မည်သည့်အချိန်ထိ

by The Call
‘မည်သည့်အချိန်ထိ’
◼️Ma Ei
တော်သလင်းနေ​ရောင်အောက်ရှိ အရိပ်ရ တမာပင်အောက်တွင် ဒေါ်စန်းရီတယောက် ခြေပစ်လက်ပစ်နှင့် ထိုင်နေသည်။ ခါတိုင်းရက်များတွင် ခပ်မြင့်မြင့် ထုံးနေကြဖြစ်သည့် ဘီးဆံပတ်ထုံးကြီးမှာလည်း သေချာမထုံးနိုင်၍ ဆံပင်များ ဖွာလန်ကြဲကာ ပြေလျော့နေသည်။ သည်နေပူ၊ သည်ကာလများ ဘယ်အထိကြာရှည်အောင် စစ်ဘေးရှောင်ရပါမည်နည်း။ ဒေါ်စန်းရီသာမက၊ မည်သူမျှ မခန့်မှန်းနိုင်။ စစ်ကြောင်းဝင်လာပြီတဲ့ ဆိုလျှင် ဒေါ်စန်းရီတို့ အသက်ကို ဖက်နှင့်ထုပ်ကာ ဖနောင့်နှင့်တင်ပါး တသားတည်း ကျအောင် ပြေးဖို့ရာပင်။ ဤတခုသာ တတ်နိုင်သည်။
စစ်ရှောင်ရသည်မှာ သုံးလကျော်လာပြီ ဖြစ်သည်။ ဦးစွာ စစ်ရှောင်ရသည့် ရက်ပိုင်းများတွင်တော့ အိမ်ကပါလာသည့် စားအိုးသောက်ဖွယ်အနည်းငယ်နှင့် အူစိုနေသေးသည်။ ထောက်ပို့အဖွဲ့အစည်း တချို့ကလည်း ကူညီကြသည်။ ဤသို့နှင့် ရက်မှ လသို့ ကူးပြောင်းလာသည့်နောက်တော့ ဒေါ်စန်းရီတို့ မချောင်လည်နိုင်ကြတော့။
စစ်ရှောင်ရသည်မှာလည်း မလွယ်ကူလှပေ။ မိသားစုများရင် များသလို ပူရသည်။ ရုတ်တရက်ကြီး စစ်ကြောင်းဝင်လာသံကြားလျှင် အနီးမှာရှိသည့် လက်လှမ်းမီရာ ကလေး၊ အဝတ်ထုပ်၊ ထမင်းထုပ်တို့ကို ဆွဲယူကာ ပြေးရသည်။ နားရမည့်နေရာရောက်လျှင်လည်း နားမည်မကြံရဲပေ။ ကလေးချင်း ဆော့ကစားရာမှ ရန်ဖြစ်သည့်အချိန်တွင် လူကြီးမိဘများပါလာကြလျှင် အခြေအနေက ပိုဆိုးသည်။ တချို့များတော့လည်း စောင်မေ့ခဲ့၍ အော်ဟစ်သံများ၊ အရေးကြီးစာရွက်စာတမ်းများ မပါခဲ့၍ ဆူပူကြိမ်းမောင်းသံများနှင့် ပွက်လောရိုက်လှသည်။ စစ်ကြောင်းက တမျိုး၊ လေကြောင်းက တမျိုး၊ အမျိုးမျိုးသောများပင်။
လက်ရှိ၌လည်း အိမ်ပြန်၍ မရသေး။ တနေ့က ရွာထဲဝင်ကာ မီးရှို့သွားသည်ကို ရွာဘက်မှ အလုံးလိုက်တက်လာသည့် မီးခိုးများကို ချိန်ဆကာ သိရသည်။ ဖြစ်နိုင်လျှင် ဒေါ်စန်းရီ အိမ်ကို အပြေးပြန်လိုက်ချင်သည်။ မိဘများ အမွေပေးထားခဲ့သည့် အိမ်လေးကို အပြေးပြန်ကာ ကြည့်ချင်မိသည်။ သို့သော် စစ်ကြောင်းက မထွက်သေး၍ မည်သည်ကိုမျှ လုပ်ကိုင်၍ မရ။ အင်မတန် စိတ်ပျက်စရာကောင်း၏။ “ဪ… မြေကျန်ရင် တော်ပြီပေါ့” ဟု ဒေါ်စန်းရီ စိတ်ထဲ၌တွေးကာ ဖြေရသည်။
လွန်ခဲ့တဲ့ သုံးနှစ်ဝန်းကျင်ကလည်း ဒေါ်စန်းရီတို့ စစ်ကြောင်းနှင့်လွတ်မည်ထင်သည့် အရပ်ကို ပြေးကာမှ စစ်ကြောင်းနှင့် တည့်တိုး တိုးမိသေးသည်။ အညာမှာတော့ သည်လိုမျိုးပင်။ စစ်ကြောင်းက တောင်ကလာလျှင် မြောက်အရပ်သို့ ပြေးကြသည်။ စစ်ကြောင်းလာရာလမ်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ ပြေးရသည်။ ကံဆိုးလျှင်တော့ စစ်ကြောင်းနှစ်ကြောင်းကြား အညှပ်ခံရနိုင်သည်။ ဒေါ်စန်းရီတို့ စစ်ကြောင်းနှင့် တည့်တည့်တိုးကာ လူသားဒိုင်းပြုလုပ်ခြင်းကို နှစ်ရက်တွေ့ကြုံခဲ့ရသည်။ ထို့နောက်များမှာတော့ စစ်ကြောင်းဝင်သည်ဆိုတိုင်း ရှေ့ဆုံးကနေသာ ပြေးတော့သည်။
အခုတော့ တရွာတည်းနေ ဘဝတူ စစ်ရှောင်များနှင့်အတူ ချက်ပြုတ်စားသောက်ရသည်။ နွားလှည်းပေါ်တွင် ပေါင်းမိုးဖြင့် နေကြသူ၊ မိုးကာဖြင့် တဲငယ်လုပ်သူ၊ အပင်ကြီးတပင်အောက်တွင် နေရာယူကြသူများဖြင့် စုံလှသည်။ ဗြုန်းကနဲများ မိုးရွာလာရင်တော့ ခက်ချေပြီ။
ဒေါ်စန်းရီတို့ စစ်ရှောင်နေရသည့် လမ်းနှုတ်ခမ်းပေါ်တွင် သယ်နိုင်သမျှပါလာသည့် ပစ္စည်းများကို ပြင်ဆင်ကာ ရောင်းချနေကြရသည်။ တချို့က စစ်ကြောင်းမရှိသော်လည်း ကားပေါ်တွင်သာ တင်ထား၍ စစ်ကြောင်းဝင်လျှင် တပါတည်း ပါလာကြသည်။ ဒေါ်စန်းရီလည်း ပြေးတုန်းက ပါလာသည့် အလှကုန်ပစ္စည်းအနည်းငယ်ကို ပုဆိုးစခင်း၍ ဖြန့်ကာ ရောင်းချနေသော်လည်း သူသူကိုယ်ကိုယ်စစ်ရှောင်များဖြစ်သည့်အလျောက် ဝယ်ယူမည့်သူ မရှိသလောက်ပင်။
တနေဝင် တနေထွက်ဖြင့် စစ်ကြောင်းထွက်သွားမည့် နေ့ရက်များကို ရေတွက်နေရသည်။ ဒေါ်စန်းရီကဲ့သို့ စစ်ရှောင်များမှာ အပြင်လောကမှ တော်သလင်းလ၏ နေအပူအပြင် အတွင်း၌ လှိုက်စားနေသည့် ရင်အပူကိုပါ တပြိုင်နက်ခံစားကြရသည်။
မည်သို့ပင်ဖြစ်စေ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့မှာလည်း အရာရာ နောက်ကောက်ကျနေပြီပင်။ ရှုထောင့်ပေါင်းစုံမှတွေးလည်း နောက်ဆုံးတော့ မင်းအောင်လှိုင်နှင့်တကွ စစ်အာဏာရှင်ပြုတ်ကျရေး ဘူတာသာ ဆိုက်သည်။ ဤသည်ကား အညာသူ၊ အညာသားများ၏ စိတ်၌ မြဲမြံ တည်ရှိနေသည်။
(အညာဒေသရှိ စစ်ရှောင်များ၏ ခံစားချက်များကို ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။)

Related Posts

Leave a Comment