မစ္စစ္စပီ လောင်ကျွမ်းခြင်း

◼️ညီလင်းအိမ်
လူအဖွဲ့အစည်းတခုခုအကြားမှာ မယုံသင်္ကာတွေ၊ ခိုက်ရန်ဒေါသတွေ၊ စည်းလုံးမှု ပျက်ပြားတာတွေဖြစ်ဖို့ အလွယ်ကူဆုံး အဆိပ်ခပ်လို့ ကောင်းတဲ့အရာက ဘာသာတရားကို အကြောင်းပြုပြီး အမုန်းစကားပြောရင်းနဲ့ပဲ စည်းရုံး လှုံ့ဆော်တာတွေဖြစ်မယ်။ ကျနော်တို့တိုင်းပြည်မှာဆိုရင် ပင်မရင်းမြစ်အားဖြင့် လူမျိုးစု ရှစ်မျိုးခန့် ရှိသော်လည်း ဗမာလူမျိုးစုကသာ မြန်မာနိုင်ငံထဲမှာ အင်အားအကြီးဆုံး၊ အသာလွန်ဆုံးနဲ့ အခြားသော တိုင်းရင်းသားလူမျိုးများအဖို့ ဗမာလူမျိုးကိုသာ မှီခိုပြီး နေထိုင်ရပ်တည်မှသာ အဆင်ပြေနိုင်မယ်ဆိုတဲ့ အမုန်းတရားကို အုပ်ထားပြီး လူမျိုးကြီးဆိုတဲ့စကားနဲ့ ခွဲခြား သင်းသတ်လိုက်တာ ဖြစ်တယ်။ အဲဒီကနေမှ ဘာသာတရား၊ အသားအရောင်ကနေတဆင့် ထပ်မံပြီး အမုန်းစကားကို သွတ်သွင်းလိုက်ကြတယ်။ ဒါကြောင့် လက်ရှိလူနေမှုကမ္ဘာမှာ စီးပွားရေး ပြိုင်ဆိုင်မှုကြောင့်ဖြစ်တဲ့ စစ်ပွဲထက် ယင်းသို့ လူမျိုးရေးခွဲခြားမှုဝါဒကို အခြေခံသော စစ်ပွဲများ၊ ဘာသာတရားကို အခြေပြုပြီး ဖြစ်ပွားကြတဲ့ စစ်ပွဲတွေဟာ ပိုလို့ဖြေရှင်းရခက်တာ၊ ယခုထိတိုင် ဖြစ်ပွားနေတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ကျနော်တို့တိုင်းပြည်မှာတော့ စစ်အာဏာရှင်စနစ် ဟာ ညီညွှတ်နေကြတော့မယ် လူမျိုးစုတွေ ဖြစ်မနေဖို့အတွက် အထက်ကပြောတဲ့ အချက်နှစ်ခုနဲ့ တိုင်းပြည်က လူမျိုးစုတွေအကြားကို စနစ်တကျ သွေးခွဲ ဖိနှိပ်တာကို တွေ့ရှိနိုင်ပါတယ်။
အဲဒီလို အဆိပ်မိခဲ့တဲ့ မျိုးဆက်ထဲမှာ ကျနော်တို့လည်း ပါခဲ့ကြတာပဲမဟုတ်လား။ မိမိကိုးကွယ်တဲ့ ဘာသာကမှ အထွတ်မြတ်ဆုံးလို့ အထင်ရောက်တာတို့၊ တိုင်းရင်းသားလူမျိုးစုတွေ ဆင်းရဲတာက ငါတို့လို ဗမာလူမျိုးဖြစ်မနေလို့ အစရှိလို့ အဲဒီလို တွေးတောနေရတာကိုပဲ မှန်ကန်အားရှိသလို ဂုဏ်ယူမိတာလိုလို အထင်ရောက်နေရတာ ဖြစ်တယ်။ ဒီအခါမှာ တခြား တိုင်းရင်းသားလူမျိုး တယောက်ယောက်က ကျနော်တို့ထိစပ်ရတဲ့ အလုပ်အကိုင် လုပ်ငန်းခွင်မှာ နေရာရနေတာမျိုးဆိုရင် အမြင်မကြည် ဖြစ်ရတာတို့၊ သူတို့ကပဲ ကျနော်တို့အပေါ်ကို ဂုတ်သွေးစုပ်ရင်း ဖိနှိပ်နေကြတယ်၊ ပြီးရင် ဘာသာတရားကိုးကွယ်မှုအထိ ဆက်လက် ဖျက်ဆီးကြလိမ့်မယ် ဆိုတာတွေကိုပါ မြစ်ပွားနာများသဖွယ် အတွေးအိမ်ဆီကို ဆင့်ကူးသွားစေပြီး ကြီးမားခက်ထန်တဲ့ အမုန်းတရားဆီကို ဆင့်ကဲ ပြောင်းလဲသွားစေပါတော့တယ်။
၁၉၆၄ ခုနှစ်များဆီမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခကို အခြေခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကလည်း အထက်က ရည်သန်ပြောဆိုထားတဲ့ အချက်တွေကို အခြေခံထားပါတယ်။ ဖတ်ရတဲ့စာတွေအရဆိုရင်လည်း အမေရိကန်ပြည်ထောင်စုအတွင်းက ပြည်နယ်တခုဖြစ်တဲ့ ယင်း မစ္စစ္စပီ မြစ်ဝှမ်းဒေသမှာရှိတဲ့ နေထိုင်မှုဝန်းကျင်တွေဟာ ဆင်းရဲကျပ်တည်းလှပြီး အမြဲတစေ လူမျိုးရေးပဋိပက္ခတွေနဲ့ ရောထွေးယှက်တင်နေတဲ့ နေရာလို့ ဆိုကြပါတယ်။ ယခုအဖြစ်အပျက်ဟာလည်း များမြောင်လွန်းလှတဲ့ လူမျိုးရေး အသားအရောင်ခွဲခြားမှု ပြဿနာထဲက အဖြစ်အပျက်တခုသာလျှင် ဖြစ်တယ်။
၁၉၆၄ ခုနှစ်ဝန်းကျင်မှာပဲ လူမျိုးရေး/ဘာသာရေး အစွန်းရောက်ဝါဒတွေနဲ့ အခြေခံဖွဲ့စည်းထားတဲ့ KKK ပါတီဝင်တွေဟာ မစ္စစ္စပီဒေသမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ လူမည်းအမျိုးသားနဲ့ နောက် ဂျူးလူမျိုး လူငယ်နှစ်ယောက်တို့ကို ရက်ရက်စက်စက်နဲ့ ညှဥ်းပန်း သတ်ဖြတ်ပစ်လိုက်ပါတယ်။ အခုလို သတ်ဖြတ်မှုကို ဦးဆောင်ကြတဲ့အထဲမှာ သက်ဆိုင်ရာ ရာဇဝတ်မှုခင်းဌာနက ရဲတွေပါ ပါရှိနေကြတယ်။ ပြီးတော့လည်း ပြည်နယ်တခုလုံးက လူဖြူအများစုကပါ သူတို့ဘက်မှာ ရှိနေကြတဲ့အတွက် သတ်ဖြတ်ကြသူတွေဟာ တိုက်ပွဲကြီးတခု အောင်နိုင်သလို ဂုဏ်ယူ ပွဲခံနေကြပါတယ်။ ပြောရမယ်ဆိုရင် ယင်းဒေသမှာ နေထိုင်ကြီးပြင်းကြရတဲ့ လူမည်းမိသားစုတွေအဖို့တော့ အရှင်လတ်လတ် ငရဲကျနေကြရတာပါပဲ။
သူရို့တွေကို အနီးပါးက လူဖြူတွေဟာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံပြီး အနိုင်ကျင့်ကြတယ်။ အထက်ကကိစ္စလိုမျိုး လက်လွန်ခြေလွန် ဖြစ်သွားတာမျိုးရှိရင်လည်း ရဲစခန်းတွေ တရားရုံးတွေကို သွားမတိုင်ဖို့ ခြိမ်းခြောက် နှုတ်ပိတ်ခြင်းကို ခံကြရတယ်။ သွား‌ရောက် တိုင်တန်းရင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက မျက်ကွယ်ပြုကြတာမို့ တိုင်တန်းတဲ့သူတွေမှာပဲ ရိုက်နှက်သတ်ဖြတ်ခံရတာတွေ ဖြစ်ရလို့ လူမည်းမိသားစုဝင်တွေမှာ ဘာပဲဖြစ်ဖြစ် ခါးစည်းခံနေကြရတော့တယ်။ နှစ်ကာလပေါင်းများစွာအထိ ကူဖေးရာမဲ့ ဘဝနဲ့ပဲ ရှင်သန်နေထိုင်ကြရတယ်။
သို့ပေတဲ့လည်း လူငယ်သုံးယောက် ပျောက်ဆုံးတဲ့အမှုဟာ FBI အထိပါ ပေါက်လာတယ်။ ဒါကို စုံစမ်းဖော်ထုတ်ဖို့ရာအတွက် FBI ကနေ အရာရှိ Alan Ward နဲ့အတူ ယင်းဒေသမြောက်ဘက်ပိုင်းက ဝါရင့် ရဲအရာရှိကြီးတဦးဖြစ်တဲ့ အေးဂျင့် Rupert တို့ကို စေလွှတ်လိုက်ပါတယ်။ လူမျိုးရေး အသားအရောင် ပြဿနာပေါင်းစုံကို ထိတွေ့ကိုင်တွယ်လာခဲ့တဲ့ ရဲအရာရှိ Rupert ကတော့ ဒီဒေသကအမှုတွေကို ဖော်ထုတ်ဖို့ မလွယ်ကူဘူးဆိုတာကို သိပေတဲ့ လူငယ် အရာရှိပေါက်စ Alan Ward ကတော့ လက်မခံပါဘူး။ အမှုမှန်ပေါ်တဲ့အထိ ဖော်ထုတ်မယ်လို့ ပြောတယ်။
ဆိုခဲ့သလိုပဲ ရှိရင်းစွဲ လူဖြူဒေသခံတွေ အားလုံးနီးပါးကလည်း အစွန်းရောက်အမျိုးသားရေးဝါဒကို ထောက်ခံ ကိုင်စွဲနေကြသူတွေ။ ကေသုံးလုံးပါတီ ထူထောင်သူကလည်း သူ့ကိုယ်သူ အဲဒီဒေသမှာ ကယ်တင်ရှင်သဖွယ်အဖြစ်နဲ့ ရာသီဥတုသာယာတဲ့ ညတွေတိုင်းမှာ ဟောပြောပွဲကြီးကျင်းပတယ်။ လာရောက် နားထောင်တဲ့ လူအုပ်ကြီးဆီကို လူမျိုးရေး၊ ဘာသာရေးနဲ့ပတ်သက်တဲ့ အစွန်းရောက်စကားတွေကိုပဲ ဟောပြောပြီး အမုန်းစကားတွေကို သွတ်သွင်းလေ့ရှိပါတယ်။ ယင်းညတွေတိုင်းဟာ ဒေသခံလူမည်းတွေအတွက်တော့ ငရဲသင့်တဲ့ညတွေ ဖြစ်လာတယ်။ အစွန်းရောက် မုန်းစွဲဝါဒီအပြည့်နဲ့ သွေးဆာတက်ကြွနေကြတဲ့ လူဖြူတွေဟာ လူမည်းတွေနေထိုင်ရာ ရပ်ကွက်ထဲကို အော်ဟစ်သွားရောက်ပြီးတော့ သူတို့အိမ်ရာတွေကို ပျော်ပျော်ပါးပါး ပါတီကျင်းပနေကြသလိုမျိုး မီးရှို့ဖျက်ဆီးကြတယ်။ တွေ့သမျှ လူတွေကိုလည်း ရိုက်ပုတ်နှိပ်စက်ကြတယ်။
Alan Ward တို့ ရောက်လာချိန်မှာလည်း ဒေသခံရဲသားတွေက ဂရုပြုမှု အလျဉ်းမရှိကြပါဘူး။ အချိန်တန်တာနဲ့ ပြည်မဌာနကိုပဲ ပြန်သွားလိမ့်မယ်လို့ မှတ်ယူထားကြပါတယ်။ ထက်မြက် ပညာတတ်သူတဦးဖြစ်တဲ့ Ward ကတော့ ခုလို ဖြစ်ပျက်နေကြတာတွေကို ရှုမြင်ရင်းနဲ့ အံ့အားသင့်လျက် ရှိနေတဲ့ပုံပါ။ သူ့အမြင်မှာတော့ ဒီလိုခေတ်ကာလကြီးထဲမှာ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်နဲ့ နာဇီအစွန်းရောက်တွေ ရေလောင်းပေါင်းသင် စိုက်ပျိုးခဲ့ကြတဲ့ အဆိပ်ပင် တွေဟာ မရှိလောက်တော့ဘူးလို့ပဲ ယုံကြည်ခဲ့တာမျိုးကို။ သူကိုယ်တိုင် ဒီကိုရောက်ခါမှပဲ ဒါတွေဟာ ဘာမှမပြောင်းလဲ၊ မစ္စစ္စပီ မြစ်ဝှမ်းဒေသမှာ ယင်းအဆိပ်ခိုးတွေနဲ့အတူ လောင်ကျွမ်း အတိပြီးလျက် ဖြစ်နေပြီဆိုတာ သိလိုက်ရတယ်။ ဖိနှိပ်ခံရသူ လူမည်းဒေသခံတွေမှာ သူ့ကိုမြင်ရတော့ ဂြိုလ်သားတယောက် ကို မြင်ကြရတဲ့အသွင် အံ့ဩဘနန်း ဖြစ်နေကြတဲ့ပုံ။ ဘယ်လိုလူဖြူမျိုးကမှ သူတို့အကြားကို မထိတွေ့ မပတ်သက်ကြဘူး။ ဆိုင်မှာ ဝင်စားရင်တောင် သူရို့ထိုင်တဲ့ စားပွဲနေရာဆိုရင် ဘယ်လူဖြူကမှ ဝင်မထိုင်ကြသလို အများသောက်လို့ရတဲ့ ဘုံဘိုင်မှာတောင် လူဖြူသောက်ရန် လူမည်းသောက်ရန်အထိ ခွဲခြားခံနေရတဲ့ ဘဝတွေလေ။ ဒါကို ဒီမြို့ကြီးသား ကိုလူဖြူက သူရို့ရပ်ကွက်ထဲအထိ ရောက်လာပြီး ဖြစ်ကြောင်းကုန်စင် သိရဖို့ လာရောက်မေးမြန်းတော့ ကယ်တင် ဖေးမမယ့်သူစစ်စစ် ရောက်လာပြီလို့ မှတ်ယူလိုက်ကြပုံ ရှိပေတဲ့လည်း ဖိနှိပ်ခံထားရတဲ့ အကြောက်တရားများရဲ့အောက်မှာ ဘာကိုမှ မဖွင့်ဟရဲကြဘူး။
Ward တို့မှာ ထင်ထားတာထက် ပိုလို့ ခက်ခဲရှုပ်‌ထွေးနေတာကို သိရလို့ အားလျော့သွားချိန်မှာပင် သူတို့ရှိနေရာကို လာရောက် တိုက်ခိုက်ခံကြရတယ်။ ဒီအခါမှာ သူ့ရဲ့ စူးနစ်ထက်မြက်လွန်းလှတဲ့ ဗီဇတွေဟာ ပိုမိုတောက်လောင်လာခဲ့ပြီး အထက်ကို နောက်ထပ် အမှုလိုက်အရာရှိ 100 ထပ်ပို့ဖို့ တောင်းခံလိုက် တယ်။ ရုံးအဖြစ် အသုံးပြုဖို့တောင် တွန့်ဆုတ်ဆုတ်ဖြစ်နေတဲ့ ဒေသခံထံကနေ သူတို့အလုပ်လုပ်ရာ မိုတယ်လ်ခန်းမကိုပါ လစာနဲ့ ငှားမနေတော့ဘဲ အပြတ် ဝယ်ပစ်လိုက်တယ်။ ပြီးတော့ ပျောက်ဆုံးသူ သုံးယောက်ရဲ့ သက်မဲ့ခန္ဓာကိုယ်တွေကို တွေ့ရဖို့အတွက်လည်း ဝန်ထမ်းအင်အား ထောင်ဂဏန်းနီးပါးအထိ ဆင့်ခေါ်ခဲ့ပြီး အနီးပါးက ရေကန်တွေ ရေအိုင်တွေမှာ မြေလှန် ရှာဖွေစေခဲ့တယ်။
Ward အနေနဲ့ ဒီလိုလုပ်ပြမှလည်း ကြောက်အားကြီးနေကြတဲ့ လူမည်းတွေဆီကနေ ယုံကြည်မှုကို ရနိုင်မှာကိုး။ ဒါပေမဲ့လည်း စုံစမ်းရတဲ့ အခြေအနေတွေကလည်း ဒုံရင်း ဒုံရင်းသာ ဖြစ်လို့နေတယ်။ အကြောက်တရားနဲ့ ဖိနှိပ်ခံနေကြရသူတွေကို ယင်းအရာတွေအောက်ကနေ တန်ပြန်ဖို့ရာက အမှန်တရားရဲ့ ရလဒ်ကို သူတို့တွေ ခံစားပိုက်ထွေးခွင့်ရဖို့ အရေးကြီးတာကို။ ခက်တာက ဒီလိုစုံစမ်းမှုတွေ တဆင့်တိုးလေလေ လူဖြူတွေကလည်း အဓိကရုဏ်းတွေကို ပိုမိုဖန်တီးကြပြီး သူတို့ကို ဒေသခံရဲတွေကစလို့ လှောင်ပြောင်တာတွေကိုတောင် ခံလာရပါတယ်။ Ward တို့အနေနဲ့ ဒီအခြေအနေတွေကို ကြံ့ကြံ့ခံဖြတ်သန်းပြီး အမှန်တရားရဲ့ရလဒ်ကို ဖော်ဆောင်နိုင်ပါ့မလားဆိုတာက ယခုရုပ်ရှင်က ပေးစွမ်းတဲ့ အကောင်းဆုံး ရသတခု ဖြစ်လာစေပါတယ်။
ရုပ်ရှင်ကို ကြည့်ပြီးချိန်မှာ ကျနော်သိမြင်လိုက်တဲ့အရာက ယင်းကဲ့သို့သော အစွန်းရောက်ဝါဒီကို ဖန်တီးသူတွေ၊ အားကြိုးမာန်တက် ကျူးလွန်ကြသူတွေ ပေါ်မလာစေဖို့ Alan Ward တို့လိုလူမျိုးတွေ အများကြီးရှိဖို့ လိုအပ်တယ် ဆိုတာပါပဲ။ သူဟာ ဘယ်သူ့ဘယ်သူကိုမှ အားနာခြင်း ပျော့ညံ့ကြောက်ရွံ့ခြင်း မရှိဘဲ သူ့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်တွေကို စနစ်တကျ အသုံးချပြီး ရလဒ်ပန်းတိုင်ကို ရောက်ရှိဖို့ အားသွန်ကြိုးပမ်းခဲ့တယ်။ ဒီလိုလူငယ်တွေ ရှိနေခဲ့လို့ နေရာမှန် ပေးနိုင်ခဲ့လို့လည်း လူမျိုးပေါင်းစုံ စရိုက်စုံလှတဲ့ အမေရိကန်ပြည်ထောင်စုလို တိုင်းပြည်ကြီးက သူများတွေထက် ရှေ့ကိုရောက်နေရတာ ဖြစ်ပါတယ်။ စနစ်ဆိုးတွေကို ဘယ်လိုပဲ ကာဆီး ပြောင်းလဲဖို့ ကြိုးစားပါစေ လူအမျိုးမျိုး စိတ်အထွေထွေမို့ ခုလို အဖြစ်အပျက်တွေက ဖြစ်နေကြဆဲ။ အမေရိကန်လို ပြည်ကြီးမှာတောင် ရှိနေသေးမှတော့ ကျနော်တို့ဆီကလို အရာရာ ခေတ်နောက်ရောက်ခဲ့ရတဲ့ တိုင်းပြည်သေးသေးလိုအဖို့တော့ သာလို့တောင် ဆိုးဝါးခဲ့ရ အရာအားလုံးကို ပိုက်ထွေးလာခဲ့ရတယ်။
ဒီအဆိပ်တွေကို လှိုင်လှိုင်သုံးစွဲ ကျွေးမွေးရင်းနဲ့ပဲ အစွန်းရောက် စစ်အာဏာရှင်‌ လူတန်းစားတွေဟာ ခေတ်အဆက်ဆက် ရှင်သန်လာနိုင်ခဲ့ပါတယ်။ မစ္စစ္စပီ မြစ်ဝှမ်းဒေသဟာ ကျနော်တို့တိုင်းပြည်လို့ပဲ ဆိုကြပါစို့။ တအိမ်လုံးကို ပြာကျမတတ် မီးနဲ့ရှို့ခံရလည်း ငုတ်တုတ်ကလေးထိုင်ပြီးတော့ ငေးကြည့်ခဲ့ကြရတဲ့ လူမမယ် လူမည်းကလေး‌ငယ်လေးတွေ၊ တစာစာငိုယိုနေကြတဲ့ ရင်ခွင်ပိုက် သမီးငယ်ကလေးတွေဟာ ကျနော်တို့တွေ ဖြစ်နေခဲ့ရပါတယ်။ ခေတ်အဆက် ဆက် အဲဒီ အကြောက်တရားအောက်မှာပဲ အမှန်တရားနဲ့ တရားမျှတမှုကပေးတဲ့ အဓိပ္ပါယ်သက်ရောက်မှုနဲ့ ယင်း လွှမ်းခြုံမှုများအောက်က အုပ်မိုးပေးထားခဲ့တဲ့ နွေးထွေးမှုအလုံးစုံ အရသာ တလုံးတဝကို မရှိခဲ့ကြတာဟာ မျိုးဆက်ပေါင်း ဘယ်မျှအထိ တိုင်ခဲ့ကြပြီးပြီးလဲ။ မာတင်စကော့စဆေလ်းရိုက်တဲ့ Killers Of The Flower Moon ရုပ်ရှင်မှာလည်း မစ္စစ္စပီကဲ့သို့ပဲ လူဖြူများရဲ့ ယုတ်မာ အောက်တန်းကျမှုတွေအကြောင်းကို တင်ပြတာပဲမဟုတ်လား။ ဒေသခံ အင်ဒီးယန်းတွေကို နည်းလမ်းအမျိုးမျိုးသုံးပြီး ဖိနှိပ် ရက်စက်ကြချိန်မှာ Alan Ward လို လူငယ်တွေကို နေရာပေးထားတဲ့ တိုင်းပြည်ဖြစ်နေလို့သာ နောက်ပိုင်းမှာ လူဖြူ လူစုတ်တွေကို နှိမ်နင်း တားဆီးနိုင်ခဲ့ကြတာ။ တောင်ကိုရီးယားက Nameless Gangster ရုပ်ရှင်မှာလည်း ယင်းသဘောအတိုင်း ပြဆိုတာပါပဲ။
ကျနော်တို့တိုင်းပြည်နဲ့ အသွင်ကူးပြောင်းမှု အလားသဏ္ဌာန်တူတဲ့ တောင်ကိုရီးယားမှာ ဘယ်လိုမှ နှိမ်နင်းလို့မရအောင် အမြစ်တွယ်နေတဲ့ လာဘ်စားမှုတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ ရဲအရာရှိတွေ တကျိတ်တည်း ပူးပေါင်း အခွင့်ကောင်း ယူနေကြတာတွေကို ဖော်ထုတ်နိုင်ဖို့ Alan Ward တို့လို လူငယ်တွေကို နေရာပေးခဲ့ကြတယ်။ လုပ်ပိုင်ခွင့် အပြည့်အဝပေးခဲ့ကြတယ်။ အဲလိုကနေပဲ တောင်ကိုရီးယားရဲ့ အကျင့်ပျက်ခြစား လူတန်းစားတွေကို ပပျောက်အောင် ရှင်းလင်းပစ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ တိုင်းပြည်မှာရော၊ လက်ရှိမှာ ကြည့်လိုက်ရင် မစ္စစ္စပီရဲ့ လောင်ကျွမ်းမီးဟာ ဆက်လက်အရှိန်ကောင်းနေဆဲ။ အာဏာရှင်က တိုက်ကျွေးထားတဲ့အဆိပ်ကို အားပါးတရ သောက်မျိုထားရင်း ရှိရင်းစွဲ လူထုအပေါ်ကို ဆက်လက်တိုက်ကျွေးနိုင်ဖို့ အားထုတ်နေကြတဲ့ လူတွေလည်း ရှိနေကြဆဲပါပဲ။
ဒါပေမဲ့ပေါ့လေ။ လက်ရှိမှာ Alan Ward တို့လိုလူငယ်တွေ အများကြီး ပေါ်လာခဲ့ပြီ။ တဟုန်းဟုန်း အရှိန်မငြီး တောက်လောင်နေတဲ့ မစ္စစ္စပီရဲ့မီးကို ငြိမ်းသတ်ပေးဖို့ အားထုတ်လျက် ရှိနေကြပါပြီ။ ဆိုတော့ ခင်ဗျားတို့ကို ကျနော်မေးချင်တာတခုကလည်း ဒီလိုရုပ်ရှင်ကို ကြည့်ပြီးတဲ့အချိန်မှာ ကိုယ့်ကိုယ်တွင်းမှာ နေရာယူထားပြီးသား စိမ့်ဝင်ပြီးသားဖြစ်နေတဲ့ အဆိပ်ရည်တွေကို ဘယ်လောက်အထိ အန်ချပစ်ခဲ့ပြီလဲ ဆိုတာကို သိချင်မိတာပါ။ ဘာတွေလဲဆိုတော့ ငါက အရေးပါအရာရောက်တဲ့ ဗမာလူမျိုးကြီးဖြစ်တယ် ဆိုတာမျိုးတို့၊ ငါကိုးကွယ်တဲ့ ဘာသာကမှ ဒီကမ္ဘာမှာ အကောင်းဆုံးတို့၊ ဒီမြေဟာ ငါတို့မြေ ငါတို့ ဗမာလူမျိုးတွေပဲ ပိုင်ခဲ့တဲ့မြေ အဲဒါကို ငါတို့နဲ့ မျက်နှာပေါက်ချင်း မတူညီတဲ့ ဒီလူတွေက ဘာကိစ္စ ရောက်လာပြီး နေထိုင်နေကြတာလဲတို့၊ ငါတို့ကမှ လက်ရှိအချိန်မှာ ကယ်တင်ရှင် စလို့ အဆိပ်ပေါင်း မည်မျှအထိကို သွန်ချပြီးပြီလဲ ဆိုတာကို သိချင်မိတာမျိုးပါ။ ဒီလောက်ပါပဲ။
About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*