”ဗင်နီဇွဲလား၊ ကျားဖြန့်နဲ့ မြန်မာစစ်တိုင်းတွေအတွင်းက စစ်ဆင်ရေးများ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
၂၀၂၅ ဒီဇင်ဘာလကုန်နဲ့ ၂၀၂၆ နှစ်သစ် ပထမပတ်အတွင်း မြန်မာနဲ့ ကမ္ဘာမှာ အရေးကြီးတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တာ တွေ့ရတယ်။
‘ဗင်နီဇွဲလား’
၂၀၂၆ ဇန်ဝါရီ ၃ ရက်နေ့ မနက်ခင်းမှာ ဗင်နီဇွဲလားသမ္မတကို သူ့နိုင်ငံတွင်း ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်တဲ့ Operation Absolute Resolve လို့နာမည်ပေးထားတဲ့ စစ်ရေးစွက်ဖက်မှု (Military Intervention) တခုကို အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်ခဲ့တယ်။ ဒါဟာ ၁၉၈၉ ပနားမားကိုဝင်တိုက်ပြီး အာဏာရှင်ဗိုလ်ချုပ်ကြီး နိုရေဂါကို ဖြုတ်ချခဲ့တဲ့ အမေရိကန်စစ်ဆင်ရေး (Operation Just Cause) နောက်ပိုင်း လက်တင်အမေရိက နိုင်ငံတခုကို အမေရိကန်ရဲ့ ဗြောင်ကျတဲ့ ကျူးကျော်တိုက်ခိုက်မှု တခုဖြစ်တယ်။
နိုရေဂါကို ဖြုတ်ချတိုက်ခိုက်မှာ မူးယစ်ဆေးနဲ့ အာဏာရှင် (Narco-dictator) ဟာ ဗင်နီဇွဲလားကို တိုက်ခိုက်ခဲ့သလို အဓိက အကြောင်းပြချက်တခုအနေနဲ့ ပါဝင်ခဲ့တယ်။ သို့ပေမယ့် အမေရိကန်အတွက် ပနားမားစွက်ဖက်မှုရဲ့ တကယ့် မဟာဗျူဟာလှုံ့ဆော်မှုဟာ ပနားမားတူးမြောင်းကို ထိန်းချုပ်လိုမှုနဲ့ စစ်အေးအပြီး လက်တင်အမေရိကမှာ အမေရိကန် လွှမ်းမိုးထိမ်းချုပ်နိုင်မှုကို အကောင်အထည်ဖော်လိုတာဖြစ်တယ်။
ဗင်နီဇွဲလားတိုက်ခိုက်မှုမှာတော့ အမေရိကန်တွေအတွက် ပနားမားလို အရေးပါတဲ့ ကုန်သွယ်ရေးဆက်ကြောင်း တူးမြောင်းတခုကို ထိန်းချုပ်ရေးဆိုတဲ့ အဆင့်ကနေ အမေရိကန်ရဲ့ မဟာမိတ် ရန်ဘက်တွေကို စွမ်းအင်ပေါ်လစီ၊ ဆက်စပ်စီးပွားရေးနဲ့ ငွေကြေးအစီအမံတခုလုံးကို ချိနဲ့စေဖို့အထိ မြင့်တက်လာတာဖြစ်တယ်။ တပြိုင်နက်တည်းမှာ စစ်ဆင်ရေးအရကြည့်ရင် အလွန် ထိရောက်အောင်မြင်ခဲ့တယ်လို့ ပြောနိုင်ပြီး အမေရိကန်ရဲ့ လက်တင်အမေရိက (အနောက်ကမ္ဘာခြမ်း – Western Hemisphere) စိုးမိုးမှုကို ပိုပြီး ဖိအားပေး ဖော်ပြနိုင်ခဲ့တယ်။
မှတ်ချက် – ပထဝီဝင်အရ ကမ္ဘာကို အခြမ်း ၄ ခြမ်းခွဲပြီး သတ်မှတ်ကြတယ်။ မြောက်နဲ့ တောင်ကမ္ဘာခြမ်းကို အီကွေတာမျဥ်းနဲ့ ပိုင်းခြားဖော်ပြတယ်။ ကမ္ဘာ့အရှေ့နဲ့ အနောက်ကို ပိုင်းခြားထားတဲ့မျဥ်းဟာ တောင်နဲ့မြောက် ဝန်ရိုးစွန်းနှစ်ခုကို ဖြတ်ဆွဲထားတဲ့မျဥ်း၊ လောင်ဂျီတွတ် သုညဒီဂရီမျဥ်းဖြစ်တယ်။ လန်ဒန်ဂရင်းဝပ်ချ် (သိမ်းမြစ်တောင်ဘက်ကမ်း) ကို ဖြတ်သွားတယ်၊ ဒီမျဥ်းဟာ ကမ္ဘာ့အချိန်ဇုံတွေ သတ်မှတ်ရာမှာ အသုံးဝင်တဲ့ မျဥ်းဖြစ်တယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး သတင်းစာရှင်းလင်းပွဲမှာပြောတဲ့ အနောက်ကမ္ဘာခြမ်းဆိုတာ လွယ်လွယ်ပြောရရင် အတ္တလန်တိတ်အနောက်ဘက် အမေရိကတိုက်ကြီးတခုလုံးဖြစ်တဲ့ မြောက်အမေရိက (အမေရိကန်ပြည်ထောင်စု)၊ ဗဟိုအမေရိက (တောင်နဲ့မြောက်ကို ဆက်ထားတဲ့နိုင်ငံတွေ အဓိကမှာ မက္ကဆီကို)၊ ကာရေဘီယံကျွန်းတွေ (အဓိက ကျူးဘား) နဲ့ တောင်အမေရိကတခုလုံးကို ဆိုလိုတယ်။
ဒီတော့ ဗင်နီဇွဲလားစွက်ဖက်မှုဟာ ထရမ့်အစိုးရရဲ့ ကမ္ဘာမြေကို ထိန်းချုပ်ကြီးစိုးတဲ့အမြင်မှာ အစိတ်အပိုင်းလိုက် ရှိနေတာ တွေ့ရတယ်။ အနောက်ကမ္ဘာခြမ်းဟာ အမေရိကန် အိမ်ကွင်းဆိုတဲ့ သဘောဖြစ်ပြီး သူ့ရဲ့ ပထဝီနိုင်ငံရေး ရည်မှန်းချက်ကို ထင်ထင်ရှားရှား ပြသလိုက်တာလည်းဖြစ်တယ်။
‘အမေရိကန် နိုင်ငံခြားရေးပေါ်လစီ’
အမေရိကန် နိုင်ငံခြားရေးပေါ်လစီအကြောင်း နိုင်ငံရေးလေ့လာသူတွေ မကြာခန ဝေဖန် သုံးသပ် ရေးသားကြတာတွေ့ရတယ်။ ထရမ့် ဒုတိယသက်တမ်း အမေရိကန် နိုင်ငံခြားရေးပေါ်လစီကို ကြည့်ရင် အလွန်မြင်သာတဲ့ အချက်က ၂၀၂၅ မေလက နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုရဲ့ အမေရိကန်လွှတ်တော် (House Committee) မှာ ပြောခဲ့တာဖြစ်တယ်။ အနှစ်ချုပ် ဖော်ပြရရင် ခုလို တွေ့ရမှာဖြစ်တယ်။
၁။ အမေရိကန် နိုင်ငံခြားရေးပေါ်လစီကို အမေရိကန် အမျိုးသားအကျိုးစီးပွားပေါ်မှာ ဗဟိုပြုမယ်။
၂။ လွန်ခဲ့တဲ့ ၁၂ နှစ်ကနေ ၁၄ နှစ်အတွင်း (ယေဘုယျ ၂၀၁၀ နောက်ပိုင်းကို ဆိုလို) ကမ္ဘာကြီးဟာ ခေတ်သစ်တခုကိုဝ င်ရောက်လာတယ်။ အမေရိကန်ရဲ့ အဓိကပြိုင်ဘက်ဟာ တရုတ်ဖြစ်လာတယ်။ အမေရိကန် နိုင်ငံခြားရေးပေါ်လစီဟာ ဒီပေါ်မှာ (တရုတ်အတက်ကို ထိန်းထားနိုင်ဖို့ကို ဆိုလို) ပြောင်းလဲ ချိတ်ဆက် မောင်းနှင်ရမှာဖြစ်တယ်။ အမေရိကန် နိုင်ငံခြားရေးပေါ်လစီကို အကောင်အထည်ဖော်တဲ့နေရာမှာ ဒေါ်လာ တဒေါ်လာ သုံးတိုင်း သုံးတိုင်း ငါတို့နိုင်ငံနဲ့ လူထုအတွက် ပိုပြီး လုံခြုံလာသလား၊ ပိုပြီး ခိုင်မာ တောင့်တင်းလာသလား၊ ပိုပြီး ကြွယ်ဝ ချမ်းသာလာသလား ဆိုတဲ့အချက်တွေနဲ့ တိုင်းတာရမှာဖြစ်တယ်။
၃။ လက်ရှိ ကမ္ဘာကြီးဟာ နာကျင် ထိခိုက် အထိတ်တလန့်ဖြစ်ရတဲ့ ပြဿနာပေါင်းများစွာနဲ့ဖြစ်တယ်။ အမေရိကဟာ ဒါတွေအကုန်လုံးကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ ဘာက အမေရိကန်အကျိုးစီးပွားနဲ့ ဆက်စပ်နေသလဲဆိုတာကို စူးစိုက်ကြည့်ရှူပြီး ဖြေရှင်းသွားမှာဖြစ်တယ်။
၄။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ နိုင်ငံခြားထောက်ပံ့မှု (Foreign Aid) နဲ့ လူသားချင်းစာနာထောက်ပံ့မှု (Humanitarian Assistance) အများဆုံးပေးနေတဲ့ နိုင်ငံတခု ဖြစ်နေဆဲဖြစ်တယ်။ အမေရိကန်ဟာ သူ့နောက်မှာ ကမ္ဘာ့ဖွံ့ဖြိုးမှုအမြင့်ဆုံး နိုင်ငံ ၁၀ နိုင်ငံပေါင်းထက် ပိုများတဲ့ အထောက်အပံ့တွေကို ပေးနေဆဲဖြစ်တယ်။ USAID ကို ဖြတ်တောက်လိုက်ရတာဟာ ဒီအထောက်အကူနဲ့ ပတ်သက်တဲ့ တချို့သဘောတူညီချက် (စာချုပ်) တွေဟာ မိုက်မဲပြီး အဓိပ္ပါယ်မရှိလို့ဖြစ်တယ်။
၅။ အမေရိကန်ဟာ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို လူသားချင်းစာနာမှုအရဖြစ်စေ၊ စားနပ်ရိက္ခာအရဖြစ်စေ၊ ဖွံ့ဖြိုးမှုအရဖြစ်စေ၊ လုံခြုံရေးအရဖြစ်စေ အကူအညီတွေ ပေးနေမှာဖြစ်တယ်။ ဒါပေမယ့် ဒီအကူအညီတွေဟာ အမေရိကန်သံရုံးတွေနဲ့ ဒေသဆိုင်ရာရုံးတွေရဲ့ ကြီးကြပ်မှုအောက်ကနေ သွားမှာဖြစ်တယ်။
မှတ်ချက် – ဒီနေရာမှာ သူပြောချင်တာ ၂ ပိုင်းဖြစ်တယ်။ တပိုင်းက ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ အရင်လို ဒီမိုကရေစီ ကြိုးနီတွေကိုသုံးနေရင် အချိန်အကြာကြီး ပေးရမှာဖြစ်တယ်။ ဒီတော့ ဒေသတွင်းက အမေရိကန်အစိုးရ ရုံးအဖွဲ့တွေနဲ့ ပြဿနာဖြစ်နေတဲ့ နိုင်ငံတွင်းက သံရုံးသတင်း (ကြေးနန်း) တွေကို အဓိကထားပြီး ဆုံးဖြတ်ရတယ်။ သူ့မှာ ရီပို့တွေကိုဖတ်ဖို့ အချိန်မရဘူး။ ၂၁ ရာစုမှာ အချိန် အများကြီး ယူလို့မရဘူး။ ဆီးရီးယားပြဿနာကို နမူနာပေးတယ်။ နောက်တပိုင်းက နိုင်ငံခြား ကူညီထောက်ပံ့မှုဟာ နိုင်ငံခြားရေးပေါ်လစီရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ သီးခြား ခွဲထွက် လုပ်ဆောင်ဖို့မဟုတ်ဘူး။ ဥပမာ USAID က အထောက်အပံ့တွေဟာ သက်ဆိုင်ရာသံရုံးတွေနဲ့ ပေါ်လစီတခုတည်းအောက်မှာ ပူးပေါင်း ဆောင်ရွက်နေတာမျိုးမဟုတ်ဘဲ (ကွဲပြားခြားနားနေရုံ သက်သက်မဟုတ်ဘဲ) ထိပ်တိုက် တိုးနေတာမျိုးတွေတောင် ရှိနေတယ်။ USAID ဟာ လိုကယ်သံရုံးတွေရဲ့ မစ်ရှင်တွေကို သေးသိမ်အောင် လုပ်နေတာမျိုးတွေ တွေ့ရတယ်။ ဒါကို ပြောင်းလဲနိုင်ဖို့ ကြိုးစားတာမှာ သူဟာ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး မဟုတ်ဘူး၊ သူဟာ ပထမဆုံး ပြောင်းလဲနိုင်ခဲ့သူသာဖြစ်တယ်။ (စာရေးသူမှတ်ချက် – ဒီအချက်ကို သံအမတ်တွေအတော်များများ ပြန်ခေါ်တယ်ဆိုတဲ့ လက်ရှိသတင်းတွေနဲ့ ဆက်စပ် နားလည်ဖို့ဖြစ်တယ်)။
ဒီရက်ပိုင်းထွက်ပေါ်လာတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ ထိုင်းခရီးစဥ်၊ မြန်မာ့အရေး ဆွေးနွေးမှု၊ ကျားဖြန်နှိမ်နှင်းရေးနဲ့ အထောက်အပံ့ငွေ၊ ကော်သူးလေနိုင်ငံတော် သတင်းတွေဟာ တခုနဲ့တခု ဆက်စပ်နေနိုင်ပြီး ရူဘီယိုပြောတဲ့ နိုင်ငံခြားရေးပေါ်လစီမိန့်ခွန်းနဲ့ ကောင်းစွာ ထင်ဟပ်ကြည့်လို့ရတာကို တွေ့ကြရမှာဖြစ်တယ်။
‘နိုင်ငံတဝန်း တိုက်ပွဲများ’
စစ်ကိုင်း (အထူးသဖြင့် ကသာတဝိုက်)၊ ကချင် (ဗန်းမော်) မှာ တိုက်ပွဲတွေ ဖြည်းဖြည်းနဲ့ မှန်မှန် ဆက်တိုက် အောင်ပွဲရနေသလို မကွေး (ဧရာဝတီမြစ်အနောက်ခြမ်း ပခုက္ကူနဲ့ မင်းဘူးကြားက မြို့နယ်တွေ၊ အထူးသဖြင့် ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူနဲ့ စေတုတ္တရာ၊ အေအေဦးဆောင်မှုနဲ့တိုက်တဲ့ အမ်း-ပဒန်းလမ်းနဲ့ နတ်ရေကန်) မှာလည်း စကမစစ်တပ်ဟာ အကျအဆုံးများနေတာကို တွေ့ရတယ်။
ပဲခူး (ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းတဝိုက်နဲ့ စစ်တောင်းမြစ်ဝှမ်းပတ်ဝန်းကျင်က မြို့တွေဖြစ်တဲ့ ဖြူး၊ ညောင်ပင်သာ၊ ကညွတ်ကွင်း၊ တောကျွဲအင်းနဲ့ ကျောက်တံခါး၊ နတ်သံကွင်း၊ ကျောက်ကြီးမြို့နယ်တွေ) နဲ့ အေအေရဲ့ တောင်ကုတ်လမ်း၊ ညောင်ကျိုးကဆင်းလာတဲ့ တိုက်ပွဲတွေဟာ ပြင်းထန်ပြီး အောင်မြင်မှုတွေရနေတာ တွေ့ရပြန်တယ်။ ဒီ စစ်သတင်းတွေဟာ စကမရဲ့ ရွေးကောက်ပွဲဒုတိယအဆင့် ဇန်နဝါရီ ၁၁ ရက် သတင်းတွေကို လွှမ်းမိုးထားနိုင်ခဲ့တယ်။
နိုင်ငံတဝန်း အထူးသဖြင့် စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးစစ်တိုင်းတွေက ဒေသခံ ကာကွယ်ရေးတပ်တွေရဲ့ အောင်မြင်မှုတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ အစိတ်အပိုင်းတခုအနေနဲ့ တော်လှန်စစ်ကိုထိထိရောက်ရောက် ပါဝင်တိုက်ခိုက်နိုင်၊ ထိန်းချုပ်လာနိုင်တာကို ဖော်ပြနေတယ်။ ၁၀၂၇ လို စစ်ဆင်ရေးနဲ့ မတူကွဲပြားတာက လက်ရှိ နိုင်ငံတဝန်း ချိတ်ဆက် ဖော်ဆောင် တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေဟာ တိုက်ပွဲဝင်၊ အောင်ပွဲခံ၊ စခန်းတွေကိုဖျက်ဆီး၊ လက်နက်သိမ်း ဆိုပေမယ့် နယ်မြေတွေကို အပြီးသတ် ထိန်းချုပ်နိုင်မှုတော့ မပြုလုပ်နိုင် တာကို (မကွေးနဲ့ ပဲခူးဘက်မှာ) တွေ့ရတယ်။ ဒေသဆိုင်ရာ ထိန်းချုပ်နိုင်စွမ်းနဲ့ တိုက်ပွဲဖော်ဆောင်နိုင်စွမ်းအားမှာ မကွေး၊ ပဲခူးဟာ စစ်ကိုင်းလို တိုင်းတခုလုံးအနှံ့ အခြေကျနိုင်ဖို့ အားယူနေဆဲဖြစ်တယ်။
‘လက်တင်ရိုက်ခတ်ချက်’
ထရမ့်ဟာ မနှစ်က အောက်တိုဘာလက သူမျှော်လင့်ထားခဲ့တဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ဆွတ်ခူးသွားခဲ့တဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကော်နီဒါ မာချာဒိုနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့တယ်။ မာချာဒိုက သူရထားတဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုတံဆိပ်ကို ထရမ့်ကို ပေးခဲ့တယ်။ ရှေ့မှာ ထရမ့်ရဲ့ ဗင်နီဇွဲလားအကူးအပြောင်းမှာ ဘယ်လို ရှေ့ဆက်မလဲဆိုတာ စောင့်ကြည့်ကြရမှာဖြစ်တယ်။
တရုတ်အတွက်တော့ ၂၀၂၅ အကုန် ၂၀၂၆ မှာ အမေရိကန်စစ်ဆင်ရေး (ဗင်နီဇွဲလား) နဲ့ ခြိမ်းခြောက်မှုတွေ (အီရန်၊ မက္ကဆီကို၊ ကျူးဘား) ကို မြန်မာ့တော်လှန်ရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ယှဥ်တွဲသုံးသပ်မှုတွေ ပြုလုပ်ကောင်း ပြုလုပ်နေနိုင်တယ်။ ရွေးကောက်ပွဲကို တုံ့ပြန်တဲ့ လတ်တလော စစ်ဆင်ရေးအောင်မြင်မှုတွေနဲ့ ဗင်နီဇွဲလားက ထရမ့်ရဲ့ ကစားကွက်တွေကို (ထိပ်ဆုံးက ခေါင်းဆောင်ကိုဖမ်း၊ ကျန်တဲ့ခေါင်းဆောင်ကို ချန်ထားပြီး အပေးအယူလုပ်တာ၊ အတိုက်အခံခေါင်းဆောင်ကို ထုတ်သုံးတာတွေကို ဆိုလိုတယ်) မျက်ခြေမပြတ် စောင့်ကြည့်နေမှာဖြစ်တယ်။
ရွေးကောက်ပွဲအလွန် စကမရဲ့ အဖွဲ့အစည်းပုံစံနဲ့ နိုင်ငံရေးခေါင်ဆောင်မှု အပြောင်းအလဲအပေါ် တရုတ် ဘယ်လို ဝင်ရောက် စွက်ဖက်မလဲဆိုတာဟာ ဗင်နီဇွဲလားရဲ့ လက်ရှိနမူနာ၊ ကျားဖြန့်နဲ့ပတ်သက်တဲ့ အစီအစဥ်တွေနဲ့အတူ ပြည်တွင်းတော်လှန်ရေးဘက်က စစ်ကိုင်း၊ မကွေး၊ ပဲခူးစစ်ဆင်ရေးတွေရဲ့ အောင်မြင်မှုတွေအပေါ်မှာ တိုက်ရိုက် ဆက်စပ်လာလိမ့်မယ်လို့ ယူဆရတယ်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
