
“မင်းကိုရှာလိုက်ရတာ”

အပိုင်း (၂)
လွတ်လပ်မှုအစစ်ဆိုတာ ဘာလဲလို့ တိတိပပ ငါသေချာမသိသေးပေမဲ့ ငါတို့လိုချင်တဲ့ လွတ်လပ်မှုအတွက် ငါတို့ရဲ့တောင်းဆိုအသံတွေကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ခွင့်ရတာကိုတောင် ငါတော်တော်ကျေနပ်နေပြီသိလား။
ငါ့ကိုယ်ငါ ရှာဖွေတဲ့ခရီးမှာ လွတ်လပ်မှုဟာ ငါ့ကိုယ်ငါ ဘာလဲဆိုတာကို ဖွင့်ထုတ်ပြသဖို့ ကူညီပေးနိုင်တယ်လို့ ငါယုံကြည်နေတယ်။
အခုအချိန်မှာ ငါ့ကိုယ်ငါ အတော်အတန် သိနေပြီ။ငါဘာလဲဆိုတာ ငါသိနေပြီ။ ငါဘာကို ယုံကြည်နေတာလဲ၊ ငါ ဘာကို မယုံကြည်တော့တာလဲ၊ ငါဘာကို ကြိုက်ပြီး၊ ငါဘာကို မကြိုက်တာလဲဆိုတာတွေကို ငါကောင်းကောင်းသိတာပေါ့။
ဒါပေမဲ့ ငါကိုယ်ငါ သိနေပေမဲ့ ငါဟာ ဘာလဲဆိုတာကို ဖွင့်ထုတ်ပြဖို့အတွက် ငါ့မှာ ကန့်သတ်ချက်တွေရှိနေသေးတယ်။ ငါ့ရဲ့ စစ်မှန်တဲ့ငါ့ကို ငါ့အနာဂတ်မှာ ပုံဖော်လို့ မရသေးဘူး။ အဲဒီအတွက် ငါ လွတ်လပ်မှုကို တောင့်တတယ်။လိုလားတယ်။ ရမှကိုဖြစ်မယ်။
”၈၈ က သောက်ချိုးတွေ၊ ၂၁ မှာ လာမချိုးနဲ့” ဆိုတဲ့ကြွေးကြော်သံကြား ‘၈၈ ကတည်းက’ ဆိုတဲ့ စကားတပိုင်းတစကို ငါကြားလိုက်ရတယ်။ နောက်ထပ် ငါသေသေချာချာကြီးကြားလိုက်ရတဲ့ စကားက “၈၈ ကတည်းက မင်းကိုရှာနေတာ” ဆိုပြီးတော့ပေါ့။
ကြွေးကြော်သံတွေကြား ဘယ်သူက ဘယ်သူကို ၈၈ ကတည်းက ရှာနေတာလဲဆိုပြီး ငါ မတွေးမိဘဲနေမလား။
အဲဒီစကားဟာ ငါ့အတွက်ထူးဆန်းပြီး အော်သံတွေ၊ ရင်ခုန်သံတွေကြား ငါ့ရဲ့ အာရုံကို ဖမ်းစားနိုင်စွမ်းရှိတဲ့ စကားဖြစ်သွားတယ်။
ငါ့ရဲ့ အာရုံကို များများစားစား မဖြန့်ကျက်လိုက်နိုင်ခင် အဲဒီစကားကို ဝမ်းနည်းမှုစွက်နေတဲ့ အသံတစ်သံနဲ့ ပြောလိုက်တာကို နီးနီးကပ်ကပ်ကြီး ကြားလိုက်ရတယ်။
အသံထွက်လာရာဆီကို ငါကြည့်ဖို့လုပ်နေတုန်းမှာပဲ လေထုဟာ ငါ့တစ်ကိုယ်လုံးကို ရစ်ပတ်လွှမ်းခြုံပြီး မြေထုဟာ ငါ့ကိုဝါးမျိုဆွဲနှစ်လိုက်သလို ငါခံစားလိုက်ရတယ်။
အရောင်သွေးတွေစုံတဲ့ ရန်ကုန်မနက်ခင်းရဲ့ အရောင်တွေ ဘယ်မှာလဲ၊ ငါ့ရဲ့ မျက်လုံးတွေထဲ အရာအားလုံးဟာ ငါစွဲလမ်းခဲ့တဲ့ Monochrome ရဲ့ အဖြူအမဲတွေသာ မြင်ရတော့တယ်။ ငါ့တစ်ကိုယ်လုံး တောင့်တင်းသွားတာကို ငါ့ရဲ့အရေပြားအောက်က အကြောအမျှင်တွေကတဆင့် ငါသိလိုက်တယ်။
ငါ မျက််ရည်တွေကျတော့မလား။ ငါ အသက်ရှူတွေရပ်တော့မလား။ ငါအသက်ရှူလိုက်တိုင်းမှာ ရနေတဲ့၊ ငါဘယ်တုန်းကမှ မရင်းနှီးခဲ့တဲ့သူစိမ်းတစ်ယောက်ရဲ့ကိုယ်အနံ့။
သူစိမ်းတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကထွက်လာတဲ့ ပူနွေးတဲ့အငွေ့အသက်တွေ။ ငါ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို တင်းတင်းကျပ်ကျပ်ရစ်ပတ်ထားတဲ့ မာကျောပြီးသန်မာတဲ့လက်တစ်စုံ၊ ငါနှစ်မြှပ်နေသလိုခံစားလိုက်ရတဲ့ လက်မောင်းတွေနဲ့ရင်ဘတ်ကြီးတစ်ခု၊ ငါ့ရဲ့ နားရွက်တစ်ဖက်နဲ့ ဆံပင်တွေကို လေဟပ်နေတဲ့ ဝင်သက်ထွက်သက်များ။
ငါ မသေသေးဘူးဆိုတာ ငါသိတယ်။ ငါမသေသေးဘဲ ငါငရဲများ ရောက်သွားလား ထင်ရလောက်အောက်ပဲ။
နှစ်သိမ့်မှုတွေကို ငါယုံကြည်တယ်။ သံသယတွေကို ငါမယုံကြည်ဘူး။ အရမ်းချိုတဲ့ အစားစာတွေ ကို ငါမကြိုက်ဘူး။ အနံ့အရသာမပြင်းတဲ့ အစားစာတွေကို ငါပိုကြိုက်တယ်။ အရောင်ရင့်ရင့်တွေထက်ခပ်ဖျော့ဖျော့အရောင်တွကို ငါပိုကြိုက်တယ်။ ရောင့်ရဲရတာထက် ရွေးချယ်ရတာကို ငါပိုကြိုက်တယ်။ သည်းခံရခြင်းကို ငါလက်ခံနိုင်ပေမဲ့ ဖိနှိပ်ခံရတာကို ငါလုံးဝလက်မခံနိုင်ဘူး။ ယောက်ကျားတွေကို ငါသဘောကျပေမဲ့ မဟာဖိုဝါဒရဲ့ကြီးစိုးမှုကို ငါသဘောမကျဘူး။ ခင်မင်ရင်းနှီးသူတွေနဲ့ တရင်းတနှီးနေရတာဟာ ငါ့အတွက် ပျော်ရွှင်နွေးထွေးမှုဆိုပေမဲ့ သူစိမ်းတွေနဲ့ အသားချင်းထိပြီး နှုတ်ဆက်ရတာဟာ ငါ့အတွက် မသက်သောင့်မသက်သာဖြစ်မှုပဲ။
အဖြစ်ပျက်တွေကို မြန်မြန်ဆန်ဆန် ဖြစ်သွားစေတာက ငါ့ဘေးနားမှာရှိနေကြတဲ့၊ ငါ့အကြောင်းကို ကောင်းကောင်းသိနေကြတဲ့ ငါ့သူငယ်ချင်းတွေပဲ။
ခပ်ကြမ်းကြမ်းလေး ခွဲထုတ်ခံလိုက်ရပြီးနောက် အနောက်ကနေ သူငယ်ချင်းနှစ်ယောက်ကသာ မထိန်းထားပေးရင် ခွေယိုင်ကျသွားမှာက ငါ။ အားပြင်းပြင်းနဲ့ တွန်းထုတ်ခံလိုက်ရလို့ ယိမ်းယိုင်ပြီး အနောက်ကို ဆုတ်သွားတာက သူ။ လူကြီးတစ်ယောက်။
အသက်ကြီးနေတာကိုတော့ သိတယ်။ ငါ့ထက် အရပ်နည်းနည်းပိုရှည်ပုံရပြီး ကိုယ်ခန္ဓာခပ်တောင့်တောင့်ဆိုတော့ အသက်ဘယ်ဝန်းကျင်လောက်ရှိမလဲဆိုတာ ငါ မခန့်မှန်းနိုင်ဘူး။ ကိုယ်ထိလက်ရောက်ရန်ဖြစ်ဖူးတဲ့အတွေ့အကြုံမရှိတဲ့ ငါ့သူငယ်ချင်းတွေအတွက်တော့ သူ့ကို တစ်ခုခုလုပ်လိုက်ဖို့ထက် စကားလုံးတွေနဲ့ ကိုင်ပေါက်ပြီး ရင့်ရင့်သီးပြောလိုက်ကြတယ်။
သူတို့ပြောနေတာကို သိတယ်။ ဘာတွေပြောနေတာကို ငါမကြားဘူး။ မြေကြီးပေါ် မတ်မတ်ရပ်နိုင်ပြီး အသက်ရှူမှန်ဖို့ပဲ ငါကြိုးစားနေရင်း ကြားလိုက်ရတာက အဲဒီလူကြီးရဲ့ ဆွေးဆွေးမြေ့မြေ့ခေါ်သံ ညီလေးတဲ့။
အိုး… မဖြစ်နိုင်ဘူးမလား။
သူနဲ့ ငါ့နဲ့က ညီအစ်ကို ခေါ်ရလောက်တဲ့ အသက်အရွယ်ကွာဟမှုမျိုးမှ မဟုတ်တာ။
ကြွေးကြော်သံတွေကြား ထင်ယောင်ထင်မှား ငါကြားတာ ဖြစ်ချင်ဖြစ်မှာ။
ငါမြင်နေရတဲ့ မြင်ကွင်းကတော့ ထင်ယောင်ထင်မှား မဟုတ်ဘူးဆိုတာ ငါသေချာတယ်။ ငါမြင်နေရတဲ့ အဲဒီလူကြီးရဲ့ မျက်လုံးတွေ၊မျှော်လင့်ချက်တွေနဲ့ အံသြမှုတွေပြည့်လျှံနေတဲ့ မျက်ရည်အဝိုင်းသားမျက်လုံးတွေပေါ့။
ငါမလိုချင်တဲ့မှတ်ဉာဏ်တွေ ငါ့ဆီပြန်ခေါ်လာပေးတဲ့ အဲဒီလူကြီးရဲ့အပြုအမူတွေ၊ ငါတို့သူငယ်ချင်းတစ်သိုက်အတွက်တော့ ပုဒ်မတွေတပ်ပြီး စွဲချက်တင်လို့ရတဲ့ သူ့ရဲ့အပြုအမူတွေ၊ အံသြရလောက်အောင် ရူးကြောင်ကြောင်နိုင်တဲ့ သူ့ရဲ့ အပြုအမှုတွေကသံသယဝင်စရာပဲ။
ဒါပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ နှစ်သိမ့်မှုတစ်ခုကို လိုအပ်နေတာ။ ဟန်ဆောင်နေတာလား။ တကယ်ပဲလား။ အဲဒီအထိ ငါမကွဲပြား။
ငါတို့ကြားက ရုန်းရင်းဆန်ခတ်ဖြစ်မှုကို နောက်ထပ်ရုန်းရင်းဆန်ခတ်ဖြစ်မှုတစ်ခုက လွှမ်းမိုးသွားတယ်။ အသက်ရှူမှန်သွားဖို့ကြိုးစားနေတုန်း ငရုတ်ကောင်းနဲ့ ငရုတ်သီးလှော်ထားတဲ့ အနံကိုရှူရှိုက်မိလိုက်သလို နှာခေါင်းနဲ့ အာခေါင်ထဲမှာ မွှန်ထူသွားပြီး လည်ချောင်းတစ်ခုလုံးက စူးရှကျိန်းစပ်သွားတာကို ငါခံစားလိုက်ရတယ်။
မျက်ရည်တွေပြည့်လျှံနေတဲ့ မျက်ဝန်းတစ်စုံကို မြင်နေရတဲ့ငါ့မြင်ကွင်းဟာ ဝေဝါးသွားပြီး မျက်ရည်တွေဖြိုင်ဖြိုင်ကျလာတဲ့ ငါ့မျက်လုံးတွေဟာ နာကျင်ကျိန်းစပ်လာခဲ့တယ်။
ကစဉ့်ကလျားတိုးဝှေ့ရွေ့ပြေးလာတဲ့ လူအုပ်က ငါ့ကိုအနောက်ကနေ ထိန်းပေးထားတဲ့သူငယ်ချင်းနှစ်ယောက်ကို တွန်းတိုက်သွားတာကြောင့် သူတို့နှစ်ယောက်လည်း ဟန်ချက်ပျက်ပြီး ငါ့ကိုအရှေ့ကို တွန်းထုတ်လိုက်သလိုဖြစ်သွားတယ်။
အော်သံတွေ၊ ပြေးလွှားလှုပ်ရှားအသံတွေ၊ မွှန်ထူတဲ့အခိုးအငွေ့တွေကြား တစ်စုံတစ်ယောက်သာ အရှေ့ကနေ မထိန်းထားရင် ငါဟာ ကွန်ကရစ်လမ်းပေါ် လုံးဝဝမ်းလျားမှောက်ပဲ။ နှခေါင်း၊အာခေါင်၊ လည်ချောင်းတွေရဲ့ ကျိန်းစပ်နေတဲ့ ဝေဒနာ၊ မျက်လုံးတွေရဲ့ဖွင့်မရပိတ်မရ နာကျင်နေမှုကြောင့် သတိကြီးလှတဲ့ ငါဟာ ဘာသတိမှမကပ်နေတော့ဘူး။
မျက်လုံးက ဖွင့်ထားလား၊ ပိတ်ထားလား မသဲကွဲမြင်ကွင်းတွေဟာ ဝေဝေဝါးဝါးပဲ။ ငါ့လက်တစ်ဖက်ကို ဆွဲကိုင်ပြီး ငါ့ပခုံးတွေကို ထိန်းရင်း ခပ်မြန်မြန် ခေါ်ဆောင်သွားတာကိုပဲ ငါသိတော့တယ်။
Be the first to comment