“The Call ရဲ့ မနက်စာ”
-၂၀၂၄ ဇူလိုင် ၅ သောကြာနေ့ –
■ မနက်ခင်းအတွေး
ရှေ့တန်းက စစ်သားလေးတယောက်က သူ့အဖေဆီစာရေးတယ်။ အမှန်တရားအတွက် အသက်စွန့်တာမှာ ကျနော်ဟာ ပထမဆုံးမဟုတ်သလို နောက်ဆုံးလည်းမဟုတ်ပါဘူးအဖေတဲ့။ ဖခင်ဖြစ်သူကိုနှစ်သိမ့်ရင်း သူ့ယုံကြည်ချက်ကို ခိုင်ခိုင်မာမာပြောဆိုသွားတာပါ။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက သူဟာ ဒုတိယကမ္ဘာစစ်ပွဲကြီးက ဂျာမန်နာဇီစစ်သားလေးတယောက်ဖြစ်နေတာပါပဲ။ ဥရောပတိုက်တခုလုံးကို မီးဟုန်းဟုန်းတောက်အောင်နယ်ချဲ့ပြီး ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးတိုင်ကျုးလွန်ခဲ့တဲ့ ဖက်ဆစ်စစ်သားလေးတယောက်က သူဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေတာလို့ ယုံကြည်ခဲ့တယ်။ အဲဒီယုံကြည်မှုနဲ့ လူတွေသတ်ခဲ့တယ်။ မြို့တွေရွာတွေ မီးရှို့ခဲ့တယ်။ အမျိုးကောင်းသမီးလေးတွေကို ဖျက်ဆီးပစ်ခဲ့တယ်။
စခန်းမှူးကြီး လူထုနဲ့ပူးပေါင်းပါဆိုတော့ ကျနော် အဲဒါတွေ အယုံအကြည်မရှိဘူးတဲ့။ ပြီးတော့ ဒီရွာဗုံးကြဲခံရရင် မီးရှို့ဖျက်ဆီးခံရရင် သူ့မှာ တာဝန်မရှိဘူးတဲ့။ သူတို့ကို လာတိုက်တဲ့သူတွေမှာပဲ တာဝန်ရှိတယ်တဲ့။ အပြစ်မရှိတဲ့ ရပ်သူရွာသားတွေကို ကျူးလွန်သတ်ဖြတ်ခွင့်ရှိတယ်၊ ဒါဟာ သူ့တာဝန်သူထမ်းဆောင်တာပဲပေါ့။
ဘီစီတဲ့။ ဘာလဲဘီစီ။ နားမလည်ဘူး။ အဲလိုဟာတွေ နားမလည်ဘူး။ အေကနေ ဇက်အထိလည်း နားမလည်ဘူး တဲ့။ ဂစ်တာလေးကိုပိုက်ပြီး စင်ပေါ်ကနေ ရယ်ကျဲကျဲနဲ့ပြောလိုက်ပေမဲ့ ကြားရတဲ့ သူအပေါ် ကြွေခဲ့ချစ်ခဲ့တဲ့သူတွေကတော့ ရင်တွေနာလို့။ အသဲတွေကွဲလို့။ အဓိပ္ပါယ်ရှိတဲ့သီချင်းတွေဆိုခဲ့တယ်။ လူငယ်တွေအပေါ် ဩဇာရှိခဲ့တယ်။ ပြည်သူ့ခေါင်းဆောင်နဲ့လည်း ဖက်လှဲတကင်း ဓာတ်ပုံတွေဘာတွေရိုက်လို့။ အခုတော့ ထမင်းတလုပ်အတွက် ယုံကြည်ချက်ကို ထင်းခုတ်ပစ်လိုက်တာလား။ နဂိုကတည်းက သူ့ယုံကြည်ချက်က အခုပြောဆိုလုပ်ကိုင်တဲ့အတိုင်းပဲလား။
တွေးခေါ်တဲ့အတိုင်း ဘဝကဖြစ်မလာတဲ့အခါ ဖြစ်လာတဲ့ဘဝအတိုင်းပဲ တွေးခေါ်ကြရတယ် တဲ့။ တချို့က လူတွေရဲ့အတွေးအခေါ်တွေ ပြောင်းလဲပေးလိုက်ရင် သူတို့ရဲ့ဘဝတွေလည်း ပြောင်းလဲသွားလိမ့်မယ်။ ပြောင်းလဲသွားတဲ့ သူတို့ရဲ့ပြောဆိုလုပ်ကိုင်မှုတွေကြောင့် သူတို့နေထိုင်တဲ့လူ့အဖွဲ့အစည်း၊ တနည်း ခေတ်ကြီးလည်းပြောင်းလဲသွားလိမ့်မယ်လို့ ယုံကြည်ကြတယ်။ တကယ်တမ်းကျတော့ ခေတ်ကြီးကို ပြောင်းလဲမပစ်နိုင်မချင်း လူတွေဟာ အဲဒီခေတ်ကြီးက ပြဌာန်းပေးတဲ့အတိုင်း တွေးခေါ်နေရာက ပြောင်းလဲမလာကြဘူး။ ကြက်ဥနဲ့ကြက်မ ဘယ်ကစလဲဆိုတဲ့မေးခွန်းလို အဲဒီလိုနဲ့ နှစ်တွေအကြာကြီး လုံးချာလည်လိုက်နေခဲ့ကြတယ်။ တော်လှန်ရေးဆိုတာကြီးကို မသိချင်ယောင်ဆောင်ရင်း ကွေ့ပတ်ရှောင်ကွင်းနေရင်းဆိုပါတော့။
နောက်ဆုံး ရှောင်မရတိမ်းမရ တော်လှန်ရေးဆိုတာကြီးနဲ့ တည့်တည့်တိုးလိုက်ကြရတဲ့အခါ လူတွေဟာ မျက်နှာဖုံးတွေကွာကျကုန်တယ်။ သူဘာလဲ ငါဘာလဲ သဲကွဲကုန်တယ်။ ကိုယ့်ရဲ့အရှိအမှန်ကို ကိုယ်တိုင်ပါ ဝန်ခံသိရှိလိုက်ကြရတယ်။ အဲဒီမှာ တချို့က ပြောင်းလဲဖို့ကြိုးစားတယ်။ တချို့က မထူးဇာတ်ခင်းကြတယ်။ တော်လှန်ရေးကတော့ ဘာကြောင့်မှ ဘယ်သူကိုမှ သက်ညှာလေ့မရှိဘူး။ ဇကာတချပ်လို ဇလုတ်တိုက်ချသွားမှာပဲ။ တော်လှန်ရေးဆိုတာ အရာအားလုံးကို အသစ်ပြန်မွေးဖွားပေးတယ်။ မသစ်နိုင်ရင်တော့ စက်ထဲပစ်ထည့်ခံလိုက်ရတဲ့အမှိုက်တွေလိုပဲ ကြိတ်ဝါးခံကြရမှာပဲဆိုတာ မှန်မှန်ကန်ကန်မြင်နိုင်ကြပါစေ။
Be the first to comment