မင်းအောင်လှိုင် ဆက်မက်နေသေးတဲ့ သမ္မတရူးအိပ်မက်

◼️လင်းခေတ်
၆ ကြိမ်မြောက် အရေးပေါ်ကာလအဖြစ် နောက်ထပ် ၆ လ သက်တမ်းတိုးခြင်းမှာ မင်းအောင်လှိုင်သည် မပြောင်းမလဲ မိုက်မိုက်ကန်းကန်း မင်းအောင်လှိုင် သာဖြစ်ကြောင်း နောက်ထပ် သက်သေပြလိုက်ခြင်းဖြစ်တယ်။
တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတဲ့ လူကြီးလူကောင်း နိုင်ငံရေးဆီသို့ မင်းအောင်လှိုင် တက်လှမ်းလာလိမ့်နိုး စိတ်ကူးယဉ် မျှော်လင့်နေကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို မင်းအောင်လှိုင်အပေါ် စိတ်ကူးယဉ်လို့ မရကြောင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်တယ်။
ဇူလိုင် ၃၁ ရက်မှာ ကိုယ့်ကိုယ်ကို ယာယီသမ္မတခန့်ထားတဲ့ မင်းအောင်လှိုင်က ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်လိုက်တယ်။ အဲဒီအစည်းအဝေးမှာ မင်းအောင်လှိုင်က ရွေးကောက်ပွဲပြုလုပ်နိုင်ရေး အရေးပေါ်ကာလ နောက်ထပ် ၆ လ သက်တမ်းတိုးဖို့ ပြောကြားခဲ့ပြီး ကျန် ကာလုံအစည်းအဝေး တက်ရောက်လာသူတို့က လက်သီးလက်မောင်းတန်း ထောက်ခံကာ အတည်ပြုကြတာကြောင့် ယာယီသမ္မတ မင်းအောင်လှိုင်က ကာချုပ်မင်းအောင်လှိုင်ကို နောက်ထပ် ၆ လ သက်တမ်းတိုးပေးလိုက်ကာ အစည်းအဝေး အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာခဲ့ကြတယ်။
ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်က စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်စီးပွား တရိပ်ရိပ်တိုးတက်လာပြီး ၂၀၂၄-၂၀၂၅ ခုနှစ်မှာ ၃.၈% အထိ တိုးတက်လာအောင် အစွမ်းကုန် ကြိုးစားနေတယ်လို့ ဆိုတယ်။
မင်းအောင်လှိုင် အဲဒီလိုပြောကြားတဲ့ ဇူလိုင် ၃၁ ရက်မှာပဲ အခေါက်ရွှေဈေးက ၆၈ သိန်းအထိ ရောက်ရှိခဲ့သလို မြို့ကြီးပြကြီးတွေမှာ လောင်စာဆီတွေပြတ် လို့ ပိတ်တဲ့ဆိုင်ကပိတ်၊ ဖွင့်တဲ့ဆိုင်တွေမှာလည်း တန်းစီနေကြတဲ့ကားတွေက တမြှော်တခေါ်။ ဒုက္ခကြီးလှတဲ့ မြန်မာပြည်သူတွေ စားအုန်းဆီကိုလည်း အချိန်အကြာကြီး တန်းစီဝယ်ရ။ မော်တော်ကား ဆီတင်မက လေယာဉ်ဆီပါပြတ်လို့ ရန်ကုန်-စင်ကာပူ ကာဂိုဖလိုက်များ မထွက်နိုင်၊ လေယာဉ်ဆီ ပြန်ရရင် ပုံမှန်ပြန်ထွက်ပါမယ်တဲ့။ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီရဲ့ ကြေညာချက်က ဖေ့စ်ဘွတ်ခ်စာမျက်နှာထက် ပြူးထွက်လာပေမဲ့ မင်းအောင်လှိုင်ကတော့ မင်းအောင်လှိုင်ပီသစွာ ကာလုံအစည်း ဝေးမှာ အတည်ပေါက် ဆက်လွှတ်တယ်။
“ငွေကြေးတန်ဖိုး တက်ခြင်း၊ ကျခြင်းထက် ငွေကြေးခိုင်မာမှုရှိစေရန် လိုအပ်သောကြောင့် ငွေကြေးခိုင်မာမှုရှိအောင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။”
ဘောဂဗေဒပညာရှင်တွေတောင် ခေါင်းစားသွားစေမယ့် အဲဒီလို ဘာပြောချင်မှန်းမသိတဲ့ မင်းအောင်လှိုင်ရဲ့ စကား။ မင်းအောင်လှိုင် အမှန်တကယ်လုပ်နေတဲ့ နည်းလမ်းကတော့ ဒေါ်လာဈေးတက်ရင် ငွေကြေးဈေးကွက်ကလူတွေကို ဖမ်း၊ ရွှေဈေးတက်ရင် ရွှေလုပ်ငန်းရှင်တွေကို ဖမ်း၊ ဆန်ဈေးတက်တော့ ဆန်ကုန်သည်တွေတင်မက ဆူပါမားကက် အကြီးအကဲတွေကိုပါ ဖမ်းနဲ့။
စစ်ကောင်စီ ဗိုလ်ချုပ် ကြီး၊ ငယ်တို့က တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးလာအောင် နေ့၊ ညမနား အစွမ်းကုန် ကြိုးစားနေကြပေမဲ့ မသမာသူ ဝိသမစီးပွားရေးသမား လောဘသားတို့ရဲ့ ဈေးကစားနေမှုကြောင့် စီးပွားရေး ကမောက်ကမ ဖြစ်နေသယောင် မင်းအောင်လှိုင်က အဲဒီလို တပါးသူတွေကို အပြစ်ပုံချရာမှာလည်း ကျွမ်းကျင်တယ်။
မင်းအောင်လှိုင်ရဲ့ ကာလုံအစည်းအဝေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း အပြစ်ဖို့၊ တရုတ်ကို လည်း မချန်၊ NUG၊ CRPH၊ PDF နဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကို အပြစ်ဖို့ လက်ညှိုးထိုး။ ဒင်းတို့ကြောင့် ဒါမျိုးဖြစ်ရ စစ်ကောင်စီနဲ့ ဘာမှမဆိုင်ဘူး ဆိုတာမျိုး။ မင်းအောင်လှိုင်က သူတဘက်ကမ်းခတ် ကျွမ်းကျင်တဲ့ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေကို တွင်တွင်ပြောခဲ့ တယ်။
ဒါပေမဲ့၊ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ချိန်ကနေ ဒီနေ့ထိတိုင် တောက်လျှောက် မပြောင်းမလဲ မယိမ်းမယိုင်ပြောခဲ့တဲ့ တခွန်းတည်းသော စကားကိုလည်း ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင် ဆက်ပြောခဲ့ တယ်။ ရွေးကောက်ပွဲ ကျင်းပရေးဆိုတာ စစ်ကောင်စီရဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ ရည်မှန်း ချက်လို့ဆိုတယ်။
“… ထို့ကြောင့် ရွေးကောက်ပွဲတရပ် ကျင်းပနိုင်ရေး ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိအနေဖြင့် ချမှတ်ထားသည့် ရည်မှန်းချက်အတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်ကို ထပ်လောင်း အတည်ပြု ပြောကြားလိုကြောင်း”
ကိုယ်တိုင်ခန့် ယာယီသမ္မတမှသည် ရွေးကောက်တင်မြှောက်ခံ သမ္မတကြီးဖြစ်လာသယောင် မင် အောင်လှိုင်တင်ဆက်လိုတဲ့ ဇာတ်ညွှန်းမို့ ရွေးကောက်ပွဲဆိုတာကို မင်းအောင်လှိုင် တပြားမှမလျှော့။
ပစ္စက္ခ မျက်မြင်အရ ရှမ်းမြောက်လည်း ကုန်သလောက်၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်လည်း ကုန်လု၊ ချင်းနဲ့ ကရင်နီဆိုလည်း ပြုတ်ပြုတ်ပြုန်း။ စစ်ကိုင်းနဲ့ မကွေ မြို့ပေါ် ကွက်ကွက်လေးမှာတောင် မင်းအောင်လှိုင်လက်ဝေခံ အမတ်လောင်းတွေ မဲဆွယ်ရဲခဲ့ရင် ကံကောင်း။ ဒါပေမဲ့ မင်းအောင်လှိုင်ကတော့ သူ့ သမ္မတရူးအိပ်မက်ရဲ့ ထွက်ပေါက် ရွေးကောက်ပွဲဆိုတာကို နေပြည်တော်တနေရာတည်းသာ ပြုလုပ်နိုင်လည်း ပြုလုပ်ကာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဘူးတဲ့ ရွေးကောက်ပွဲကွက်ကွက်လေးအဖြစ် စံချိန်တင်မယ့်ပုံ။
ပြီးတော့ မင်းအောင်လှိုင်လုပ်မယ့် ရွေးကောက်ပွဲကို ဘယ်နိုင်ငံတွေက အသိအမှတ်ပြုမလဲ ဆိုတာလည်း မေးချင်စရာ။ ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးအပတ်၊လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မင်းအောင်လှိုင်ရွေးကောက်ပွဲအကြောင်း ဘယ်သူကမှ အဖက်လုပ် ဆွေးနွေးခဲ့ခြင်းမရှိတာ တွေ့ရတယ်။ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ မင်းအောင်လှိုင်ရွေးကောက်ပွဲဆိုတာ တလမ်းစီသွားနေတာမို့ အာဆီယံက မင်းအောင်လှိုင်ရဲ့ ငါတကော ရွေးကောက်ပွဲကို ထည့်စဉ်းစားမယ့်ပုံ မပေါ်။ ပြီးတော့ အရှုံးကြီးရှုံးနေတဲ့ စစ်ကောင်စီနဲ့ မင်းအောင်လှိုင်ရွေးကောက်ပွဲကို မင်းအောင်လှိုင်ကို မလိုလားတဲ့ တရုတ်က မိုက်လုံးကြီးစွာနဲ့ ထောက်ခံဖို့လည်း မလွယ်ဘူးလို့ ထင်ရတယ်။
ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်ကတော့ သူခန့်ထားတဲ့ ဝန်ကြီးကိုကိုလှိုင်ကို ကမ္ဘောဒီးယားစေလွှတ်ကာ ရွေးကောက်ပွဲ ပရိုမိုးရှင်း ဆင်းခိုင်းနေတာ တွေ့ရတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနဲ့ မင်းအောင်လှိုင်ရွေးကောက်ပွဲကို အာဆီယံစားပွဲဝိုင်းပေါ် တင်သွင်းပေးဖို့ သွားပြောခိုင်းပုံရတယ်။
ဒါပေမဲ့ ဘယ်သူကမှ အသိအမှတ်မပြုလည်း မင်းအောင်လှိုင်ကတော့ ဂရုစိုက်မှာမဟုတ်ဘူး။ မင်းအောင်လှိုင် ရွေးကောက်ပွဲကို မင်းအောင်လှိုင် အသိအမှတ်ပြုကာ ယာယီသမ္မတအဖြစ်ကနေ သမ္မတကြီးအဖြစ် မင်းအောင်လှိုင်ကိုယ်တိုင် ပြန်ခန့်ပစ်လိုက်လည်း ရတယ်လို့ မင်းအောင်လှိုင် တွေးပြီးနေမှာ သေချာတယ်။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*