“The Call ရဲ့ မနက်စာ”
-၂၀၂၄ ဇူလိုင် ၂၃ အင်္ဂါနေ့
■ မနက်ခင်းအတွေး
၈၈ ဖြစ်တော့ နိုင်ငံရေးစကားတခွန်း မှတ်သားခဲ့ရဖူးတယ်။ အာဏာသည် လူကိုပျက်စီးစေ၏။ အကြွင်းမဲ့အာဏာသည် အကြွင်းမဲ့ပျက်စီးစေ၏တဲ့။ ကမ္ဘာ့အကျော်ကြားဆုံးတက္ကသိုလ်က ဥပဒေဘွဲ့ကြီးယူလာပြီး တသတ်လုံး အာဏာရှင်တယောက်ကို အလုပ်အကျွေးပြုသွားတဲ့ ပညာရှင်ကြီးတယောက် ပြောသွားတာဆိုပါတော့။ ဒါပေမဲ့ သူပြောတဲ့အထဲမှာ အာဏာသည် လူကိုရူးသွပ်စေ၏လို့တော့ မပါဘူး။ ဒါပေမဲ့ ပျိုးထောင်ကာကွယ်ပေးသွားတဲ့စနစ်ကြီးက အဲဒီအရူးတွေကို မွေးထုတ်ပေးခဲ့တာကတော့ လက်တွေ့ပဲ။
ရန်ကုန်မှာတော့ နေပြည်တော်ဆိုတာ ရုပ်ရှင်ရုံပဲ။ ဟိုအရင်သမိုင်း ဘုရင်တွေအကြောင်းသင်ရတော့ ဘုရင်တွေနေတဲ့နန်းမြို့ကို နေပြည်တော်လို့ခေါ်တယ်ဆိုတာ မှတ်ခဲ့ဖူးတယ်။ မြန်မာပြည်လိုနိုင်ငံငယ်လေးတွေဟာ ပဒေသရာဇ်တပိုင်း ကိုလိုနီတပိုင်းလို့ အကဲဖြတ်ခံရတာ မဆန်းပေမဲ့ စစ်ဗိုလ်တွေကို ဒီလောက် ဘုရင်ရူးရူးလိမ့်မယ်တော့ မထင်ခဲ့ဘူး။ ဒါပေမဲ့ ကြပ်ပြေးမြို့သစ်ကြီးတည်ပြီး နေပြည်တော်လို့ သမုတ်လိုက်တော့လည်း အားလုံးက နေပြည်တော်ကြတာ ကိုယ်တွေ့ပဲ။ အဲတော့ လူတွေမှာလည်း ကျွန်စိတ်မကုန်သေးဘူးလို့ ရိုးစွပ်ရမလိုဖြစ်ပြန်တယ်။
အခုလို ထင်းရူးပုံးဖင်ခုထိုင်ပြီး ကားလိပ်နောက်ကပြန်ထွက်လာတိုင်း ဘုရင်ဖြစ်လိုက်၊ စစ်သူကြီးဖြစ်လိုက်၊ အမတ်ချုပ်ကြီးဖြစ်လိုက်၊ ဘုရားအလောင်းတော်ဖြစ်လိုက်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာကို မျက်ဝါးထင်ထင်တွေ့နေရပြန်တယ်။ လူဟာ အရှက်အကြောက်တရားကင်းကွာသွားရင် မလုပ်ရဲတာ ဘာမှမရှိတော့ဘူးဆိုတာ အမှန်ပဲ။ ဒါကြောင့် မြန်မာစကားမှာ ယိုသူမရှက် မြင်သူရှက်ဆိုတဲ့စကားရှိခဲ့တာပေါ့။ လုပ်သူကမရှက်တော့ရင်တောင် ဒါကို မြင်တဲ့သူတွေက ရှက်တတ်ရမယ်။ ဒါမျိုးကိုလက်ခံဖို့ ကိုယ့်ကိုယ်ကိုယ် ရှက်ကြရမယ်။ ဒီလိုအရူးမျိုးတွေရဲ့ဇာတ်သိမ်းဟာ ဘယ်လိုမျိုးလဲဆိုတာ သက်သေပြခြင်းဖြင့်သာ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းတဲ့ လူ့အဖွဲ့အစည်းတခုကို တည်ဆောက်နိုင်ကြပါလိမ့်မယ်။
Be the first to comment