
“မင်းကိုရှာလိုက်ရတာ”

အပိုင်း (၁)
ငါ့ရဲ့လွတ်မြောက်မှုဟာ ငါကိုယ်တိုင်ရဲ့ လွတ်မြောက်မှုတစ်ခုတည်းသာမက တစုံတယောက်ရဲ့ မျှော်လင့်ချက်တစ်ခုလည်း ဖြစ်ခဲ့ဖူးတယ်။
အဲဒီတုန်းက သူ့ကိုယ်တိုင်အတွက်ထက် ငါ့ကိုစိုးရိမ်ပူပန်နေတဲ့ မျက်ဝန်းတစ်စုံကို ငါ့မမေ့ဘူး။ ငါ့လက်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကို ငါမမေ့ဘူး။
ငါ့တို့တွေ လွတ်မြောက်ဖို့အတွက် ရှိသမျှအင်အားတွေကိုထုတ်ပြီး ပြေးနေခဲ့ရတာ။ ဘယ်အထိ ငါတို့ပြေးမှ လွတ်မှာလဲ။ သိပ်မများလှတဲ့ ကိုက်အရေအတွက်တစ်ခုမှာ ရပ်ထားတဲ့ကားတစ်စီးဆီရောက်ရင် ငါတို့လွတ်ပြီ။
ငါ့မြင်ကွင်းထဲမှာရှိတဲ့ ကားဟာ ဘယ်အမျိုးအစားလဲ ငါမသိခဲ့ဘူး။ ဘယ်အရောင်လဲ ငါမသိခဲ့ဘူး။ ဘယ်ပုံစံရှိပြီး ဘယ်လောက်ကြီးလဲ ငါမသိခဲ့ဘူး။
ငါတို့ပြေးနေတဲ့လမ်းမှာ ကားတစ်စီး ကန့်လန့်ဖြတ်ရပ်ထားပြီး အဆင်သင့်ဖွင့်ထားတဲ့ ကားဘေး ဆလိုက်တံခါးကိုပဲ ငါသိတယ်။
ပေါက်ကွဲသံတွေ၊ အော်သံတွေ၊ ခြေသံတွေ၊ အသံပိုကျယ်တဲ့ ငါတို့ရဲ့ ခြေသံတွေ၊ ပေါက်ကွဲလုမတတ်ခုန်နေတဲ့ ငါ့ရဲ့ နှလုံးခုန်သံ၊ ပိုပြီးထင်ရှားလာတဲ့ကားစက်အင်ဂျင်သံ၊ ငါကြားနေရတယ်။
ပိုမြန်ပြီး ပြင်းထန်လာတဲ့ ငါ့ရဲ့ အသက်ရှူသံတွေဟာ ငါရဲ့အသိအာရုံတွေ၊ နိုးကြားမှုတွေအားလုံးကို လွှမ်းမိုးသွားတယ်။ ကြားနေရတဲ့ ငါ့ရဲ့အသက်ရှူသံ၊ မြင်ကွင်းထဲကဖွင့်ထားတဲ့ ကားတံခါး၊ ငါပြေးနေရတယ်ဆိုတဲ့ အသိ။
စုံလင်ကွဲပြားတဲ့ အဆင်အယင်ကိုယ်စီနဲ့ ငါတို့လို လူငယ်တွေဟာ မနက်ခင်းတစ်ခုကို သိမ်းပိုက်ထားတယ်။
ငါတို့ရဲ့ ကွဲပြားတဲ့အဝတ်အစားတွေ၊ အသွင်အပြင်တွေကတဆင့် ငါတို့ဟာ မတူညီတဲ့စိတ်ဝင်စားမှုကိုယ်စီ ရှာဖွေတွေ့ရှိထားတာကို သိနိုင်တယ်။ ငါတို့ဟာ အရောင်အသွေး၊ ပုံပန်းအသွင်အပြင်၊ စိတ်ဝင်စားရာ၊ ကြိုက်နှစ်သက်ရာ ကွဲပြားနေကြပေမဲ့ ငါတို့ မျှော်လင့်နေကြတဲ့ အရာတစ်ခုကတော့ တူညီကြတယ်။
ငါတို့မျှော်လင့်နေတာဟာ လွတ်လပ်မှုပဲ။
ဘယ်လို လွတ်လပ်မှုမျိုးလဲ။ ငါကိုယ်တိုင်တောင် ဘယ်လိုလွတ်လပ်မှုမျိုးကို လိုချင်နေတာလဲဆိုတာ ဇဝေဇဝါပဲ။
တချို့တွေကတော့ လွတ်လပ်မှုကို ကောင်းကောင်းသိနေပြီးဖြစ်သလို တချို့ကလည်း လွတ်လပ်မှုဆိုတဲ့ စာလုံးပေါင်းကလွဲပြီး အဓိပ္ပာယ်ကိုသေသေချာတော့ မသိကြသေးပုံပဲ။
ဒါပေမဲ့ အားလုံဟာ ကိုယ်ပိုင်ရှုထောင့်တွေနဲ့၊ ကိုယ့်နည်းကိုယ့်ဟန််နဲ့ လွတ်လပ်မှုကို အဓိပ္ပာယ်ဖွင့်ကြပါလိမ့်မယ်။ အဲဒါကိုက လွတ်လပ်မှုရဲ့ အနှစ်အသာရပဲမဟုတ်လား။
လွတ်လပ်မှုဆိုတာကို သိပြီးဖြစ်တဲ့သူတွေဟာ လွတ်လပ်မှုကို ရယူဖို့ရောက်လာကြတယ်။ လွတ်လပ်မှုဆိုတာကို မသိသေးတဲ့သူတွေကတော့ သူတိုင်ကိုယ်ရဲ့ လွတ်လပ်မှုဟာ ဘာလဲဆိုတာကို ရှာဖွေဖို့ ရောက်လာကြတယ်။
တချို့တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုကျော်လောက်ကတည်းက သူတို့လိုချင်တဲ့ လွတ်လပ်မှုဆိုတာကို မရသေးလို့လွတ်လပ်မှုအစစ်ကို ရအောင်ယူဖို့ ထပ်ရောက်လာကြတယ်။
ငါမွေးကတည်းကနေ ရှင်သန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း တကြိမ်တခါမှ မကြုံဖူးတဲ့ အခင်းအကျင်းတစ်ခုဖြစ်တာကြောင့် ငါတော်တော်ကို စိတ်လှုပ်ရှားနေခဲ့တယ်။ ငါ့ဘေးမှာရှိနေကြတဲ့ ငါ့သူငယ်ချင်းတွေလည်း ငါ့လိုပဲဖြစ်မှာပါ။
အဲဒီနေ့ဟာ ပထမဆုံးနေ့မဟုတ်ပေမဲ့လည်း ပထမဆုံးနေ့တုန်းကလို ငါ စိတ်တွေလှုပ်ရှားနေတုန်းပဲ။ ငါ့ရဲ့ အင်အားတွေက ပထမဆုံးနေ့တုန်းကလို ပြည့်ဝပြီးသစ်လွင်ဆဲ။
မနက်ခင်းတွေမှာ စောစောစီးစီးနိုးထဖို့ ပျင်းရိနှေးဖင့်လေ့ရှိတဲ့ ငါ့ကို လန်းဆန်းပြီးတက်ကြွနေစေတဲ့ မနက်ခင်း။ မျှော်လင့်ချက်တွေနဲ့ တောက်ပနေတဲ့ မနက်ခင်း။
အကြောင်းအမျိုးမျိုးနဲ့ ကန့်သတ်ခံရလို့ တခါပြီးတခါမှေးမှိန်သွားခဲ့ရတဲ့ ငါတို့ရဲ့မျှော်လက်ချက်သေးသေးလေးတွေကအစ မျှော်လင့်ချက်ကြီးကြီးမားမားတွေအဆုံး ငါတို့အတူတကွ မျှော်လင့်နေကြတဲ့အရာဟာ ပြန်လည်တောက်ပစေမှာလို့ ငါတို့ယုံကြည်နေကြတယ်။
အဲဒီမျှော်လင့်ချက်ကြီးက ဘယ်လောက်တောင်မှ တောက်ပလိုက်မလဲဆိုတာ…အဲဒီမနက်ခင်းမှာရှိနေကြတဲ့ ငါတို့ရဲ့ စိတ်အားထက်သန်မှုနဲ့အတူ တလက်လက်တောက်ပနေတဲ့ မျက်လုံးအရောင်တွေကို ကြည့်လိုက်တာနဲ့ မှန်းဆလို့ရတယ်။
မျှော်လင့်ချက်တွေပြည့်လျှံနေတဲ့ မျက်လုံးတွေဟာ တောက်ပနေသလို ငါ့တို့ရဲ့ ဖြစ်တည်မှုတွေကို ဝင့်ဝင့်ကြွားကြွားထုတ်ဖော်ပြသထားတဲ့ အဝတ်အစားနဲ့ အသွင်အပြင်တွေဟာလည်း အရောင်စုံပြီး တောက်ပနေခဲ့တယ်။
ရန်ကုန်ရဲ့မနက်ခင်းဟာ ဒီလောက်တောင်မှ ရောင်စုံပြီးတောက်ပခဲ့လားဆိုတဲ့ မေးခွန်းကို မေးရလောက်အောင်ပဲ သိလား။
အဲဒီမနက်က ရန်ကုန်ရဲ့ အရောင်တွေထဲမှာ ငါ့ရဲ့ အရောင်လည်း ပါတယ်ဆိုတာ သံသယတောင် ဝင်စရာမလိုဘူးလေ။
ငါ့ရဲ့အရောင်အကြောင်း ရိုးရိုးသားသားပြောရရင် နည်းနည်းတော့ ရယ်စရာကောင်းသား။ ရယ်စရာဆိုပေမဲ့လည်း ဒါကအမှန်ပဲသိလား။
ဘယ်လို အရောင်မျိုးလဲဆိုတော့ ငါ့ရဲ့ အရောင်က ၈၀ ကျော်ခုနှစ်တွေတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ၊ ရုပ်ရှင်ပြကွက် ဒါမှမဟုတ်ဗီဒီယိုမှတ်တမ်းတစ်ခုထဲက အရောင်မျိုး။
“နင်က ချောတယ်၊ ဒါပေမဲ့၈၀ ခုနှစ်တွေက ကောင်လေးတွေ ချောပုံမျိုး” ၊ “သေချာတာပေါ့၊ နင်သာ ၈၀ ခုနှစ်တွေမှာဆို တော်တော်ပေါက်မှာ” ၊ “တစ်ခါတခါ ငါစဉ်းစားမိတယ်…အချိန်ခရီးသွားစက်တစ်ခုနဲ့ နင့်ကို ၈၀ ခုနှစ်တွေကနေ ဒီခေတ်ကို ခေါ်လာသလိုပဲ။ နင်က ရုပ်ပဲတူတာမဟုတ်ဘူး…လုပ်နေကိုင်နေတဲ့ဟန်ပါတူတာ” ဆိုပြီး စ(နောက်)တဲ့ သူငယ်ချင်းတွေရဲ့ မှတ်ချက်တွေမှာ ငါအကြိမ်ကြိမ်ရယ်မောခဲ့ရတယ်။
တစ်ခါတလေလည်း သူငယ်ချင်းတွေရဲ့ အဲဒီလို အပြောတွေကို ငါရင့်သီးသီးဆဲပြီး တုံ့ပြန်ခဲ့တာတွေလည်းရှိတာပေါ့လေ။
တကယ်တော့ သူတို့ပြောတာလည်း မမှားဘူး။
နားရွက်ဖုံးပြီး မတိုမရှည် ပွယောင်းယောင်း လှိုင်းတွန့်ဆံပင်ပုံစံ — ဘယ်ဆံပင်ညှပ်ဆိုင်သွားသွား၊ ဘယ် Hairstylist နဲ့ပဲ ညှပ်ညှပ် မပြောင်းလဲသွားတဲ့ ဆံပင်ပုံစံ၊ ပါးတွေချောင်ပြီး မျက်နှာရှည်ရှည်၊ လည်ပင်းနဲ့လက်တံခြေတံ ပိန်ပိန်ရှည်ရှည်တွေ စတဲ့ ငါ့ရုပ်ရည်အသွင်ပြင်သာမက ငါ့ရွေးချယ်မှုတွေဖြစ်တဲ့ အင်္ကျီပုံစံတွေ၊ အရောင်တွေက သူတို့ပြောတဲ့အရင်ခေတ် ဟန်ပန်စတိုင်တွေ ဖြစ်နေလေ့ရှိတာ။
တစ်ခါတခါ မှန်ထဲကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး သူတို့ပြောတာလည်း ဟုတ်သားပဲလို့ ကိုယ့်ဘာသာ ရယ်မိတယ်။
ဓာတ်ပုံတွေရိုက်တိုင်း ဓာတ်ပုံတွေကို အဖြူအမဲပြောင်းလေ့ရှိတဲ့ ငါ့ရဲ့ Monochrome စွဲလမ်းမှုကိုပါ ထည့်ပေါင်းပြီး ငါ့ကိုမြင်ယောင်ကြည့်ကြည့်။
ခဲပြာရောင် ထားဝယ်ပုဆိုးနဲ့ ကော်လံအချွန်စတိုင် နို့နှစ်ရောင်ရှပ်အင်္ကျီကိုယ်အတိကို ဝတ်ထားပြီး (ဆံပင်ညှပ်ဆိုင်သွားဖို့ နောက်ကျနေတာကြောင့်) ကုပ်ထောက်နေတဲ့ ဆံပင်စတိုင်နဲ့ ငါ့ကို စမြင်လိုက်တဲ့သူငယ်ချင်းတွေရဲ့ မျက်နှာပေါ်က အပြုံးတွေက ငါ့ကို နှုတ်ဆက်တဲ့အပြုံးတွေထက်ပိုတာ ငါသိတာပေါ့။
တဖြည်းဖြည်းနဲ့ မနက်ခင်းဟာ အရောင်တွေပိုစုံလာခဲ့တယ်။ တဖြည်းဖြည်းမြင့်တက်လာတဲ့ နေရောင်ခြည်နဲ့အတူ ငါတို့ရဲ့မျှော်လင့်ချက်တွေလည်း ပိုတောက်ပလာပုံပဲ။
ပိုတောက်ပလာတဲ့ မျှော်လင့်ချက်တွေကြောင့် စိတ်အားထက်သန်မှုတွေနဲ့အတူ ငါတို့ပိုပြီးတက်ကြွလာခဲ့ကြတယ်။ ငါတို့အားလုံး ပိုပိုပြီးစိတ်လှုပ်ရှားလာကြတယ်။
ငါတို့အားလုံးကြားမှာ တူညီတဲ့ ရင်ခုန်သံတွေ ထွက်ပေါ်လာခဲ့ကြတယ်။ အဲဒီရင်ခုန်သံနဲ့အတူ ငါတို့ရဲ့ ကြွေးကြော်အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တယ်။
စကားကြွယ်ပြီး စကားကို ချက်ကျလက်ကျ ပြောတတ်တဲ့သူငယ်ချင်းတစ်ယောက်က “၈၈ က အစ်ကိုကြီး ပုဆိုးခိုင်ခိုင်ဝတ်တော့၊ အစ်ကိုကြီးတို့ရဲ့ သမိုင်းပေးတာဝန်မပြီးသေးဘူး၊ အစ်ကိုကြီးတို့ ၈၈ ကတည်းက တောင်းနေတဲ့ ဒေါ်မော်ကရော်စော် (ဒီမိုကရေစီ) အခုထိမရသေးဘူး၊ လာသွားမယ် မြန်မြန်” လို့ ငါ့ကိုကြည့်ပြီး ပြောတော့ ဆိုင်းဘုတ်တွေ၊ အလံတွေကိုင်ထားတဲ့ တစ်ဖွဲ့လုံးက ရယ်မောကာ တခြားသူတွေ အော်လိုက်တဲ့ ကြွေးကြော်အသံတွေအတိုင်း ကျယ်ကျယ်လောင်လောင်အော်လိုက်ကြပြီး အရောင်သွေးစုံတဲ့လူအုပ်ထဲတိုးဝင်ရင်း ငါတို့ရဲ့ အရောင်တွေကို ထပ်ဖြည့်လိုက်ကြတယ်။
”ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”
“၈၈ က စောက်ချိုးတွေ၊ ၂၁ မှာ လာမချိုးနဲ့”
“ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”
“၈၈ က စောက်ချိုးတွေ၊ ၂၁ မှာ လာမချိုးနဲ့”
”ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”
“၈၈ က စောက်ချိုးတွေ၊ ၂၁ မှာ လာမချိုးနဲ့”
ကြွေးကြော်အသံတွေ ပိုပြီးကျယ်လာခဲ့တယ်။
ငါတို့ရဲ့ ရင်ခုန်သံတွေလည်း ပိုပြီးကျယ်လာခဲ့တယ်။ ငါတို့မြောက်လိုက်တဲ့ဆိုင်းဘုတ်တွေ၊ အလံတွေက အပေါ်ကို ပိုပြီးမြင့်မြင့်သွားတယ်။
Be the first to comment