
“ဘုရားသခင်နဲ့ ခေါင်းဆောင်”အော်စွန်းမိုင်
ဘုရားသခင်နဲ့ ခေါင်းဆောင်ကို သရုပ်ခွဲခြမ်းပြတဲ့ အတွေးအမြင်ဆောင်းပါးတပုဒ် အတော်ကြာကြာက ဖတ်ခဲ့ရဖူးတယ်။ ဘုရားသခင်က ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ သဗ္ဗုညုတ။
နှစ်ထောင်ပေါင်းများစွာမှ တဆူတဆူ ပွင့်တော်မူတယ်။ ဘုရားရဲ့ တရားဓမ္မ၊ အဆုံးအမ ဩဝါဒတွေက နှစ်ထောင်ချီ တည်မြဲတယ်။ အစဉ်ထာဝရ ကိုးကွယ် ဆည်းကပ်နေရတဲ့ သစ္စာတရားများ မြွတ်ဟ ဟောကြားခဲ့တယ်။ ဘုရားများ ဒေသနာတော်တို့က ဘာသာတရားများ ဖြစ်လာခဲ့တယ်။
ခေါင်းဆောင်တွေကတော့ နေရာဒေသအလိုက် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ကစလို့ ယနေ့တိုင် ပေါ်ထွက်နေဆဲပင်။ ဂျော့ဝါရှင်တန်၊ အီဘရာဟင်လင်ကွန်း၊ နပိုလီယံ၊ ကားလ်မတ်၊ ဂျိုဆေရီဇော်၊ လီနင်၊ စတာလင်၊ မဟတ္တမဂန္ဓီ၊ ဟိုချီမင်း၊ မော်စီတုံး၊ ကက်စထရို၊ ချေဂွေဗားရား အစရှိတဲ့ ပုဂ္ဂိုလ်များက နိုင်ငံရေးနယ်ပယ်က ခေါင်းဆောင်များလို့ ဆိုရမယ်။
ဂျိုဆေရီဇော်က စာအုပ်ရေးသားထုတ်ဝေခြင်းနဲ့ သူ့အမျိုးသားများ ကိုလိုနီနယ်ချဲ့လက်အောက်ကနေ ရုန်းထွက်ဖို့ ဆော်ဩလှုံ့ဆော်ခဲ့တယ်။ ကားလ်မတ် ကတော့ အရင်းရှင်စနစ်ကို ဖျက်သိမ်းပစ်ပြီး ကွန်မြူနစ်စနစ်ကို တည်ဆောက်ကြဖို့ စာတမ်းတင်ခဲ့တယ်။ လီနင်နဲ့ စတာလင်က မတ်ရဲ့ဝါဒရေးရာကို အကောင်အထည် ဖော်ဆောင်ခဲ့ကြတယ်။
အုပ်ချုပ်သူ၊ ကိုလိုနီနယ်ချဲ့တို့ကို တော်လှန်သူအများကလည်း ခေါင်းဆောင်တွေပါပဲ။ ဂျော့ဝါရှင်တန်၊ မော်စီတုံး၊ ဟိုချီမင်းတို့က လက်နက်နဲ့ တော်လှန်ခဲ့ကြတယ်။ အိန္ဒိယရဲ့ မီးရှုးတန်ဆောင် ဂန္ဒီကတော့ အကြမ်းမဖက်တဲ့ အဟိံသဓမ္မနည်းနဲ့ လွတ်လပ်ရေးကို ရယူခဲ့တယ်။
ခေါင်းဆောင်များက စွန့်လွှတ် စွန့်စား အနစ်နာခံခဲ့ကြတာချည်းပါပဲ။ သတ္တိ၊ ဗျတ္တိကောင်းပြီး စွမ်းဆောင်ရည်ရှိကာ ကိုယ်ကျိုးစွန့်ကြတာ များပါတယ်။ တော်လှန်သူများထဲမှာ ယနေ့တိုင် ထင်ရှားဆဲခေါင်းဆောင်က ချေဂွေဗားရားပါပဲ။
ကျူးဘားနိုင်ငံ လွတ်မြောက်ရေးအတွက် ရဲဘော်ကက်စထရိုနဲ့ လက်တွဲ တိုက်ပွဲဝင်ရုံသာမက တောင်အမေရိကတိုက်ရှိ နိုင်ငံများမှ ကိုလိုနီနဲ့ အာဏာရှင် များကို တော်လှန်ရင်း ကျဆုံးခဲ့ရတယ်။ ယနေ့တိုင် မမေ့နိုင်ကြသေးတဲ့ ကမ္ဘာ့ပြည်သူတို့က တမ်းတအောက်မေ့ရတဲ့ ခေါင်းဆောင်ပါပဲ။
မြန်မာနိုင်ငံမှာလည်း ကိုလိုနီလက်အောက် ကျရောက်ခဲ့တော့ ဒေသအလိုက် လက်နက်နဲ့ တော်လှန်ခဲ့ကြတဲ့ ခေါင်းဆောင်များ ပေါ်ထွက်ခဲ့တယ်။ ဝန်းသိုနယ်က ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၊ ပုဂံနယ်က ဗိုလ်ချို၊ ဝဲလောင်က ဗိုလ်ရာညွန့်၊ ကျွန်းခင်းကြီးက ဗိုလ်လှကျော်၊ ပုပ္ပားနယ်က ဗိုလ်နက်ကျော် စသည်ဖြင့်။
အခြားနယ်ပယ်များမှာလည်း ခေါင်းဆောင်တွေရှိကြတယ်။ ဆေးပညာ၊ ဒဿနိကဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ စာပေ၊ အနုပညာ၊ နည်းပညာ စသည်တို့မှာ ထင်ရှားသူ ထက်မြက်သူ ခေါင်းဆောင်များ ပေါ်ပေါက်ခဲ့တယ်။ သူတို့က အောင်မြင်ကျော်ကြားမှုတို့ကို ရယူနိုင်ကြတယ်။
အခုတလောမှာ ဟီးရိုးဖြစ်နေတာက ယူကရိန်းကသမ္မတ ဇာလန်းစကီးပဲ။ ခေါင်းဆောင်ကောင်းတယောက်ရဲ့ စွမ်းရည်ကို အစွမ်းကုန် ထုတ်ဖော်ပြသနေတယ်။
အလားတူပဲ နိုင်ငံအနှံ့မှာ တော်လှန်ခေါင်းဆောင်များ ပေါ်ပေါက်နေကြတယ်။ သူတို့ရဲ့ ရည်မှန်းချက်၊ ကြံစည်အားထုတ်မှုများကို ကြားသိနေရတယ်။ သူတို့ ဘယ်လိုနေထိုင်ကြ၊ စဉ်းစားတွေးတောကြ၊ ဆင်ခြင်သုံးသပ်ကြတယ် ဆိုတာကိုလည်း အာရုံသိနဲ့ သိရှိထင်မြင် လာနိုင်ကြပါတယ်။
သမိုင်းခေတ်မှာ ခေါင်းဆောင်တွေက ကိုယ့်အထုပ္ပတ္တိ ကိုယ် ရေးခဲ့ကြတာပါပဲ။ အဲဒီ အထုပ္ပတ္တိတွေက ဟန်ဆောင်မှု ကင်းပတဲ့စရိုက်၊ ပင်ကိုယ်သဘာဝတို့ပေါ်လွင်ပြီး သူတို့စိတ်အစဉ်မှာ ကိန်းအောင်းတည်ရှိနေတဲ့ ခံစားမှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသနေတယ်။
Be the first to comment