“ဘူး” သပိတ် ဆင်နွှဲ ဖက်ဆစ် ဖြိုလှဲ

by The Call
“ဘူး” သပိတ် ဆင်နွှဲ ဖက်ဆစ် ဖြိုလှဲ
▄▄▄▄▄▄▄▄▄▄▄▄▄▄
ပြည်သူ့တော်လှန်ရေးကြီးက လက်ရှိ အောင်ပွဲအလီလီ ရရှိနေတာကို တော်လှန်ပြည်သူများ တွေ့မြင်၊ ကြားသိနေမှာ ဖြစ်ပါတယ်။ မအလ ဖက်ဆစ်အာဏာရူးရဲ့ နေဝင်ချိန်က နီးကပ်လာနေတဲ့ သဘောပါပဲ။
ဒီနေရာမှာ ကျနော်တို့ တော်လှန်​ရေးကြီး အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အရေး အထူးအရေးကြီးတာတခုကို အလေးအနက် တင်ပြပြောဆိုလိုပါတယ်။
ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်။
အထူးသဖြင့် တော်လှန်ရေးကြီး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု အာဏာဖီဆန်ရေး CDM နဲ့ “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုများကို အခုချိန်မှာ အစွမ်းကုန် အရှိန်တင်ကြဖို့ လိုနေပါပြီ။
“ဘူး” သပိတ် လို့ဆိုရင် ပြည်သူများ နားလည်သဘောပေါက်ကြပြီး ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို ငါတို့ ပြည်သူတွေအားလုံးက-
– လက်မခံ “ဘူး”၊ မပူးပေါင်း “ဘူး”၊ မနာခံ “ဘူး”
– အခွန်အခ မပေး “ဘူး”
– စစ်တပ်ပိုင် ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို မသုံး “ဘူး”၊ မဝယ် “ဘူး”၊ မသယ် “ဘူး”၊ မရောင်း “ဘူး”
– ဖက်ဆစ်တပ်ထောက်တိုင်တွေကို လက်မခံ “ဘူး” အစရှိသဖြင့်မှသည်
ဖက်ဆစ်တပ် အခုကြံစည်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံ “ဘူး”၊ မဲ ထွက်မပေး “ဘူး” အစရှိသဖြင့် လူထုအနေနဲ့ “ဘူး” တလုံးဆောင်ကာ စစ်အာဏာရူးကို သွေးပျက်ခြောက်ခြားအောင် ထိုးနှက်ကြဖို့ပါ။
အလားတူပဲ ဖက်ဆစ်တပ်ကို သက်ဆိုးရှည်အောင် ငွေကြေးအရ အထောက်အပံ့ပြုနေတဲ့ ဖက်ဆစ်လက်ကိုင်တုတ်ဘဝ ရောက်နေတဲ့ မြန်မာနိုင်ငံဗဟိုဘဏ်၊ မြန်မာ့စီးပွါးရေးဘဏ်တို့ကိုလည်း နိုင်ငံတကာက ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုပေးဖို့ ဆက်လက်တောင်းဆို တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။
ကျနော်တို့ ပြည်သူအားလုံး တဦးတယောက်မကျန် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်နိုင်တဲ့ “ဘူး” သပိတ် ကိုင်ဆွဲပြီး ဖက်ဆစ်တပ်ကို အပြီးတိုင် ဖြိုလှဲကြမယ်ဗျာ။ တလှိုင်းပြီး တလှိုင်း အရှိန်မြှင့်လာတဲ့ စစ်ရေးတိုက်ပွဲနဲ့ဟန်ချက်ညီစွာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများကိုလည်း ရွက်ကုန်လွှင့် ဖော်ဆောင်ကြမယ်ဗျာ။ ကျနော်တို့ ပြည်သူများအားလုံး စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုံ့ပြန်” ကာ အထွေထွေ အာဏာဖီဆန် အုံကြွတော်လှန်ကြဖို့ အချိန်ကြပါပြီ။
———-
“ကျုပ်တို့ ဒူးထောက်နေလို့သာ ကြီးကျယ်သူတွေ ကြီးကျယ်နေကြတာပါ။ ကိုင်း၊ ကျုပ်တို့အားလုံး ရုန်းထွက်၊ နိုးထကြစို့။”
(ပီ-‌ဂျေ ပရိုဒွန်)
The great are only great because we are on our knees. Let us rise!
(Pierre-Joseph Proudhon)

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment