ဗဟုဝါဒအမြင်

“ဗဟုဝါဒအမြင်”

◼️အော်စွန်းမိုင်

“တိုင်းရင်းသားပေါင်းစုံတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး အဆင့်အတန်းတူညီသည့် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီး ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ် လပ်သောနိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်မည်။ ငါတို့၏လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစားစောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့်အတူ လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။”
(လွတ်လပ်ရေးနေ့ကြေညာစာတမ်းမှ)

ဖန်စကြာမှန်ပြောင်းထဲမှာ ပန်းပွင့်ဖတ်ငယ်များ ရောင်စုံစက္ကူလေးများကိုထည့်ပြီး လှည့်ကာလှည့်ကာကြည့်တဲ့အခါ ပုံသဏ္ဌာန်အသွင်အမျိုးမျိုးကို လှပဆန်းကြယ်စွာ မြင်တွေ့ရတယ်။ တခုနဲ့တခု အဆင်ကွဲပြားနေတဲ့ အလှကွက်လေးများ။

၁၉၄၈ ခုနှစ်စလျှင် ယနေ့ထိဆို နှစ် ၇၅ နှစ် သမိုင်းခေတ်ကို ဖြတ်သန်းပြီးပြီ။ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးများမှာ ပြောင်းလဲမှုများကို ပြည်သူတို့ ခေတ်အဆက်ဆက် မျိုးဆက်တို့ ကြုံတွေ့ကြရတယ်။ အဲဒီခေတ်အလိုက် ကြုံတွေ့ရမှုများကို မှီပြီး ဥပဒေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေများက ဗဟုဝါဒရဲ့ အတွေးအခေါ်များပဲဖြစ်တယ်။

မတည်ငြိမ်သော သမိုင်းခေတ်များတွင် မတည်ငြိမ်သောကြောင့် ဖြစ်ပေါ်လာရသော အခြေအနေအရ ဖွဲ့စည်းပုံဥပဒေများ ပြင်ဆင် ပြုပြင် ပြောင်းလဲ ရေးဆွဲတတ်ကြတာက သဘာဝတရားဖြစ်တယ်။ တည်ငြိမ်သော သမိုင်းခေတ်များမှာမူ ဖွဲ့စည်းပုံအခြေခံဥပဒေကို တည်ငြိမ်စွာ ရေးဆွဲတတ်ကြတာကလည်း သဘာဝတရားပဲဖြစ်တယ်။ အဲဒီလို အမျိုးမျိုးမတူညီတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုများကို အသိအမှတ်ပြုရမှာသာဖြစ်တယ်။ ယင်းကပင် ဗဟုဝါဒရဲ့အတွေးအခေါ်။

ယနေ့ကမ္ဘာတွင် စစ်နဲ့ငြိမ်းချမ်းရေး အဖြစ်အပျက်များ ပေါ်ပေါက်လှုပ်ရှားနေကြတယ်။ ယခင်ရာစုနှစ်အတွင်းက ကမ္ဘာစစ်ကြီး နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့တယ်။ ယင်းတို့ ကြားကာလများမှာလည်း ဒေသဆိုင်ရာစစ်ပွဲများ ဖြစ်ပွားတာ ကြုံတွေ့ရတယ်။ ယနေ့ မျက်မှောက်ကာလမှာလည်း ဒေသန္တရစစ်ပွဲများ အမျိုးမျိုးအဖုံဖုံ ကြုံတွေ့နေရဆဲ။ ဒါကို ဗဟုမြင်ကွင်းလို့ ဆိုရမယ်။

သမိုင်းခေတ်တို့ရဲ့ အတွေ့အကြုံအရ ဗဟုဝါဒကို နှစ်ခြိုက်မိတယ်လို့ ဆရာသမားတဦးက ဆိုခဲ့တယ်။ ဗဟုဝါဒသဘောမှာ အမျိုးမျိုးအဖုံဖုံ မတူညီသော အဖြစ်အပျက်များကို သိနားလည်ခြင်းပဲဟု သူကခံယူတယ်။

လူသားတို့ရဲ့ပန်းတိုင်မှာ ငြိမ်းချမ်းရေးပင်ဖြစ်တယ်။ ငြိမ်းချမ်းရေးရရှိမှသာ အခြေအနေက တည်ငြိမ်မယ်။ ညီညွတ်ရေးအားကောင်းမယ်။ လွတ်လပ်မယ်။ မြေပြင်မှာ မာလာ၊ ခတ္တာ၊ ဇီဇဝါ၊ သရဖီ၊ ဒေလီယာ၊ သဇင်၊ အင်ကြင်း၊ ပင်မင်းမဥ္စူနဲ့ ပေါင်းမြက်တချို့လည်း ရှင်သန်ပေါက်ရောက်နေကြတယ်။ကမ္ဘာတွင်လည်း ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနဲ့ လွတ်လပ်ခြင်းတို့ကို ကမ္ဘာသူ ကမ္ဘာသားများက လိုလားနေကြတယ်။ ဗဟုဝါဒအမြင်မှာလည်း ဆင်းရဲခြင်းမှ လွတ်မြောက်အောင် တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ လွတ်လပ်ခြင်း အခွင့်အရေးများ ရရှိအောင် ကြိုးပမ်းကြရမယ်လို့ တွေးခေါ်ထားတယ်။ ဆင်ခြင်သုံးသပ်ထားတယ်။

အခက်အခဲများ ၊ ရင်ဆိုင်အံတုရမှုများ၊ တိုက်ပွဲများကို ဖြတ်သန်းကျော်လွှားပြီးရင် စည်ပင်ဖွံ့ဖြိုးတဲ့ အနာဂတ်ခေတ်သစ်ကို ရောက်ရှိမယ်။

About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*