ဘောင်မဲ့နေသော ဥပဒေမှ ဥပဒေစိုးမိုးမှု အရယူပါ

by The Call
“ဘောင်မဲ့နေသော ဥပဒေမှ ဥပဒေစိုးမိုးမှု အရယူပါ”
◼️ဆူးနတ်သန်
မြေပြင်မှာ ခပ်စိပ်စိပ် ကြားလာရတာ မြင်လာရတာက လက်နက်ကိုင်သူ အစုအဖွဲ့တွေ အင်အားတည်ဆောက်လာမှုနဲ့ အာဏာကြီးထွားလာမှုပါပဲ။ လက်နက်ကိုင်သူ အင်အားစုမှာ ပညာတတ် ပညာမဲ့ အလွှာအတန်းအစား အမျိုးမျိုးရှိပြီး လူမျိုးစုပေါင်းစုံဟာ ပန်းတိုင်တခုဆီ ဦးတည်သွားနေတာ ဖြစ်ပါတယ်။ အာဏာရှင်စနစ် ဖြုတ်ချရေးဆိုတဲ့ ပန်းတိုင်ဆီပါ။
တော်လှန်သူ အစုအဖွဲ့ အင်အားစုထဲကနေ ဥပဒေလမ်းကြောင်း ဖော်ဆောင်ရန်အလို့ငှာ တိုင်းဒေသကြီးအသီးသီးမှာ ပသုံးလုံး သို့မဟုတ် ပကဖ၊ ပလဖ၊ ပအဖ ဆိုပြီး ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ ရပ်ကျေးအပါအဝင် ပြည်သူ့ရဲ၊ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍဟာ လိုအပ်ကြောင်း ထင်ရှားပါတယ်။
အာဏာသိမ်းလိုက်ကတည်းက မြန်မာပြည်တွင်းမှာ ဥပဒေဘောင်မဲ့ခြင်း ဖြစ်ပြီးသားပါ။ ပြည်သူကို အကြမ်းဖက် ပေါ်တာဆွဲခြင်း၊ ဘာသာမတူသူတွေအပေါ် အစွန်းရောက် အမုန်းတရား ဖြန့်ဝေခြင်းနှင့် လူမသိ သူမသိ ရိုက်နှက် သတ်ဖြတ်ခံရမှုတွေ၊ အသက်အိုးအိမ် စည်းစိမ် ခြိမ်းခြောက်ခံရမှုတွေဟာ ထုထည်ကြီးမားစွာ ခံစားလာရပါတယ်။ ဖြစ်ပေါ်လာသော ဥပဒေမဲ့ လုပ်ဆောင်ခံရမှုမှာ ဥပဒေလမ်းကြောင်းအရ လုပ်ဆောင်ရန်အတွက် ပြည်သူလူထုဟာ အကူအကယ်မဲ့စွာ ရပ်တည်လာကြရပါတော့တယ်။
ဒီတော့ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍဟာ လမ်းကြောင်းမှန်ကို ဖော်ဆောင်တယ်လို့ မြင်ရပါတယ်။ ဒါပေမဲ့ စစ်ကိုင်းတိုင်း အစရှိသည် တော်လှန်ရေးအင်အားစု အားကောင်းနေတဲ့ တိုင်းဒေသကြီးတွေဟာ ပသုံးလုံးကို အဓိပ္ပါယ်တမျိုး အယူအဆ လွဲချော်လာပါတယ်။ မြေပြင် ပသုံးလုံး ဖော်ဆောင်သူတွေဟာ တရားဥပဒေမဲ့ အခွန်အတုပ် ကြီးလေးစွာ ကောက်ခံတာ၊ ဘက်မတူရင် ရန်သူလို့သတ်မှတ်ပြီး လက်စဖျောက်ခံရတာ အစရှိသည် ကျယ်လောင်လာတဲ့ အသံတွေဟာ မြေပြင် ပြည်သူ့အုပ်ချုပ်ရေးကို ပြည်သူတွေ နားလည်မှု လွဲချော်စေခဲ့ပြီ ဖြစ်ပါတယ်။
ဥပဒေအထက်မှာ ဘယ်သူမှမရှိရ။ တရားမျှတမှုမရှိသော ဥပဒေဟာ ဥပဒေလို့တောင် မခေါ်ဝေါ်ထိုက်ပါ။ ပျက်ယွင်းလာသော လူအုပ်ကြီးကို ထိန်းကြောင်းဖို့ ဥပဒေဟာ လိုအပ်လှပါတယ်။ ဥပဒေကို ဖော်ဆောင်သူဟာလည်း ဥပဒေလမ်းကြောင်းကို နားလည်သဘောပေါက်ထားရမှာ ဖြစ်သလို ခေတ်အဆက်ဆက် အဖိနှိပ်ခံလာရတဲ့ ပြည်သူလူထုကို ဥပဒေရဲ့ တန်ဖိုး အဓိပ္ပါယ်တွေ နားလည်မှု မလွဲချော်စေသင့်ပါ။ အရပ်သား ပြည်သူတွေကို မည်သည့် လက်နက်ကိုင် မဆို လေးစားတတ်ဖို့ အတွေး‌အခေါ် ရှိကို ရှိနေရမှာပါ။
လတ်တလော ဖြစ်ပွားသွားတဲ့ NUG ပညာရေးတာဝန်ခံမိသားစု လုပ်ကြံခံရတာဟာ အမြင်သာဆုံး အာဏာကွင်းဆက် ပြဿနာတရပ်ပါ။ မော်စီတုန်းပြောသလို “အာဏာဟာ သေနတ်ပြောင်းဝမှာ တည်ရှိသည်” ဆိုတဲ့စကားဟာ မြန်မာ့ ဥပဒေစိုးမိုးရေး လမ်းစဉ်တလျှောက် တရားမျှတခြင်းမရှိတဲ့ ဥပဒေမမည်သော ဥပဒေတွေ ဖြစ်ထွန်းစေခဲ့တယ်ဆိုတာ မမေ့သင့်ပါ။ မြေပြင် ပအဖနဲ့ ပလဖဟာ အရပ်သား ပညာရေးတာဝန်ခံ မိသားစု သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို တရားမျှတစွာ ဖော်ထုတ်နိုင်ဖို့ အပူတပြင်း လုပ်ဆောင်သင့်ပါတယ်။
မြေပြင် ဥပဒေလမ်းကြောင်းအတွက် ပသုံးလုံး တည်ရှိမှုဟာ ပြည်သူလူထုကို ဥပဒေအပေါ် မှားယွင်းတဲ့ အမြင် အယူအဆ ရှိလာစေခဲ့ခြင်း မဖြစ်သင့်ပါဘူး။ သမိုင်း မှန်ကူကွက်တွေဟာ အရိပ်သဏ္ဌာန် လိုက်ပါနေကြဦးမှာပါ။ ဥပဒေကို လေးစားတဲ့ ပြည်သူလူထုကို မြင်ချင်လျှင် တရားမျှတသော ဥပဒေတရပ်နဲ့အတူ ဥပဒေ ဖော်ဆောင်သူတွေဟာ
ဥပဒေလမ်းကြောင်းကို ခိုင်မာကြောင်း သက်သေထူဝံ့မှသာ ဖြစ်ပါလိမ့်မယ်။
ဥပဒေဘောင်မဲ့ခဲ့တာ နှစ်ပေါင်းခုနှစ်ဆယ်ကျော်ပါ။ ဥပဒေဘောင်မဲ့ခြင်းကနေ ဥပဒေစိုးမိုးမှု အရယူရင်း မြေပြင် ပြည်သူလူထုကို ခွန်အားပေးကြပါ။ လူထုရဲ့အင်အားဟာ တိုင်းပြည်တည်ဆောက်မှုအတွက် အင်အားပါပဲ။ လူထုမပါသော မည်သူမဆို ကျဆုံးခြင်းကို မလွဲမသွေ ခံစားရမှာဖြစ်ပြီး ပြည်သူလူထု ခံစားနေရသော အသက်အိုးအိမ်
စည်းစိမ် မလုံခြုံမှုတွေကို အကာကွယ်ပေးသော ဥပဒေတရပ် မြေပြင်မှာ ဖြစ်ထွန်းလာပါက ဒီမိုကရေစီပန်းတိုင်ဟာ လက်နက်လမ်းစဉ်ထဲက ရဲရဲကြီး ဖူးပွင့်လာမယ့် တိုင်းပြည်အနာဂတ်တခုကို ယူဆောင်လာမယ်ဆိုတာ အသေချာပါပဲ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment