ဘဝအဖော်

by The Call
167 views

“ဘဝအဖော်”

▪️ရဲခေါင်မဲမောင်

ကျနော် ခပ်ငယ်ငယ် ကိုးတန်းကျောင်းသားဘဝကဖြစ်သည်။ မနက်အစောကြီး ၄ နာရီလောက်မှာ အမေကလာနှိုးပြီး “သား ထ ထ မင်းအဖိုးဆုံးပြီ” ဟု ပြောသည်။ ထိုစဉ်က ကျနော်တို့သည် တောင်ဥက္ကလာပ ၁၃ ရပ်ကွက်ရှိ အနော်မာ ၈ လမ်းထဲမှာနေသည်။ အဖိုးအဖွားတို့က အနော်မာလမ်းနှင့် ၈ လမ်းထောင့်မှာနေသည်မို့ ကျနော်တို့အိမ်နှင့် လေးငါးခြောက်အိမ်သာခြားပါသည်။

အဖိုးဆုံးတော့ အသက် ၇၄ နှစ်မျှရှိပြီ။ အဖွားနှင့် အသက်သိပ်မကွာလှ။ အဖွားသည် တရားဘက်လိုက်နေပြီး ထိုအချိန်က ယောဂီဝတ်စုံကလေးနှင့်ဖြစ်သည်။သက်သတ်လွတ်စားနေတာပင် နှစ်ပေါင်း ၂၀ ခန့်ရှိနေပြီ။ အဖိုးဆုံးတော့ အဖွားတို့အိမ်ထောင်သက်က နှစ် ၅၀ စွန်းစွန်းရှိနေပြီဖြစ်သည်။ သို့သော် အဖိုးဆုံးတော့ အဖွားငိုသည်ကို ကျနော်မတွေ့ရ။

အဖိုး၏အလောင်းကို အိမ်ပေါ်မှာပင်ပြင်ဆင်ပြီး သုံးရက်ထားသည်။ သုံးရက်ပြည့်တော့ အသုဘချရန်အတွက် အခေါင်းထဲသို့ထည့်ကြသည်။ အောက်ခံအဝတ်စကို လူသုံးယောက်ကမယူကာ အခေါင်းထဲသို့ထည့်တော့ အနည်းငယ် ကြမ်းတမ်းသယောင်ဖြစ်သွားသည်။ ဒါကိုမြင်တော့ အဖွားက အသံကလေးတုန် တုန်ဖြင့် “ဖြည်းဖြည်းလုပ်ကြပါ သားတို့ရယ်” ဟုပြောသည်။ ထိုအခါလူတယောက်က နောက်သလိုပြောင်သလိုဖြင့် “သူက သေနေပါပြီအဖွားရဲ့၊ မနာပါဘူး” ဟုပြောရာ အဖွားပြန်ပြောသောစကားကို ယနေ့ထက်တိုင် ကျနော်မမေ့နိုင်ပါ။ ဘယ်တော့မှလည်း မေ့သွားနိုင်လိမ့်မည်မဟုတ်ပါ။

အဖွားပြောသည့်စကားမှာ
“သူ မနာပေမယ့် အဖွားနာတယ်လူလေးရဲ့”

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment