန်း၊ ချစ်ရသူတွေကို ဆုံးရှုံးလိုက်ရသူရဲ့ မျက်ဝန်း၊ နောက်ဆုံးအချိန်မှာ ကိုယ်ထိလက်ရောက် ဦးချ ကန်တော့ပိုင်ခွင့် မရှိသူတွေရဲ့ အဝေးရောက်နာရေးတက်ရင်း ဖန်သားပြင်ပေါ်က ရုပ်အလောင်းကို ကန်တော့နေတဲ့ မျက်ဝန်း၊ ရဲဘော်လေးရဲ့ “အားလုံးပြီးသွားတဲ့အခါ သားက အိမ်တန်းပြန်လာမှာ” လို့ ပြောလိုက်တဲ့အခါ မိဘနှစ်ပါးရဲ့ ဝင်းလက်သွားတဲ့ မျက်ဝန်း၊ စစ်ကြီးပြီးသွားရင်တောင် ပြန်မဆုံနိုင်တော့သူတွေရဲ့ အပြီးတိုင် မှိတ်သွားတဲ့ မျက်ခွံလေးတွေကို စိုက်ကြည့်နေတဲ့ မျက်ဝန်း၊ ဖြစ်ပျက်ခဲ့ရသမျှ လက်ခံရင်ဆိုင်ပြီး ရှေ့ဆက်ကြဖို့အပြင် ဘာမှမတတ်နိုင်တဲ့ ဘဝတွေမို့ အားတင်းရှေ့ဆက်ကြဖို့ရာ တင်းတာတဲ့ မျက်ဝန်း၊ မသိနားမလည်သေးတဲ့ ကလေးငယ်လေးတဦးရဲ့ တောက်ပတဲ့ မျက်ဝန်းနက်နက်လေးတွေ ………
မျက်ခွံပါးပါးလေးကနေ ထိုးထွက်နေတဲ့ မျက်တောင်တွေဟာ အလွန်အမင်း လေးလံသယောင် ထင်ရလောက်အောင် ဖွင့်တယ်ဆိုရုံလေး ဖွင့်ပြီး အိမ်ရှိရာ ဒါမှမဟုတ် မရှိတော့တဲ့အိမ်လေးရဲ့ အရပ်ကို မှန်းမျှော်နေတဲ့ မျက်ဝန်းတွေ ……..
မျှော်လင့်ချက်နဲ့ တောက်ပနေတဲ့ မျက်ဝန်းတွေ ……..
အမြင့်က ကောင်းကင်ကို ငြိမ်သက်စွာ မော့ကြည့်နေတဲ့ ဗလာနတ္ထိ မျက်ဝန်းတွေ ……
ဖွင့်ထားတဲ့ မျက်ခွံပါးပါးလေးအောက်က ကိန်းအောင်းနေမှုတွေကို ဘာသာပြန်ဆိုဖို့ရာ မရဲပါ။
၇. ၃. ၂၀၂၅
Be the first to comment