
“ဘာတွေပြောင်းလဲလာမှာလဲ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ကရင်ပြည်နယ် ထိုင်းနယ်စပ်က ဥကရစ်ထစခန်းကို ကေအင်ယူ၊ ကေအင်ဒီအို နဲ့ ပီဒီအက်ဖ်တွေက ဇူလိုင် ၁၂ ရက်နေ့မှာ သိမ်းပိုက်လိုက်တယ်။ ဇွန်လကုန်၊ ဇူလိုင်လဆန်းလောက်ကတည်းက စတင်တိုက်ခိုက်ခဲ့တယ်လို့ဆိုတဲ့ ဒီစခန်းဟာ ၁၉၉၀ ကတည်းက စစ်တပ်ကသိမ်းထားခဲ့တာဖြစ်လို့ အနှစ် ၃၀ ကျော်အကြာမှာ ပြန်လည်ရရှိခဲ့တဲ့စခန်းလည်းဖြစ်တယ်။
ဗန်းမော်မှာ ကေအိုင်အေထိုးစစ်နဲ့ ကျောက်ဖြူမှာ အေအေထိုးစစ်ကို အပြင်းအထန်ခုခံနေခဲ့ပြီး၊ မိုးဗြဲကို ဇူလိုင် ၈ ရက်နဲ့ နောင်ချိုကို ဇူလိုင် ၁၆ ရက်က ပြန်သိမ်းလိုက်တဲ့စစ်တပ်ဟာ ကရင်ပြည်နယ်ကစခန်းတွေ (အထူးသဖြင့် ထိုင်းနယ်စပ်ကစခန်းတွေ)ကို ပြန်လည်လက်လွှတ်ပေးနေရတာကို တွေ့ရတယ်။ မြို့ကြီးတွေမကျဖို့နဲ့ ကျပြီးသားမြို့တွေကိုပြန်ရဖို့ကြိုးစားရင်း နယ်စွန်အဖျားကစခန်းတွေကို စွန့်ခွာနေတာဟာ စကစရဲ့ ရွေးကောက်ပွဲအကြိုစစ်ဗျူဟာလို့ သုံးသပ်ရမလား စဥ်းစားစရာတွေ့ရှိရတယ်။
‘နောင်ချို’
၂၀၂၄၊ ဇူလိုင်လကတည်းက TNLA သိမ်းပိုက်ထားတဲ့နောင်ချိုဟာ တနှစ်အကြာမှာ စကစလက်ထဲ ပြန်လည်ကျရောက်ခဲ့တယ်။ မြန်မာစစ်တိုင်းတွေအတွင်းက မြို့တွေတိုက်လိုက်ပြန်ပါသွားလိုက် အရင်ကဖြစ်ခဲ့တာတွေရှိပေမယ့် TNLA လို ရှမ်းမြောက်က မြို့ ၁၂ မြို့ကို တရစပ်သိမ်းပိုက်နိုင်ခဲ့တဲ့ အီးအေအိုတခုအနေနဲ့ နောင်ချိုပြန်ကျသွားတာဟာ ဘယ်လိုကွာခြားချက်တွေဖြစ်လာာသလဲ ပြန်လည်ဆင်ခြင်ကြည့်ဖို့ ဖြစ်လာတယ်။
အဓိက စစ်တပ်ဘက်မှာ စစ်မှုထမ်းတပ်သားသစ်တွေရှိလာတဲ့အတွက် စစ်အင်အားပြန်အသုံးချနိုင်စွမ်းရှိတယ်။ ဘယ်နယ်ကိုပြန်သိမ်း ဆိုတဲ့ တိကျတဲ့ပစ်မှတ်ထားတဲ့အပြင် လူအားသာမက လက်နက်အင်အားပါတိုးချဲ့တိုက်ခိုက်ခဲ့ကြတယ်။ TNLA ဘက်မှာ အရင်နဲ့ကွာခြားသွားခဲ့တာကတော့ နယ်မြေထိန်းချုပ်မှုရဲ့နောက်ဆက်တွဲဖြစ်မလားလို့ စဥ်းစားဖို့ဖြစ်လာတယ်။
နယ်မြေအုပ်ချုပ်ရေးလုပ်နေရတဲ့ စစ်တပ်တခုဟာ အနည်းနဲ့အများ အရပ်သားအမြင်တခုကို ထူထောင်ရတယ်။ အဲဒါကင်းမဲ့ရင် စစ်သားတွေရဲ့အုပ်ချုပ်ရေးဟာ ဖိနှိပ်မှုတခုအသွင်ဆောင်လာတယ်။ တဘက်မှာ စစ်ကာလအုပ်ချုပ်ရေးဟာ အမြဲလိုမနူးညံ့နိုင်ဘူး ဒီအစွန်းတွေကြား အီးအေအိုတွေ ရုန်းကန်လာရတယ်။ တဘက်မှာအုပ်ချုပ်ရေးကြောင့် စစ်ရှိန် နဲ့အတူစစ်တိုက်လိုစိတ် သို့မဟုတ် စစ်ပွဲထဲစိတ်နှစ်ထားနိုင်မှု လျော့ကျရပ်တန့်သွားဖို့ရှိတယ်။ နယ်မြေအုပ်ချုပ်ရေးအတွင်း ဒေသခံတွေနဲ့အဆင်မပြေမှု၊ မဟာမိတ်အီးအေအိုတွေနဲ့ နယ်မြေထိန်းချုပ်ရေးအငြင်းပွားမှု စတာတွေဟာ မြို့တွေပြန်ကျသွားတဲ့အကြောင်းအရင်းတွေထဲပါဝင်နိုင်သလား ပြန်လည်သုံးသပ်မှုတွေလုပ်ဖို့ လိုအပ်မှာဖြစ်တယ်။
တရုတ်နဲ့စကစရဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် စတဲ့မြို့တွေကို ပြီးခဲ့တဲ့အစည်းအဝေးမှာ တရုတ်နဲ့စကစ က TNLA ဆီက ပြန်တောင်းခဲ့တယ်။ TNLA က ဒါကိုငြင်းပယ်ခဲ့ပြီး အစည်းအဝေးနောက်မှာလည်း သိမ်းပိုက်ထားတဲ့နယ်တွေကို ပြန်ပေးမှာ မဟုတ်ဘူးလို့ သဘောထားထုတ်ပြန်ခဲ့တာတွေ့ခဲ့ရတယ်။ တရုတ်ညှိနှိုင်းတဲ့ စကစနဲ့ဆွေးနွေးပွဲဟာ နောက်လ သြဂုတ်ထဲမှာဖြစ်လို့ အစည်းအဝေးမတိုင်မီ စကစဘက်က နောက်ထပ်မြို့တွေကိုဆက်ဖိတိုက်မှာ သေချာသလောက်ပါပဲ။ တခြားဒေသတခုခုမှာ စစ်ပွဲပြင်းထန်တာမျိုးဖြစ်မလာရင် စကစ က ကျောက်မဲကိုဦးတည်လာမယ့်စစ်ဦးကို ပြန်လှည်ဖို့မရှိနိုင်ဘူး။
TNLA နဲ့ မန္တလေး လားရှိုးလမ်းပိုင်း၊ MNDAA နဲ့ လားရှိုး၊ သိန္နီ ချင်းရွှေဟော်လမ်းကြောင်းကို တရုတ်အားကိုးနဲ့ စကစဟာ ခုချိန်မှာ စတင်အိပ်မက်လောက်နေလောက်ပြီဖြစ်တယ်။
‘မိုးဗြဲ’
ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးတာထွက်အပြီး နောက်ကကပ်ပါလာတာ ကရင်နီရဲ့ ၁၁၁၁ စစ်ဆင်ရေးလို့ မှတ်မိကြဦးမှာပါ။ တော်လှန်ရေးအတွက်တော့ ပျောက်ကြားစစ်ကနေ တဆင့်မြင့်တက်လာတဲ့စစ်ဆင်ရေးနဲ့ ၂၀၂၃ ရွှေရောင်ကာလတွေလို့ ပြောလို့ရနိုင်ပါလိမ့်မယ်။ ၂၀၂၃ နိုဝင်ဘာအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးဗြဲကို ကရင်နီတော်လှန်ရေးတပ်တွေဟာ ၂၀၂၅ ဇူလိုင်မှာ ပြန်ပေးလိုက်ရတယ်။
မိုးဗြဲတိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က အဆင့်မြင့်ဒရုန်းတွေသုံးစွဲလာနိုင်တယ်လို့ ကေအင်ဒီအက်ဖက်က ဆိုတယ်။ တကယ်တော့ လွိုင်ကော်လမ်းပိုင်းကြောင့် စကစဟာ တောင်ဘက်ကနေ မိုးဗြဲကို စိုးမိုးထားနိုင်သလို ရှမ်းတောင်ပင်လောင်းဖယ်ခုံလမ်းပိုင်းဖြစ်တဲ့ မြောက်ဘက်ကလည်း ထိမ်းချုပ်ထားနိုင်တာဖြစ်လို့ ကရင်နီအဝင်ရဲ့အဓိကကျတဲ့မြို့ဖြစ်တဲ့ မိုးဗြဲကို စကစဘက်က ၆ လကြာ တိုက်ပွဲတွေအပြီးမှာပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တယ်။
နောင်ချိုနဲ့ မိုးဗြဲ တိုက်ပွဲတွေအတွက် စကစဘက်ကအဓိကအားပြုလာတာတွေက လူနဲ့လက်နက် (ဒရုန်း) အင်အားပိုမိုသုံးစွဲလာမှု၊ ရှမ်းတောင်က PNO ပြည်သူ့စစ်အထောက်အကူတို့ ဖြစ်တယ်။ TNLA နဲ့ KNDF တို့ နယ်မြေအုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ဝန်ထုပ်ဝန်ပိုးတွေကြောင့် စစ်အင်အားပိုင်းနဲ့ စစ်ပွဲတွင်းစိတ်နှစ်ထားနိုင်မှုမှာ အားနည်းချက်တွေရှိလာခဲ့သလား ပြန်လည်ဆန်းစစ်ကြည့်ဖို့ပါ။
‘၂၀၂၅ လက်ကျန်’
တနိုင်ငံလုံးမှာဖြစ်နေတဲ့ စစ်ပွဲတွေရဲ့ အနေအထားကိုကြည့်ပြီးသုံးသပ်ရရင် ဗမာစစ်တိုင်းတွေအတွင်း အထူးသဖြင့် တောင်ပိုင်းတိုင်းစစ်မျက်နှာကစစ်ပွဲတွေဟာ ပိုလို့အရေးပါလာတယ်ဆိုတာ ဆက်ပြီးထင်ရှားလာတယ်။ အရင်က မကွေး၊ ပဲခူးတို့လို တိုင်းတွေမှာ စစ်ပွဲဟာစတင်ဖို့လိုအပ်တာဖြစ်ပြီး ခုအချိန်ဟာ အောင်မြင်ဖို့လိုအပ်လာတယ်ဆိုတဲ့ဘက်ကို ကူးပြောင်းလာတာကို တွေ့ရတယ်။ စကစရဲ့ စစ်ရေးအမြင်ဟာ မြို့ကြီးတွေနဲ့ အချက်အချာကျတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေအပေါ်ကို အဓိကဖိအားပေး ကူးပြောင်းလာသလားလို့ တွက်ဆစရာလည်းဖြစ်တယ်။
လက်ရှိမှာ စစ်တပ်အနေနဲ့အောင်မြင်မှုအနည်းငယ်ပြန်ရတာတွေရှိတယ်ဆိုပေမယ့် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ပြန်တိုက်နိုင်ဖို့ကော ရွေးကောက်ပွဲကျင်းပပြီး အောင်မြင်မှုရနိုင်ဖို့ကော ဆိုတဲ့အပိုင်းမှာတော့ မျှော်လင့်ကြည့်လို့မရနိုင်သေးတဲ့အခြေအနေကိုသာ တွေ့နေရဆဲဖြစ်တယ်။
နိုင်ငံတကာမှာတော့ ထရမ့်ရဲ့ ကုန်သွယ်ခွန် ၃ လ ဆိုင်းငံ့မှုပြီးဆုံးတော့မှာဖြစ်တာမို့ စီးပွားရေးရိုက်ခတ်ချက်တွေနဲ့အတူ ယူကရိန်းစစ်ရှိန်လည်း ပြန်မြင့်တက်လာဖို့ရှိနေတယ်။ တရုတ်မှာ ရှီကျင်းပင်ပဟေဠိ သဲသဲကွဲကွဲဖြစ်လာနိုင်ပြီး ဒီတချိန်မှာတော့ ကောလာဟာလတွေမဟုတ်ဘဲ သူ့အပေါ် တကယ့်အကျပ်အတည်းတွေရဲ့ ရိုက်ခတ်မှုတွေကို တွေ့လာရဖို့ ရှိနေတယ်။ တော်လှန်ရေးအင်အားစုတွေဘက်မှာ NUG ပေါ် ဝေဖန်မှုနဲ့ ပြုပြင်ပြောင်းလဲရေးအသံကိုပြန်ကြားလာရပြီး တော်လှန်ရေးအင်အားစုတွေအတွင်းက ပြန်လည်ထိန်းညှိရေးနဲ့ညီညွတ်ရေးကို အခြေအနေတွေက ပိုမိုတောင်းဆိုလာတာကိုလည်း တွေ့ရတယ်။
၂၀၂၅ ကျန်တဲ့လတွေကို ပြည်တွင်းပြည်ပမှာအပြောင်းအလဲတွေနဲ့ အပြောင်းအလဲတွေအတွင်း အလှုပ်အရမ်းများမယ့် အချိန်ကာလတွေအဖြစ် တွေ့မြင်လာရနိုင်တယ်ဆိုတာပါပဲ။
Be the first to comment