
“ဘိုလစ်ဗီးယားနိုင်ငံလေးလို ငါအံ့ဩ”သက်ငြိမ်
နှစ်တွေသိပ်မကြာခင်မှာ လူတွေရဲ့ပြောင်းလဲသွားပုံဟာ သိပ်ကိုမြန်လွန်းလှတယ်။ ငှက်ဟာ သူ့အတောင်ကို သူရိုက်ချိုးပြီး မီးပုံထဲခုန်ဆင်းလိုက်သလိုမျိူး ခြေရာလက်ရာတောင်မကျန်ခဲ့။ အရင်က ငါနဲ့အတူတူ သပိတ်မှာပြေးခဲ့ရသူတွေဟာ ပျော်ပွဲရွှင်ပွဲတွေမှာ အမြဲတွေ့နေရပြီ။ ကွယ်လွန်သူတွေရဲ့ ကစားနည်းမှာ အတိတ်ကိုပြန်တွေးပြီး မျက်ရည်မကျအောင် နေနိုင်တဲ့သူက နိုင်တာပဲ။
ငါပြန်လာပြီဟေ့။ ငါပြန်လာပြီကွ။
တော်လှန်ရေးကို ဘ၀လုပ်ပြီး တောထဲမှာ လူမသိသူမသိ ကျဆုံးသွားတဲ့ ငါ့ညီက လှမ်းအော်တယ်။ရက်ရက်စက်စက် အသတ်ခံထားရတဲ့ တစ္ဆေတကောင်ရဲ့ ညည်းညူသံကိုတော့ သာယာတဲ့နေ့မှာ ဘယ်သူမှကြားချင်မှာမဟုတ်။ အမှောင်ထဲကနေထွက်လာပြီးမှ လည်ပင်းညှစ်ခံရလို့ ပြူးကျယ်နေတဲ့မျက်လုံးတွေဟာ အမှောင်ထဲပဲ ပြန်၀င်သွားတယ်။ ဒီနေ့ ငါမကြားချင်တာဘာရှိလဲ။ ငါမကြားနိုင်တာကရော ဘယ်ဟာဖြစ်မလဲ။ လူတွေသေနေတယ်။ လူတွေနှိပ်စက်ခံနေရတယ်။ အမျိုးသမီးတွေ မုဒိန်းကျင့်ခံရပြီး လူမသိသူမသိ မြှုပ်ခံလိုက်ရတယ်။ မြေကြီးအောက် ပေတရာမှာ။ ဟိုး … မြေကြီးအောက်မှာ။ တော်ရုံတန်ရုံ မစဉ်းစားမိတဲ့ အနက်ကြီးထဲမှာ။ ကျောက်တုံးရဲ့ အလယ်ဗဟိုထဲ မှာလာထိုင်ကြည့်စမ်းပါ။ သွေးခဲမတတ် အေးစိမ့်ထုံကျင်မှုကို ခံစားလို့ရလား။ မထုံတက်တေးဖြစ်သွားတဲ့ မိတ်ဆွေအပေါင်းတို့။ အသံတွေတိတ်ဆိတ်သွားတဲ့အခါ လောင်မြိုက်ပြာကျသွားတဲ့ ဝိညာဉ်တွေရဲ့ ဂီတသံကို နားမဆံ့အောင်ကြားရလိမ့်မယ်။ အခုကာလမှာ ပျော်ပွဲရွှင်ပွဲက တီးမှုတ်နေတဲ့ ဆူညံသံတွေလိုပေါ့။ ဌာနေလူရိုင်းတို့ရဲ့ ဗုံတီးသံတွေ။ ကျယ်ကျယ်လောင်လောင် တယောသံနဲ့ လက်သီးဆုတ် အံကြိတ်ထားတဲ့လူတွေရဲ့ ကြုံးဝါးသံတွေ။ ဖောက်ခွဲရေးခလုတ်ကို ဆုပ်ကိုင်ထားတဲ့ လက်ပြတ်ကြီးရဲ့အနားက ဗုံးပေါက်ကွဲသံနဲ့တူသေးရဲ့။ မိုင်းနင်းမိထားတဲ့ ရဲဘော်တစ်ယောက်ရဲ့ မချိမဆံ့ ငိုညည်းသံနဲ့တူသေးရဲ့။
အလို … ဘာသံတွေပါလိမ့်။
ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ဘာဖြစ်သောတဲ့လဲ။
ထားလိုက်ပါကွာ။ လူတွေရဲ့ ကြွေးကြော်သံတွေဟာ မြို့ကြီးကို သိမ်းလိုက်ပြီဆိုတဲ့အကြောင်း သတင်းတွေတက်လာပြီ။ မြို့လယ်က ရင်ပြင်ကျယ်ကြီးထဲမှာ သစ္စာဖောက်ခံရလို့ ဘ၀ပြောင်းသွားတဲ့ သွားလေသူတွေ။
အရေးကြီးပြီ ညီနောင်အပေါင်းတို့။ ဘာအရေးကြီးလို့လဲ။ ခလုတ်ကိုဆွဲလိုက်စမ်းပါ မောင်ရင်ရဲ့။ မကြောက်ပါနဲ့။
၂၈၊ ဖေဖော်ဝါရီ၊ ၂၀၂၃
Be the first to comment