■ အယ်ဒီတာ့စကား
ယခုဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် လူထုလူတန်းစားမျိုးစုံ၊ နိုင်ငံရေးအဓိပ္ပါယ်မျိုးစုံ၊ တိုက်ပွဲနည်းနာမျိုးစုံပါဝင်သော တော်လှန်ရေးဖြစ်သည်။ စစ်အာဏာသိမ်းမှုစတင်ကတည်းက ပြည်သူလူထုသည် စီတန်းလှည့်လည်ခြင်း၊ ကားများ ရပ်တန့်ပိတ်ဆို့ထားခြင်း၊ လမ်းများပေါ် သပိတ်တားခြင်း၊ အာလူးကောက်ခြင်း၊ သနပ်ခါးသွေးခြင်း၊ တီးမှုတ်ဖျော်ဖြေခြင်း၊ မော်ဒယ်သရုပ်ဆောင်များက Performance များ လုပ်ပြခြင်း၊ ညစဥ် သံပုံးတီးခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြခဲ့ကြသည်။အကြမ်းဖက်ဖြိုခွဲမှုများ၊ ပစ်ခတ်သတ်ဖြတ်မှုများကြုံခဲ့ရသည့်တိုင် ပြည်သူလူထုသည် နောက်တွန့်မသွားဘဲ လပေါင်းများစွာကြာမြင့်သည်အထိ တရက်မပျက် ဆန္ဒပြထွက်ခဲ့ကြသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွင် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းအများအပြားသည် အာဏာသိမ်းစစ်တပ်နှင့် မပူးပေါင်းဘဲ ပြည်သူလူထုနှင့် လာရောက်ပူးပေါင်းကြသည်။ ကျန်းမာရေး၊ ပညာရေး၊ ဆောက်လုပ်ရေးနှင့် မီးရထားဌာနက CDM များသာမက ရဲဘက် စစ်ဘက်ကလည်း CDM များစွာ ပေါ်ပေါက်ခဲ့သည်။
အယ်ဘတ်အိုင်စတိုင်းတက္ကသိုလ်မှ ဒေါက်တာဂျင်းရှပ်၏ (From Dictatorship to Democracy) စာအုပ်တွင် စစ်အာဏာရှင်များအား နိုင်ငံရေးအန်တုမှုနည်းနာများ ပါဝင်သည်။ အာဏာရှင် တရားမဝင်အစိုးရများပြုတ်ကျရေး တိုက်ထုတ်ရာတွင်
၁။ ဆန္ဒပြ၍ ကိုယ့်ဘက်ပါအောင် ဖျောင်းဖျခြင်း (Protest and Persuasion)
၂။ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘဲနေခြင်း (Non – cooperation)
၃။ ဝင်ရောက်စွက်ဖက်ခြင်း (Intervention) များ ဆောင်ရွက်ရန်လိုအပ်ကြောင်း ရေးသားထားသည်။
ထိုအထဲမှ အပိုဒ်၂၊ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘဲနေခြင်းသည် အလွန်ထိရောက် သော နိုင်ငံရေးအန်တုမှု ဖြစ်သည်။ စစ်အာဏာရှင်တို့၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးများတွင် မပါဝင်ဘဲ၊ မကူညီဘဲ သပိတ်မှောက်ရေး၊ Boycott လုပ်ရေးသည် အလွန်အရေးကြီးသည်။
စစ်အုပ်စု သက်ဆိုးမရှည်အောင်၊ စစ်တပ်ကျည်ဆံစရိတ် မရအောင်၊ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်အောင်လုပ်ရေးတွင် စစ်တပ်ထုတ်ကုန်ပစ္စည်း မဝယ်ယူမသုံးစွဲရေး၊ Boycott လုပ်ရေး ဖြစ်သည်။ ထိုအချက်သည် စစ်တပ်အကျိုးစီးပွား မည်မျှထိ အရှိုက်ထိသွားသလဲဆိုလျှင် စစ်တပ်ပိုင်ဘီယာများကို သေနတ်ထောက်ပြီး အရောင်းခိုင်းရသည်အထိပင် ဖြစ်သည်။
သပိတ်အစပိုင်းကလည်း စကစ အခွန်မရအောင် မီတာခွန်မဆောင်ခြင်း၊ အောင်ဘာလေထီ မထိုးခြင်းများဖြင့် စကစ အခွန်ရလမ်း ချည့်နဲ့သွားအောင် လုပ်နိုင်ခဲ့သည်။ ထို့ပြင် ပြည်တွင်းပြည်ပရှိ လူမှုအဖွဲ့အစည်းများနှင့် မြန်မာပြည်သူများ၏ သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign) လှုပ်ရှားမှုများကြောင့် နိုင်ငံခြားငွေရရှိနေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ ပိတ်ဆို့အရေးယူခဲ့သည်။ မြန်မာနိုင်ငံဘဏ် ၂ ခုကိုလည်း အမေရိကန်ပြည်ထောင်စုနှင့် ဘင်္ဂလားဒေ့ရှ် Sonali ဘဏ်၊ စင်္ကာပူ( UOB) ဘဏ်တို့က ပိတ်ဆို့အရေးယူခဲ့သည်။ ထိုသို့ ပိတ်ဆို့ ဆောင်ရွက်မှုများက စကစကို နိုင်ငံခြားငွေရရှိမှုအရင်းအမြစ်များ ပြတ်တောက်ကာ အားအင်ချိနဲ့စေခဲ့သည်။ ဤသည်ကား Boycott ၏ အရေးပါမှုပင် ဖြစ်သည်။
တလောက ဗုဒ္ဓသာသနာတော်အတွက် လွန်စွာအရေးပါ၍ အလေးထားရသော ဗဟိုသံဃာ့မဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့သည်။ထို့နောက် ဇွန်လ ၂၂ ရက်၊ ည ၉ နာရီခွဲကလည်း မြင်းခြံမြို့ ပရဟိတဆရာတော် ဦးဥတ္တမကို စစ်တပ်လက်အောက်ခံ ပျူအဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ပြန်သည်။ စစ်တပ်က အရပ်သားပြည်သူများနှင့် သံဃာတော်များ၊ ဘုန်းကြီးကျောင်းများ၊ သာသနိကအဆောက်အအုံများကို ဗုံးကြဲပစ်ခတ်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ သို့ဖြစ်၍ ဇွန်လ ၂၃ ရက်နေ့မှစပြီး သံဃာတော်များက စစ်အုပ်စုအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ဆောင်ရွက်ခဲ့ကြသည်။ စစ်တပ်ကပင့်ဖိတ်သော သာရေးနာရေးကိစ္စများကို မကြွရောက် တရားမဟော၊ အလှူမခံဘဲ ဖယ်ကြဥ်ထားရေးကို ကမ္မဝါဖတ်၍ သပိတ်မှောက်ခြင်းပင်ဖြစ်သည်။ ထိုကံဆောင်သပိတ်ကို ကြားသိရသည့် သံဃာတော်ဟူသမျှက ထိုသပိတ်အတိုင်း လိုက်နာဆောင်ရွက်ကြရသည်ဟု သိရသည်။ ထိုပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ကို ၁၉၈၈ ခု စစ်တပ်ကအာဏာသိမ်းထားစဥ်ကာလ ၁၉၉၀ပြည့်က တကြိမ်၊ ၂၀၀၇ ရွှေဝါရောင် သံဃာတော်များ လှုပ်ရှားမှုတုံးက တကြိမ် ဆောင်ရွက်ခဲ့ကြပြီး ဖြစ်သည်။
အမျိုးဘာသာ၊ သာသနာဟုအော်ကာ သံဃာတော်စစ်စစ်များကို ပစ်မှားသတ်ဖြတ်လျက် အတုအယောင်ကိုးကွယ်မှုများ ပြုလုပ်နေသော စစ်အုပ်စုကို ယခုအခါ သံဃာတော်များက ၃ ကြိမ်မြောက် ကံဆောင်သပိတ် ပြုလုပ်ခြင်းဖြစ်သည်။
ယခုနွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေး ရည်မှန်းချက်မျှသာမဟုတ်ဘဲ အတွေးအခေါ်တော်လှန်ရေးပါ ပါဝင်လေသည်။ စနစ်ဟောင်း၊ ဖွဲ့စည်းပုံအဟောင်း၊ အထိုင်ဟောင်းအပေါ်အခြေခံသော စဥ်းစားချက်များ၊ အတွေးအခေါ်များကိုပါ တိုးတက်ပြောင်းလဲပစ်ရေးဖြစ်သည်။
‘၈၈ က အချိုးတွေ ၂၁ မှာ လာမချိုးနဲ့’ ဟု ကျောင်းသားလူငယ်တွေ ကြွေးကြော်ခဲ့ကြသည်။ ၈၈ တုန်းက အကြမ်းဖက်ဖြိုခွဲခဲ့သလိုမျိုး၊ သွေးကွဲအောင်လုပ်ခဲ့သလိုမျိုး ယခုအချိန်လုပ်၍ မရနိုင်။ယနေ့ လူငယ်များ၏ လေ့လာတွက်ဆမှုနှင့် နိုင်ငံရေးရေချိန်များသည် မြင့်မားခဲ့ပြီဖြစ်သည်။
ယခုရင်ဆိုင်နေရသောတိုက်ပွဲသည် နည်းပညာတိုက်ပွဲဖြစ်သည်။ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်တိုက်ပွဲဖြစ်သည်။ အယူအဆသစ်များနှင့်ဖောက်ထွက်တိုက်ပွဲဖြစ်သည်။ စစ်မျက်နှာအစုံက မလစ်မဟာအောင် တိုက်နေသည့်ပွဲဖြစ်သည်။ ကဗျာဂီတနှင့်တိုက်သည်။ ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်းနှင့်တိုက်သည်။ ဆူဆိုက်ဒရုန်းနှင့်တိုက်သည်။ အွန်လိုင်းကနေ Click to donate နှင့် တိုက်သည်။ Silent Strike နှင့် တိုက်သည်။ ၈ လေးလုံးရေးထားတဲ့ ထီး ၄ ချောင်းနှင့် တိုက်သည်။ သနပ်ခါးသပိတ်၊ ပန်းသပိတ်နှင့် တိုက်သည်။ 7 ၊ 7 ၊ 62 Don’t forget ဆိုတာနှင့် တိုက်သည်။
ပြည်သူ့ဘဝကို စာနာမှုမဲ့သော၊ တိုးတိုးကလေး ငိုနေတဲ့သူတွေရှိတယ် … တိတ်တိတ်ကလေး ပျော်ကြပါ ဆိုသည်ကို နားမလည်သော ကျောရိုးမဲ့၊ သည်းခြေမဲ့၊နှလုံးသားမဲ့လျက် တော်လှန်ပြည်သူများနှင့် G Z များကိုပင် မထေမဲ့မြင်ပြုသော အချောင်သမား စစ်ဘောမတသိုက်ကိုလည်း Boycott ဖြင့် တိုက်ကြရမည်။ အမျိုးသားရေးအတွက် ကိုလိုနီပညာသင်ကြားရေးကို ဆန့်ကျင်လှုပ်ရှားသော ကျောင်းသားသပိတ်အား မထေမဲ့မြင်ပြုသော မင်းသားကြီးဂရိတ်ဖိုးစိန်ကို မန္တလေးကျောင်းသားများက သပိတ်မှောက်ကြသည်။ မန္တလေးမှာ မက,ရလည်း ဘာအရေးလဲဟုဆိုကာ ပဲခူးကို သွားကတော့ ပဲခူးကျောင်းသားများက သပိတ်မှောက်သည်။ ပဲခူးတွင် အဆင်မပြေ၍ ရန်ကုန်သွား က,တော့ ရန်ကုန်ကျောင်းသားများက သပိတ်မှောက်သည်။ သို့ဖြင့် တတိုင်းပြည်လုံးက သပိတ်မှောက်တော့မှ သူမှားပါပြီဆိုပြီး ဝန်ချတောင်းပန်တော့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သပိတ်တားတပည့်ကျောင်းသားများနှင့် ဂရိတ်ဖိုးစိန်အကြား ဝင်ရောက်ညှိနှိုင်းပေးခဲ့သည်။ Boycott မပီမပြင်လုပ်လျှင် Boycott ကို မထေ့မဲ့မြင်လုပ်သူ ပိုများလာလိမ့်မည်။ သွေးတိုးစမ်းကာ ပျက်ရယ်ပြုလာကြလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် တရားရုံးထုတ်စဥ်က သူ့အတွက်ဝယ်လာသော ပြင်သစ်ပေါင်မုန့်ဘူးကို ဘယ်က ဝယ်လာတာလဲ၊ Boycott ဆိုင်ကဆို သူမယူဘူး၊ ဒီလောက်တော့ လိုက်နာရလိမ့်မယ် ဟုအလေးအနက်ပြု မေးမြန်းခဲ့သည်။ Bread Talk ဟာ Boycott လုပ်ထားတဲ့ဆိုင် မဟုတ်ပါဘူးဆိုမှ ပေါင်မုန့်ဘူးကို ယူသွားခဲ့သည်။
သို့ဖြစ်ရာ ကျွန်ုပ်တို့ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးကို အစဥ်ရှေ့ရှုလျက် Boycott ကို အလေးပေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တင်ပြလိုက်ပေသည်။
Be the first to comment